ရေးသူ -ပြင်စည်မင်းသားကြီး
အဆို – မစိမ်းစိမ်း
သီချင်းအမိုးအစား – ပုဂံထိပ်ထားဘုန်းတော်ဘွဲ့ပတ်ပျိုး
အတီး – စောင်းဦးဘသန်း၊ ဆိုင်းစိန်ဗိုလ်တင့်
(သိင်္ဂါရွှေရောင်၊ ထိန်ဝါဝေပြောင်နန်း၊ ဆောင်ဆောင်ခန်း၊ မန်းဘုံဘွေ၊ ဝင်းဝေလျှံ၊ စံတည်ရာဖဲငယ်လို၊ သဲငွေပြန့်၊ ဖဲရွှေညံ့ပိန်း)၂။ (စိမ်းရောင်စို၊ တောင်ညိုမြမှိုင်း၊ သီတာခွေလို့ ရေပတ်လည်ဝိုင်း)၂။ (တိုင်းသာဘုံခန်း၊ ဆန်းထွေလာ၊ စိန်ကြောင်နီလာ ဖလ်ပြာခဲ၊ သန္တာဆွဲတဲ့ ပုလဲသွယ်၊ လနှယ်နေလို၊ ဝင်းလို့ဆန်း)၂။ (နတ်ကယ်စံအိမ်၊ တွေးဘွယ်ချိန်၊ ဝတိန်ဘုံစံ၊ ဘုန်းရှင့်နန်း) ၂။ (သနားဘွယ် ရွေလယ်သောင်းရံ)၂။ သာလွန်ကျူးလို့ (ပျော်မြူးစံ)၂။ (ရွှေကံတိုးလို့၊ ဖြိုးဝေဝေ၊ သပြေဒီပါ။ ဘုန်းဖြန့်မြန်း)၂။ (စုံလမ်း၊ ငုံလျှမ်း၊ ဒုမ္မာပန်း)၂။ ဘုံကြာခန်းက၊ နန်းကြာသူ ပြာဖြူဝါရွှေ၊ ဝင်းလို့ညီး။ ၂။ (ထီးကျွန်တော်ခံ၊ ညာစံရှင့်ဘိုး၊ တိုင်းရွှေပြည်သာလှ၊ ညာခမိုး) ၂။ (ဒီပါသောင်းယံ၊ စံနန်းရိုး)၃။ ။
သီချင်းစာသားပါထည့်သွင်းပေးဖို့ တောင်းဆိုလို့ ကြိုးစားပြီးသီချင်းစာသားပါတင်ပေးလိုက်ပါတယ်။ ဒီသီချင်းစာသားက နိုင်ငံတော်မူက ယူထားတာပါ။ အဆိုနဲ့ အနည်းငယ်ကွဲပြား နိုင်ပါတယ်။
ဒီသီချင်းကိုဂီတဝိသောဓနီမှာ ပြင်စည်မင်းသားရေးသော ပုဂံထိပ်ထားဘုန်းတော်ဘွဲ့ပတ်ပျိုးကလေးလို့ခေါင်းစဉ်တပ်ထားပါတယ်။ သဗ္ဗဂီတက္ကမပကာသနီကျမ်းမှာက ရေးသူအမည်မဖော်ပြပဲ ရာသီဘွဲ့ပတ်ပျိုးဟုသာဆိုတယ်။ ဂီတလင်္ကာရဒီပနီမှာပြင်စည်မင်းသားရေးသည့် ဘုန်းတော်ဘွဲ့ပတ်ပျိုးကလေးလို့ ပြောထားတယ်။ ဒါပေမယ့် ထူးထူးခြားခြား စာရေးဆရာမကြီး ဒဂုန်ခင်ခင်လေးက သူရေးတဲ့ ‘ကျွန်းဦးတည့်သံလျက်ခုံ’ စာအုပ်မှာ အနောက်နန်းမိဘုရား မမြကလေး ရေးတယ်လို့ ဖော်ပြထားတယ်။ ပုသိမ်ဒေါ်တင်တင်က သူ့ရဲ့ ‘ဂီတသုတေသနစာတမ်း’ မှာလည်း မမြကလေးရေးတယ်လို့ပဲ ဆိုထားတယ်။ပြီးတော့ပုဂံမင်းသမီးဆိုတာလဲ ဘယ်သူလဲမသိဘူး။ ကုန်းဘောင်ခေတ်မှာ ထင်ရှားတဲ့ပုဂံမင်းသမီးတွေကတော့ သာယာဝတီမင်းရဲ့ညီမတော် ပုဂံမင်းသမီး နဲ့ ပုဂံမင်းရဲ့မိဘုရားကြီး သူဒို့တွေတော့ရှိတယ်။ ဘယ်သူ့ဘုန်းတော်ဘွဲ့လဲတော့ မသိဘူး။ ဒါကတော့ဂီတပညာရှင်တွေ၊ သမိုင်းပညာရှင်တွေ အဖြေရှာရမယ့်ကိစ္စပါ။ ကျွန်တော်တို့ကတော့ နားအရသာခံတဲ့ အလုပ်ပဲကြိုက်တယ်။ ဒီသီချင်းရဲ့အဆိုရှင် မစိမ်းစိမ်း ကိုအခုခေတ်လူငယ်တွေ မသိလောက်တော့ဘူး။ ရွှေမန်းဆီသို့ သီချင်းရဲ့မူရင်းအဆိုရှင် ဆိုရင်တော့ ရေးတေးတေးသိနိုင်မှာပါ။
သိင်္ဂါရွှေရောင်(4shared)
သိင်္ဂါရွှေရောင်(mediafire)

ပုဂံထိပ်ထားဘုန်းတော်ဘွဲ့ပတ်ပျိုး
(ပြင်စည်မင်းသား)

No comments:
Post a Comment
Note: Only a member of this blog may post a comment.