Tuesday, August 20, 2013

ဆရာကြီးဒဂုံတာရာ....

 
  ငြိမ်းချမ်းရေးမဟာတာရာ ကြွေလွင့်ခြင်း
-------------------
ရေးသားသူ- ဥက္ကာကိုကို

ကျည်ဆန်ခြုံ၍မလုံ... မေတ္တာခြုံမှ လုံလိမ့်မည်ဆိုသည့် ငြိမ်းချမ်းရေး ကြယ်မဟာဖြစ်သော ကဗျာဆရာကြီး၊ စာရေးဆရာကြီး သခင်ဌေးမြိုင် (ခေါ်) ဒဂုန်တာရာသည် အသက် (၉၅)နှစ်အရွယ်၊ ၂
၀၁၃ သြဂုတ် ၁၉ ရက် တွင် မငြိမ်းချမ်းသည့်ကမ္ဘာကြီးကို ငြိမ်းချမ်းစွာပင် စွန့်ခွာသွားခဲ့လေပြီ။

“ဌေးမြိုင်ကတော့ ငါ့ကိုအရိုင်းတဲ့ကွာ။ ငါအဲဒီလောက်လည်း မရိုင်းသေးပါဘူး”ဟု ဗိုလ်ချုပ်အောင်ဆန်းက အပါးတော်မြဲဗိုလ်ထွန်းလှဘက်သို့လှည့်၍ ခပ်ပြုံးပြုံးပြောလိုက်သည်။
အောင်ဆန်း (သို့မဟုတ်) အရိုင်းဟု ခေါင်းစဉ်တပ်၍ ရုပ်ပုံလွှာစာအုပ်တွင် ရေးသားခဲ့သည့် ဆောင်းပါးကိုဖတ်ရှုပြီးပြောခြင်းဖြစ်သည်။
ထိုဆောင်းပါးကို ရေးသားခဲ့သူ ကိုဌေးမြိုင်၏ ကလောင်အမည်က ဒဂုန်တာရာ။

ကျွန်တော်က သူ့ကို အရိုင်းဟု ၀ိသေသပြုခြင်းမှာ ဟန်ဆောင်ခြင်းမရှိဘဲ သူခံစားသည့်အတိုင်း ရိုးရိုးဘွင်းဘွင်းပြောတတ်သော သူ၏စရိုက်သဘာဝကို ပေါ်လွင်ထင်ရှားစေလို၍သာဖြစ်သည်ဟု ဒဂုန်တာရာက ပြန်လည်ဖြေရှင်းပြခဲ့သည်။

ဆရာကြီးဒဂုန်တာရာသည် ခေတ်သစ်စာပေကို ရဲရဲဝံ့ဝံ့ဖောက်ထွက်ခဲ့သူ စာပေသူရဲကောင်းတစ်ဦးဖြစ်သည်။


“ပင်လယ်ဝသို့ လှေကလေးနဲ့ ထွက်ခဲ့တယ်”ဟု ကာရန်မပါသည့်ကဗျာကို ဆရာဒဂုန်တာရာက ရေးခဲ့သည်။ ထိုစဉ်က ဝေဖန်သံတို့သည် ခေတ်သစ်စာပေလောကအတွက် ဆည်းလည်းသံများ ဖြစ်ခဲ့သည်။ ဆရာဒဂုန်တာရာသည် ငြိမ်းချမ်းရေးလုပ်ငန်းများ နှင့် မွေ့လျော်သော ကဗျာဆရာကြီးတစ်ဦးလည်းဖြစ်ပါသည်။

ထိုငြိမ်းချမ်းရေးကဗျာဆရာကြီးက “နိုင်ငံငြိမ်းချမ်းရေးအတွက် ညီညွတ်ရေးတည်ဆောက်ရန်လိုသည်”ဟု ပြောခဲ့သည်။ ပြည်သူများအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် နိုးနိုးကြားကြားဆောင်ရွက်ကြရန် လိုအပ်နေပြီဖြစ်ကြောင်း သူက ပန်ကြားခဲ့သည်။

“ကျည်ဆန်ခြုံ၍ မလုံ၊ မေတ္တာခြုံမှ လုံလိမ့်မည်”ဟု ၂၀၁၁ခုနှစ် သြဂုတ် ၈ရက်နေ့က အောင်ပန်းမြို့မှတစ်ဆင့် ငြိမ်းချမ်းရေးပန်ကြားချက်ထုတ်ပြန်ခဲ့သည့် ဆရာကြီးဒဂုန်တာရာသည် အသက် ၉၄နှစ် အရွယ်၊ သြဂုတ်လ ၁၉ရက်၊ နေ့ လယ် ၁နာရီ ၁၅မိနစ်တွင် အောင်ပန်းမြို့မှာပင် လူကြီးရောဂါဖြင့် ဘ၀တစ်ပါးသို့ ကူးပြောင်းသွားခဲ့ပါပြီ။

မိုးကုပ်ကုပ်ဝယ်
အို ရုတ်တရက်၊ မျဉ်းဖြူစက်၍
ကွဲအက်ကြောင်းရာ
ဟ ..ဟ လာပြီး
မိုးပြာကိုဖြတ်၊ ပတ္တမြားရည်
စီးလည်အဟုန်၊ နီမြန်းကုန်သည်
အရုဏ်ပေါ်စ ၀ိုးတ၀ါး။
မှုန်မွှားမွှားလျှင်
ဝိုးဝါးတိတ်ဆိတ်၊
ကြယ်ရောင်ရိပ်ဝယ်
မြစ်ဆိပ်နှင့်လည်း၊
မနီးမဝေးချောင်းရိုးဘေးမှ
ဖြေးဖြေးညင်းညင်း
လှေတစ်စင်းထက်
တောတွင်းသားပျို
ဖျင်လက်တိုနှင့်၊ ကိုယ်ကိုဝပ်၍
စိုက်စိုက်ရွေ့သည်၊
ခြောက်သွေ့ မြက်ထုံးကောက်ရိုးဖုံးလျက်၊
ကွယ်ပုန်းဝှက်လာ
ယူကာလက်ထောက်၊ အလျား မှောက်သည်
လှေအောက်ဝမ်းမှ စက်သေနတ်။
(ဒဂုန်တာရာ/မတ်လတော်လှန်ရေးကဗျာမှ)


ဒဂုန်တာရာဟုဖြစ်လာမည့် ဦးဌေးမြိုင်ကို ၁၉၁၉ခုနှစ်၊ မေ ၁၀ ရက်တွင် ဦးဘအုန်း၊ ဒေါ်ဖွားရှင်တို့မှ ထိုခေတ်က ဒေးဒရဲမြို့နယ်အပိုင်၊ ကျိုက်လတ်မြို့နယ်အနီးရှိ ထိုင်ကူမြစ်တန်းကျေးရွာ၌ မွေးဖွားခဲ့သည်။ ရန်ကုန်မြို့ ၇ လမ်းရှိ အောင်ဇေယျမင်္ဂလာ မြန်မာစာသင်ကျောင်း၊ ကျိုက်လတ်အမျိုးသားကျောင်း၊ ရန်ကုန်ရေကျော်မက်သဒစ်ကျောင်းတို့တွင် ပညာသင်ကြားပြီး ၁၉၃၇ ခုနှစ်တွင် ဆယ်တန်းအောင်မြင်ခဲ့၍ ၁၉၃၇ မှ ၁၉၄၀ အထိ ရန်ကုန်တက္ကသိုလ် ကျောင်းသားအဖြစ် ဆက်လက်သင်ကြားခဲ့သည်။

ထိုစဉ်က နိုင်ငံအရေး၊ ကျောင်းသားအရေး လှုပ်ရှားမှုများတွင် ဆရာဒဂုန်တာရာသည် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ၏ ရေနံမြေစည်းရုံးရေးကိုယ်စားလှယ်၊ တကသအမှုဆောင်၊ အိုးဝေမဂ္ဂဇင်း အယ်ဒီတာ စသည့်တာဝန်များကို ထမ်းဆောင်ခဲ့သည်။

ဒဂုန်တာရာသည် ၁၉၃၄ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် တက္ကသိုလ်သိပံ္ပမဂ္ဂဇင်းတွင် “မှုံပြာရီ” ၀တ္တုကို စတင်ရေးသားပြီး စာပေနယ်ထဲသို့ဝင်ရောက်ခဲ့သည်။ ထိုစဉ်က သူ၏ကလောင်နာမည်မှာ မြိုင်သဇင်ဖြစ်ပြီး နောက်ပိုင်းမှ ဒဂုန်တာရာကလောင်အမည်ကို စတင်သုံးစွဲခဲ့သည်။ သူ၏ ကလောင်အမည်များမှာ မြိုင်သဇင်၊ မောင်နန်းနွယ်၊ စောထွတ်၊ ဦးတိုး၊ မောင်းလင်ထက်၊ ဗညားသီဟ၊ ဦး ဒဂုန်တို့ဖြစ်ကြသည်။

တာရာမဂ္ဂဇင်းကို ၁၉၄၆ ခုနှစ်ကုန်ပိုင်းတွင် ထုတ်ဝေခဲ့ပြီး စာပေသစ်မဂ္ဂဇင်းကိုလည်း ထုတ်ဝေခဲ့သည်။ ဂန္တ၀င်ဂျာနယ် အယ်ဒီတာအလုပ်ကိုလည်း တစ်ပြိုင်နက်ဆောင်ရွက်ခဲ့သည်။
ဆရာကြီးဒဂုန်တာရာ ရေးသားပြုစုခဲ့သော စာအုပ်များအနက် “မေ” ၀တ္တုမှာ နာမည်အကျော်ကြားဆုံး ဖြစ်သည်။ အဆိုပါ မေ ၀တ္တုကို ၁၉၄၇ ခုနှစ်တွင် ထုတ်ဝေခဲ့ခြင်းဖြစ်သည်။

ဒဂုန်တာရာ၏ ဒဂုန်တာရာ၊ ဒဂုန်တာရာ ၀တ္တုတိုပေါင်းချုပ်၊ ဖျတ်ခနဲတွေ့ရသော ရုပ်ပုံလွှာများ၊ ကြာပန်းရေစင် ၊ သဇင်သင်းပြန်တော့၊ မေ၊ ဂန္ဓာလရာဇ်ရုပ်ပုံလွှာ၊ ပန်းနုရောင်နှစ်ကာလများ (မိုးဝေစာပေမဂ္ဂဇင်း)၊ ဗညားသီဟစာပေ စစ်တမ်း(သံလွင်စာပေ)၊ ဒို့ခေတ်ကိုတော့ ရောက်ရမည်မှာမလွဲပါ (မြေလတ်သားစာပေ) စသည့် စာအုပ်များသည် နာမည်ကျော်ကြားခဲ့သည်။
သူသည် စပယ်ဦးဟူသည့် ၀တ္တုတိုပေါင်းချုပ်ဖြင့် ၁၉၆၁ ခုနှစ်အတွက် စာပေဗိမာန် ၀တ္တုတိုပေါင်းချုပ်ဆုကိုရရှိခဲ့ ပြီး ၂၀၀၁ ခုနှစ်ပခုက္ကူ ဦးအုန်းဖေ တစ်သက်တာစာပေဆုပိုင်ရှင်လည်းဖြစ်သည်။


ဆရာကြီးသည် ကမ္ဘာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို တစ်စိုက်မတ်မတ်ဆောင်ရွက်ခဲ့သဖြင့် ထင်ရှားကျော်ကြားခဲ့သည်။ တရုတ်-မြန်မာမိတ်ဆွေဖြစ် အသင်းချုပ်အမှုဆောင်၊ မြန်မာ- ဆိုဗီယက် ယဉ်ကျေးမှုနှင့် မိတ်ဆွေဖြစ် အသင်းချုပ်အမှုဆောင်၊ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် (မြန်မာ)၏ အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ကဗျာဆရာသမဂ္ဂဥက္ကဋ္ဌ၊ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက်(မြန်မာ)၏ အမြဲတမ်းကော်မတီဒုတိယဥက္ကဋ္ဌ တာဝန်များကိုလည်း ထမ်းဆောင်ခဲ့သည်။
၁၉၅၃ခုနှစ်တွင် သြစတြေးလျနိုင်ငံ၌ ကျင်းပသည့် ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီသို့လည်း တက်ရောက်ခဲ့သူဖြစ်သည်။

သူသည် ငြိမ်းချမ်းရေးနှင့် စာပေအရေးတို့ကို တက်ကြွစွာ ဆောင်ရွက်ခဲ့သည်။ ရန်သူမရှိ၊ မိတ်ဆွေသာရှိသည်ဟူသည့်မူကို အသက်ထက်ဆုံး လက်ကိုင်ထားခဲ့သည်။ ပြည်တွင်းငြိမ်းချမ်းရေးအတွက်လည်း အမြဲတစ်စေ ဆုမွန်တောင်းပေးနေခဲ့သည်။

ကွယ်လွန်သူစာရေးဆရာကြီး ဗန်းမော်တင်အောင်နှင့် အရင်းနှီးဆုံး ဆရာကြီးဒဂုန်တာရာသည် သေသည်အထိ လူပျိုကြီးအဖြစ် နေထိုင်သွားခဲ့သည်။ ကွယ်လွန်ချိန်၌ စာပေလောက၏ အသက်အကြီးဆုံး စာရေးဆရာကြီးတစ်ဦးလည်း ဖြစ်သကဲ့သို့ ငြိမ်းချမ်းရေးပြယုဂ်တစ်ခုလည်း ဖြစ်သည်။

ဆရာကြီးဒဂုန်တာရာသည် လူသူကင်းဝေး၊ ရှုပ်ရှုပ်ထွေးထွေး၊ နိုင်ငံအရေးတို့မှ မျက်ကွယ်ရာတွင် တိတ်ဆိတ်စွာနေလိုသည့်ဆန္ဒ ရှိဟန်တူသည်။ မြန်မာ့ နိုင်ငံရေးဖြစ်စဉ်တစ်လျှောက်လုံး တစ်ထောင့်တစ်နေရာမှ ပါဝင်လာခဲ့ပြီး ယခုလက်ရှိ နိုင်ငံ့အရေးကိစ္စများ ရှုပ်ထွေးပွေလီနေချိန်တွင် ကျန်းမာရေးမကောင်းမွန်တော့သည့် ဆရာကြီးသည် ရှမ်းပြည်နယ် အောင်ပန်းမြို့ကလေး၌ အေးချမ်းစွာ နားနေခဲ့သည်။
ငါတစ်မူကား
မည်သူကမျှ၊ အမိန့်မချ
မိမိဆန္ဒဖြင့်၊ မြို့ပြမှခွာ
မဲဇာသို့ သွားနေလိုက်သည်
(ဒဂုန်တာရာ/မိမိကိုယ်ကို မဲဇာသို့ပို့ခြင်းကဗျာမှ)

မြန်မာ့သမိုင်းစဉ် တစ်လျှောက်တွင် ထင်ရှားကျော်ကြားသူများအကြောင်းကို သူထိတွေ့မိသမျှ ရေးသားခြယ်မှုန်းခဲ့သည့် ရုပ်ပုံလွှာဆောင်းပါးများသည် စာဖတ်သူတို့ နှလုံးသားတွင် စွဲလမ်းစေခဲ့သည်။ ယနေ့ လူလတ်ပိုင်း စာဖတ်ပရိသတ်အထိ ဒဂုန်တာရာ၏ မေ၀တ္ထုကို စွဲလမ်းနှစ်သက်ကြဆဲဖြစ်သည်။

ဆရာကြီးဒဂုန်တာရာသည် အသက် ၉၅ နှစ်အရွယ် ၂၀၁၃ သြဂုတ် ၁၉ ရက် နေ့လယ် ၁ နာရီ ၁၅ မိနစ် အချိန်တွင် ရှမ်းပြည်နယ် အောင်ပန်းမြို့၌ ချစ်ခင်သူတို့ကို နှုတ်ဆက်ခဲ့ပါပြီ။
“အောင်ပန်းမှာ ဆေးရုံတင်ထားပြီး ဒီနေ့မနက်က သက်သာလာလို့ ပြန်ဆင်းလာတယ်။ ပြီးမှ နေ့လယ်မှာ ဆုံးသွားပါတယ်။ အုတ်ဂူသေးသေးလေးတစ်လုံးဆောက်မယ်။ သုသာန်မှာ မဟုတ်ပါဘူး။ မျက်စိဆေးရုံဆောက်ဖို့ ၀ယ်ထားတဲ့မြေနေရာမှာ လုပ်မှာပါ”ဟု ဆရာကြီး၏ အိမ်သားတစ်ဦးက သြဂုတ် ၁၉ ရက် ညနေပိုင်းက ပြောပြသည်။


သြဂုတ်လသည် အနုပညာငွေကြယ်ပွင့်ကြီးများကို တစ်ပွင့်ချင်းဆွဲဖြုတ်သွားခဲ့သည်။ ပန်းချီ မြိတ်ဝင်းထိန်၊ မောင်ဝံသ၊ မင်းလူ၊ မျိုးမြင့်လေး စသည့်ကြယ်ပွင့်တို့ ကြွေလွင့်ခြင်းအပေါ် ၀မ်းနည်းမကုန်သေးခင်မှာပင် နောက်ထပ် အစားထိုးမရနိုင်သည့် ငြိမ်းချမ်းရေးငွေကြယ်ပွင့်ကြီးကို ထပ်မံ ကြွေလွင့်စေခဲ့သည်။

“မြန်မာပြည်အတွက် နောက်ထပ်ကြယ်တစ်ပွင့် လွင့်သွားပြန်ပြီ။ ကြွေတယ်ဆိုတာ ပွင့်ခြင်းဆိုရင် နောက်ထပ် ထောင်စုနှစ်တွေအထိ ကောင်းကင်ယံမှာ ဒဂုန်တာရာနာမည်နဲ့ ကြယ်တစ်ပွင့် ထွန်းလင်းပွင့်သစ်နေဦးမယ်ဆိုတာ ယုံကြည်ပါတယ်”ဟု ကဗျာဆရာလူပအောင်က ၀မ်းနည်းစကားဆိုသည်။

လူငယ်ကဗျာဆရာတစ်ဦးဖြစ်သည့် ဘလော့ဂ်ဂါကဗျာဆရာမိုးလှိုင်ညကလည်း “တစ်သက်တာပတ်လုံး ငြိမ်းချမ်းရေးနဲ့ ကဗျာအတွက် တစ်စိုက်မတ်မတ် ရပ်တည်သွားတဲ့ဆရာကြီးကို လေးစားအားကျပြီး အမြဲအမှတ်ရနေမှာပါ။ ဆရာက သမိုင်းခေတ်တွေကို ထဲထဲဝင်ဝင်ဖြတ်သန်းခဲ့သလို မြန်မာစာပေနဲ့ လူ့ဘောင်သမိုင်းမှာလည်း နက်နက်ရှိုင်းရှိုင်း ကျန်ရစ်ခဲ့ပါပြီ”ဟု ဆိုသည်။

စာရေးဆရာမင်းဒင်ကတော့ ဆရာကြီးကွယ်လွန်ခြင်းနှင့်ပတ်သက်၍ အောက်ပါအတိုင်း ပြောပါသည်။

“ဆရာကြီးဒဂုန်တာရာ ကွယ်လွန်ခြင်းကြောင့် ၀မ်းနည်းကြေကွဲတဲ့သူတွေ အတော်များပါတယ်။ ကျွန်တော်ကတော့ တန်ဖိုးကြီးမားလှတဲ့ သူ့ဘ၀သူ့သမိုင်းကို သူမသေခင်မှာ ဘယ်နှယောက်ကများ တိကျခိုင်မာစွာ မှတ်တမ်းပြုထားနိုင်ခဲ့ပါလိမ့်ဆိုတာကို နှမြောစိတ်နဲ့ တွေးမိတယ်”

စာပေပညာရှင်ကြီး၊ ကဗျာဆရာကြီးသည် မငြိမ်းချမ်းသေးသော ကမ္ဘာကြီးကို စွန့်ခွာလျက် ပင်လယ်ဝဆီသို့ လှေကလေးနှင့်ငြိမ်းချမ်းစွာ ထွက်ခွာသွားခဲ့ပြီဖြစ်ပါသည်။

ငြိမ်းချမ်းရေးအတွက် အကောင်းမျှော်ပြောခဲ့သည့်ဆရာ့စကားက “ဗိုလ်သိန်းစိန်ပြောသလို ကောင်းမွန်တဲ့အစိုးရ၊ သန့်ရှင်းတဲ့အစိုးရဖြစ်ရင် ငြိမ်းချမ်းရေး ရကိုရမယ်”

အေးချမ်းမွန် Credit To > 7Day News Journal < Thanks
Re-posted By ACM 20-8-2013 
https://www.facebook.com/photo.php?fbid=501112676646937&set=a.329330483825158.78075.322396224518584&type=1 
"မေ"
ဝတ္ထုဖန်ဆင်းရှင် = ဒဂုန်တာရာ
သီချင်းဖန်ဆင်းရှင် = အလွမ်းသီချင်းရေးတဲ့မောင်ကျော်ဇော
တီး = စန္ဒရား တင် ဝင်း လှိုင်
ဆို = ခင် ညွန့် ရည်
http://db.tt/8xTXPwVd
note = မ ကြွေလုသေးသမျှ ပန်းလေးဘဝမှာတော့
လေနုအေးက တနွဲ့နွဲ့ နော့နေဆဲကို...မေ.....

"မတ်လ တော်လှန်ရေး(or)နှင်းယွန်းဂိမှာန်"
ရေး = ဒဂုန်တာရာ
တီး = စန္ဒရားတင် ဝင်း လှိုင်
ဆို = ခင် ညွန့် ရည်
http://db.tt/AdL81tbY
နှင်းယွန်းတော့မည်
ဖျော့ဖျော့က လေး မြူဝတ်မှေးလည်း
နှင်းနှင့်သက်ဆင်း နှင်းအကြွင်းတို့
ဖြည်းညင်း သာသာ ကျလေပြီ.....
မြိုင်ကျေးငှက်တို့ ရွတက်ခုန်ပျံ
သိုက်မြုံယံမှ တေးသံကျူးရင့်
ဂါထာဆင့်၍ ဖွင့်ဟသီချင်း
ညင်းလေပြီ
တသွင် သွင် လျင် ရေယဉ်စမ်းချောင်း
မြစ် ရိုးချောင်းလည်း ပျံ့လှောင်းစိမ်းဖန့်
ရော်ရွက်နံ့လည်း
နံ့နံ့လေး နှောလေပြီ.....
နီရဲရဲလျင် ပေါက်လဲပွင့်ငုံ
သရက်ထုံ၍ အစုံရောဖက်
နီသစ် ရွက်တို့ နီလျက်နီကာ
မြန်းလေပြီ
ဒီချိန်ရောက်တိုင်း မြေ အောက်စမ်းဝှက်
သိုလက်နက်ဖြင့် ချိန်းချက်ထကြွ
ခုခံကြသည့် ဖော်ပြသဏ္ဍန်
ကြေးမုံမှန်လျင်
တော် လှန် ရေး ၏ နိ မိတ် တည်း........
(ဒဂုန်တာရာ သို့ အ မှတ် တ ရ အ လွမ်း.....)
 




ဒဂုန်တာရာ ရဲ့ အသုဘ မီးသင်္ဂြိုလ် တဲ့အခမ်းအနားကို ကျုပ်ရောက်အောင်သွားခဲ့တယ် ကျုပ်အတွက်တော့ ဒီခရီးဟာ အောင်ပန်းမြို့ကို နောက်ဆုံးသွားတဲ့ခရီးများဖြစ်နေမလားဆိုပြီး ပတ်ဝန်းကျင် ရှုမျှော်ခင်းတွေကိုပါ တမေ့တမော ခံစားရင်း သွားဖြစ်တယ်ဆိုပါတော့ ...။

သေတာတောင် မျက်မှန်ကြီးတပ်ထားတဲ့ ဒဂုန်တာရာ ကို ပါးစပ်ပေါက်ကြီး ဟ လျက် တန်းလန်းနဲ့ တွေ့ရတယ်။ ကျုပ်အကြာကြီး စိုက်ကြည့်မိတယ်။ သူတစ်ခုခုများ ပြောချင်နေသေးတာလား ဆိုတဲ့စိတ်နဲ့ စူးစမ်းပေမယ့် ဘာမှလည်း မပြောနိုင်တော့တဲ့ သူ့ ရုပ်အလောင်းကို ကြည့်ရင်း စိတ်မကောင်းရုံကလွဲလို့ ဘာမှလည်း မတတ်နိုင်ခဲ့ဘူး။

ငြိမ်းချမ်းရေး ကွန်ယက်တွေကလည်း ပန်းခြင်းတွေပို့ပြီး ဂါရ၀ ပြုကြတယ်။ ဂျာနယ် လို မီဒီယာအချို့ကလည်း ပန်းခြင်းတွေနဲ့ ဂါရ၀ ပြုကြတာတွေ့တယ်။ ဂျင်မီ တို့ နီလာသိန်းတို့ လည်း တွေ့တယ် .. သူတို့လည်း ပန်းခြင်းယူလာတယ်။

ကျုပ်အနေနဲ့ သောက်ရူးလို့သတ်မှတ်ထားတဲ့ နှစ်ကောင်လည်းလာတယ်။ တစ်ကောင်က ရာဇာနေ၀င်း ... အသုဘ ပို့မလို့လာတာတောင်မှ သူ့ပုဆိုးကို တံဆိပ်မခွာ နိုင်ရှာဘူး ... ရုပ်ရှင်ရိုက်နေတယ်များ မှတ်နေသလားမသိ။

နောက်တစ်ကောင်က မိုးသီးဇွန် ... ဘယ်နေရာမှာ လူစုံမလဲ အမြဲချောင်းနေပြီး သောက်ကျင့်ကဘယ်တော့မှပျောက်မှာမဟုတ်တဲ့ ပေါ်ပြူလာ ဖြစ်ချင်စိတ်ကိုရင်ထဲအပြည့်ထည့်ပြီး ဒဂုန်တာရာရဲ့ အလောင်းကို ရန်ကုန်ကိုသယ်မလို့တဲ့။ တော်သေးရဲ့ သက်ကြီး နိုင်ငံကျော်ကဗျာဆရာကြီးတွေ အနီးအနားရှိနေလို့သာပဲ။ မိုးသီးက ရုပ်တင် မူမမှန်တာမဟုတ်ဘူး အသံကလည်း နွဲ့ချင်တယ်။ စိတ်ဓါတ်ကတော့ လူတိုင်းသိပြီးသားမို့ မပြောတော့ဘူး။

အင်း .... သေတဲ့သူလည်း သေပြီပဲ ကျုပ်လည်း သိပ်အကုသိုလ်မပွားချင်တာနဲ့ စိတ်ထဲကပေါ်လာသမျှ သတိလေးထားပြီး အကုသိုလ်ကို ထိန်းချုပ်ရင်း ကျန်တာအားလုံး မမြင်ချင်ယောင်ပဲ ဆောင်လိုက်ပါတော့တယ်။ ဒဂုန်တာရာရဲ့ အရိုးပြာကို ဗိမ္မာန် ဆောက်ပြီး အမှတ်တရ လုပ်ဖို့ စီစဉ်နေကြတယ်။

ငြိမ်းချမ်းရေးပဲ ပြောလေ့ရှိတဲ့ ဒဂုန်တာရာကို ငြိမ်းချမ်းရေးပဲ ရချင်နေတဲ့ ကျုပ် နောက်ဆုံးသွားနှုတ်ဆက်တဲ့သဘောပါ။ သူက သိပ်ချမ်းသာခဲ့တယ် ကျောင်းတက်ရင်း အဆောင်နေတာတောင်မှ သူများတွေ မယ်ဒလင် တို့ ဘင်ဂျိုတို့လောက်တီးတဲ့အချိန် သူ့အိမ်က စန္ဒယားကြီးကို အဆောင်အထိသယ်လာပြီး တီးတဲ့သူ ... ဖျင်ပင်နီ တိုက်ပုံကိုတောင်မှ သမဂ္ဂလှုပ်ရှားမှု မှာ မှတ်မှတ်ရရ ၀တ်ဖူးတဲ့သူ .... ပန်းနုရောင်တွေ သိပ်ကြိုက်တဲ့သူ .. အမြင်အာရုံ အတော်အားနည်းရှာသူ ... လုပ်နိုင်တာ နည်းလို့ ငြိမ်းချမ်းရေးဆိုတဲ့ သူလုပ်နိုင်မယ် ထင်တဲ့အပိုင်းကို ရွေးချယ်ခဲ့သူ ... ဘာပဲဖြစ်ဖြစ် သူ့ဘ၀ကို ခြံနဲ့ဝန်းနဲ့ အပင်တွေ နှင်းဆီခင်းတွေကြားထဲက အိမ်တစ်လုံးမှာ ကဗျာဆန်ဆန် နိဂုံးချုပ်လိမ့်မယ်လို့တွေးထင်မိတဲ့ ကျုပ်လည်း အတော်မှားခဲ့တယ် .... ။


အိမ်ရှေ့ က တိုင်လေးတိုင် တာလပတ်မိုးအောက်က မှန်ခေါင်းထဲမှာတော့ ပျိုလွင်တဲ့ နှင်းဆီ တစ်ပွင့်က လှဲလျောင်းလို့ပေါ့ ... ။ အိမ်ပေါ်ထပ် လှေကားတက်တက်ချင်းတွေ့ရမှာကတော့ နှင်းဆီ ၀ိဥာဉ် ထွက်ခွာသွားပြီဖြစ်တဲ့ ပန်းရောင်နှင်းဆီပျိုလေး ကိန်းဝတ်ခဲ့ရာ ခန္ဓာဟောင်းကြီးပေါ့ ... အဲဒီခန္ဓာဟောင်းကြီးကို မျက်မှန်တပ်ရက် တန်းလန်းနဲ့ ဇာဖြူဖြူအောက်မှာ တွေ့နိုင်ပါတယ်။ ဆုံးပြီလို့ ကြားကြားချင်းက လိုပဲ တစ်ချက်လောက် လှိုက်ကနဲ ဖြစ်မိပါသေးတယ်။

သူ့အသုဘ အခမ်းအနားကတော့ လူစည်ပါတယ် ... အောင်ပန်းမြို့ခံတွေလည်း လှိုက်လှိုက်လှဲလှဲရှိကြပါတယ်။ ဒဂုန်တာရာကို သိပ်မသိတဲ့ (ကျုပ်အထင်) ဆယ်ကျော်သက်လူငယ်တွေလည်း ဟေမာနေ၀င်းတို့ မောင်နှမတွေ လာလို့လားတော့မသိဘူး အသုဘ မချခင်တစ်ရက်အလိုမှာတင်ကတည်းက လမ်းပိတ်လုနီး စည်ကားအောင် လာခဲ့ကြတယ်။ ယဉ်ထိန်းရဲ ၊ ပြည်သူ့ရဲ စသည်ဖြင့် တာဝန်ရှိသူတွေကလည်း စီစဉ်ပေးကြတာတွေ့တယ်။

ကျန်တာတွေ မျက်ကွယ်ပြုတော့မယ်ကွယ် ... သူက နူးညံ့တဲ့ ပန်းရောင် ကမ္ဘာသစ်ကို ထွက်ခွာသွားခဲ့ပါပြီ .... ကျုပ်တို့လည်း ကမ္ဘာသစ်ကို စိတ်ကူးယဉ်ရင်း လက်ရှိကမ္ဘာကို ပိုငြိမ်းချမ်းအောင်လုပ်ကြရဦးမယ် ... ကိုယ့်တာဝန်ကိုယ်ယူရင်း ဖဘ မှာတွင် အဆုံးမသတ်ဘဲ ပြင်ပကမ္ဘာမှာလည်း အကျိုးပြုနိုင်ကြပါစေ ....။

အောင်ကြီး

Wednesday, August 14, 2013

ဆရာမင်းလူ(၁၉၅၄-၂၀၁၃)




kolatt (Pabedan): 15.8.2013


 “ဆရာမင်းလူ(၁၉၅၄-၂၀၁၃)”

kolatt (Pabedan): 15.8.2013

မင်းလူကို စာရေးဆရာ ရုပ်ရှင် ဒါရိုက်တာ ဦးသာဓု၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်ညို တို့မှ ရန်ကုန်မြို့ အမှတ် (၁၄၇) (၄၇)လမ်းတွင် မေ ၁၈ ရက်နေ့ ၁၉၅၄ ခုနှစ်၌ မွေးဖွားခဲ့သည်။ မွေးချင်းလေးယောက်အနက် အငယ်ဆုံး ဖြစ်သည်။ အမည်ရင်းမှာ မောင်ဉာဏ်ပေါ် ဖြစ်သည်။

၁၉၅၉ ခုနှစ်မှ ၁၉၆၈ ခုနှစ် အထိ စိန်ပေါ အထက်တန်းကျောင်း (ယခု အ.ထ.က(၆)ဗိုလ်တထောင်) ၌ ပညာ သင်ကြား ခဲ့သည်။ ၁၉၆၈ မှ ၁၉၇၂ အထိ အထက(၁) သင်္ကန်းကျွန်း ကျောင်းသို့ ပြောင်းရွှေ့ ပညာသင်ကြားခဲ့ပြီး အခြေခံပညာ အထက်တန်း အောင်မြင် ခဲ့သည်။ ကျောင်းသား ဘဝတွင် စာပေ ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ အတွင်းရေးမှူးနှင့် သိပ္ပံပညာ အသင်း တွဲဖက် အတွင်းရေးမှူး အဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၇၂ ခုနှစ်မှ ၁၉၇၇ ခုနှစ်ထိ ရန်ကုန် တက္ကသိုလ်တွင် တက်ရောက် သင်ကြားပြီး ဝိဇ္ဇာဘွဲ့ (ဒဿနိကဗေဒ) ကို ရရှိခဲ့သည်။ တက္ကသိုလ် နံရံကပ် စာစောင်နှင့် နှစ်ပတ်လည် မဂ္ဂဇင်း တို့တွင် တောကျောင်း ဘုန်းကြီး အမည်ဖြင့် ကဗျာများ ရေးသား ခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် ရုပ်ရှင် ပဒေသာ မဂ္ဂဇင်း၌ ဝတ္ထုတို စတင် ဖော်ပြခံပြီး စာပေနယ်သို့ ဝင်ရောက်ခဲ့သည်။

 ကျောင်းတက်ရင်း စာအုပ် ထုတ်ဝေရေး လုပ်ငန်း လေ့လာ လုပ်ကိုင်ခဲ့သည်။ မစန်းစန်းအောင် (တက္ကသိုလ် စာကြည့်တိုက် ဝန်ထမ်း) နှင့် ၁၉၈၁ ခုနှစ်တွင် လက်ထပ်ခဲ့ရာ သမီး နှစ်ဦး ထွန်းကားခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် ဗီဒီယိုနှင့် ရုပ်ရှင် ဇာတ်ညွှန်းများ စတင် ရေးသား ခဲ့သည်။
ယခုအခါ မိသားစုနှင့် အတူ သင်္ကန်းကျွန်း သာဓုခြံရှိ မိခင်၏ နေအိမ်တွင် နေထိုင်ရင်း ဝတ္ထု၊ ကဗျာ၊ အက်ဆေး၊ ဇာတ်ညွှန်းများ ရေးသားလျက် ရှိသည်။ 

ထုတ်ဝေပြီး စာအုပ်များကို ရုပ်ရှင် ဇာတ်ညွှန်း များစွာ ရိုက်ကူးခြင်း ခံခဲ့ရပြီး အများစုကို ကိုယ်တိုင် ဇာတ်ညွှန်း ရေးခဲ့သည်။၂၀၁၃သြဂုတ်၁၄ညပိုင်းတွင်
ဝိတိုရိယ ဆေးရုံး၌ကွယ်လွန်အနိစ္စရောက်သည်။

(ပုံမှာ"ပန်းကျောင်း"အရှင်သခင် ဆရာမင်းလူရဲ့ ပုံရိပ်ဟောင်းလေးဖြစ်ပြီးဆရာ့သမီးဖြစ်သူ
ဆရာမYu Ya ထံမှ တစ်ဆင့်“မင်းလူ၏ ၀တ္တုတိုများ”ဖေ့ဘုတ်မှတောင်းဆို ကူးယူ၍ ဖော်ပြထားသော
ပုံအားထပ်ဆင့်ဖေါ်ပြခြင်းဖြစ်ပါသည်။)

Popular Myanmar


 မင်းလူကို စာရေးဆရာ ရုပ်ရှင် ဒါရိုက်တာ ဦးသာဓု၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်ညို တို့မှ ရန်ကုန်မြို့ အမှတ် (၁၄၇) (၄၇)လမ်းတွင် မေ ၁၈ ရက်နေ့ ၁၉၅၄ ခုနှစ်၌ မွေးဖွားခဲ့သည်။ မွေးချင်းလေးယောက်အနက် အငယ်ဆုံး ဖြစ်သည်။ အမည်ရင်းမှာ မောင်ဉာဏ်ပေါ် ဖြစ်သည်။

၁၉၅၉ ခုနှစ်မှ ၁၉၆၈ ခုနှစ် အထိ စိန်ပေါ အထက်တန်းကျောင်း (ယခု အ.ထ.က(၆)ဗိုလ်တထောင်) ၌ ပညာ သင်ကြား ခဲ့သည်။ ၁၉၆၈ မှ ၁၉၇၂ အထိ အထက(၁) သင်္ကန်းကျွန်း ကျောင်းသို့ ပြောင်းရွှေ့ ပညာသင်ကြားခဲ့ပြီး အခြေခံပညာ အထက်တန်း အောင်မြင် ခဲ့သည်။ ကျောင်းသား ဘဝတွင် စာပေ ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ အတွင်းရေးမှူးနှင့် သိပ္ပံပညာ အသင်း တွဲဖက် အတွင်းရေးမှူး အဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၇၂ ခုနှစ်မှ ၁၉၇၇ ခုနှစ်ထိ ရန်ကုန် တက္ကသိုလ်တွင် တက်ရောက် သင်ကြားပြီး ဝိဇ္ဇာဘွဲ့ (ဒဿနိကဗေဒ) ကို ရရှိခဲ့သည်။ တက္ကသိုလ် နံရံကပ် စာစောင်နှင့် နှစ်ပတ်လည် မဂ္ဂဇင်း တို့တွင် တောကျောင်း ဘုန်းကြီး အမည်ဖြင့် ကဗျာများ ရေးသား ခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် ရုပ်ရှင် ပဒေသာ မဂ္ဂဇင်း၌ ဝတ္ထုတို စတင် ဖော်ပြခံပြီး စာပေနယ်သို့ ဝင်ရောက်ခဲ့သည်။

ကျောင်းတက်ရင်း စာအုပ် ထုတ်ဝေရေး လုပ်ငန်း လေ့လာ လုပ်ကိုင်ခဲ့သည်။ မစန်းစန်းအောင် (တက္ကသိုလ် စာကြည့်တိုက် ဝန်ထမ်း) နှင့် ၁၉၈၁ ခုနှစ်တွင် လက်ထပ်ခဲ့ရာ သမီး နှစ်ဦး ထွန်းကားခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် ဗီဒီယိုနှင့် ရုပ်ရှင် ဇာတ်ညွှန်းများ စတင် ရေးသား ခဲ့သည်။
ယခုအခါ မိသားစုနှင့် အတူ သင်္ကန်းကျွန်း သာဓုခြံရှိ မိခင်၏ နေအိမ်တွင် နေထိုင်ရင်း ဝတ္ထု၊ ကဗျာ၊ အက်ဆေး၊ ဇာတ်ညွှန်းများ ရေးသားလျက် ရှိသည်။

ထုတ်ဝေပြီး စာအုပ်များကို ရုပ်ရှင် ဇာတ်ညွှန်း များစွာ ရိုက်ကူးခြင်း ခံခဲ့ရပြီး အများစုကို ကိုယ်တိုင် ဇာတ်ညွှန်း ရေးခဲ့သည်။၂၀၁၃သြဂုတ်၁၄ညပိုင်းတွင်
ဝိတိုရိယ ဆေးရုံး၌ကွယ်လွန်အနိစ္စရောက်သည်။

(ပုံမှာ"ပန်းကျောင်း"အရှင်သခင် ဆရာမင်းလူရဲ့ ပုံရိပ်ဟောင်းလေးဖြစ်ပြီးဆရာ့သမီးဖြစ်သူ
ဆရာမYu Ya ထံမှ တစ်ဆင့်“မင်းလူ၏ ၀တ္တုတိုများ”ဖေ့ဘုတ်မှတောင်းဆို ကူးယူ၍ ဖော်ပြထားသော
ပုံအားထပ်ဆင့်ဖေါ်ပြခြင်းဖြစ်ပါသည်။)

Popular Myanmar

https://www.facebook.com/photo.php?fbid=374175002685994&set=a.272371722866323.42351.100002804923586&type=1&theater 

သူ့ကိုထောင်ကျစေတဲ့ကဗျာလေးးး

"ဘာတွေဖြစ်ကုန်ကြပြီလဲ"
(၁)

အော်…… ဒုက္ခ ဒုက္ခ
သူတို့ကြီးစိုးတဲ့ခေတ်မှာ
အာဇာနည်ဖြစ်ရတာ
မစားသာပါလားနော်။
တနှစ်တခါ
ဝတ်ကျေတန်းကျေ အလေးပြုခံရ
ဥက္ကဌ ကြီး၏ လမ်းညွှန်မှုဖြင့်လို့
တလျှောက်လုံးအော်ခဲ့ပြီး
မအောင်မြင်ပဲကျဆုံးတော့မှ
ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်ခဲ့တာပါလို့
လက်ညှိုးထိုး တရားခံ လုပ်ခံရ၏
သမီးအရင်းရင်း ခေါက်ခေါက်တောင်
လွတ်လွတ်လပ်လပ် ပန်းခွေချခွင့် မရ။

(၂)

ရွှေတိဂုံစေတီတော် ၀တ္တကမြေထဲမှာ
ကျူးကျော်ဆောက်လုပ်ထားလို့ဆိုပြီး
အာဇာနည်ဗိမာန်ကို
လှိုင်သာယာ ပို့မပစ်တာပဲ
ကျေးဇူးတင်ရမလိုလို
တိုင်းပြည်ကို ချစ်သောတပ်မတော်
မျိုးချစ်စိတ်ရှိသောတပ်မတော်
ပြည်သူကိုကာကွယ်ခဲ့သောတပ်မတော်
ဗမာပြည်ကိုကယ်တင်ခဲ့သောတပ်မတော်
သောက်ကျိုးနဲတော်တဲ့တပ်မတော်
လူတိုင်းပါးစပ်ဖျားက “ တော်တော် ” လို့
မြည်နေတဲ့တပ်မတော်
အိမ်ယာမဲ့တွေကို
ရေမီးအစုံနဲ့
ပြည်လည်နေရာချထားပေးတာကိုပဲကြည့်
ဟုတ်တယ်လေ
မိုးတွင်းမှာရေကြီးတယ်
နွေမှာမီးလောင်တယ်
ဒါကရေမီးအစုံမဟုတ်ဘူးလား

(၃)

ဒီမိုကရေစီအရေးလှုပ်ရှားတဲ့
သံဃာတော်တွေကို သင်္ဃန်းဝတ်တွေတဲ့
ဘောင်းဘီဝတ်တွေကစွပ်စွဲတာလေ
ပြီးတော့သူတို့ပဲ
ဝါဆိုသင်္ဃန်းနဲ့ လာဘ်ထိုးတာ
နားမလည်နိုင်စရာ။
စစ်ကိုမုန်းလို့စစ်တိုက်နေရတာပါတဲ့
ပုံပြောကောင်းတဲ့ ပုဂ္ဂိုလ်ကြီးရဲ့စကား
ကြားဖူးပါတယ်အောက်မေ့နေ
လက်စသတ်တော့
စတားဝါး စီမံကိန်းကို
ကာကွယ်ပြောကြားသွားတဲ့
အမေရိကန် သမ္မတစကားနဲ့
သွားတူနေတာပါကလား
“ ရေဂင် ” အလုံးက
သူ့ပါးစပ်ထဲရောက်နေတာကိုး။
သတင်းစာဆရာကြီးများတဲ့အတိုင်း
မိမိတို့အနေဖြင့်
ဟ၀ှာပြုလျှင် ဟ၀ှာပြုမည်ဖြစ်ကြေင်း
ဟ၀ှာမပြုလျှင် ဟ၀ှာမပြုမည်ဖြစ်ကြောင်း
ထို့ကြောင့်
ဟ၀ှာပြုစေလိုကြောင်း…..
သတင်း(အချိန်ကုန်) ထုတ်ပြန်ရေးအဖွဲ့ရဲ့
ရှင်းလင်းချက်ပေါ့
ရှင်းပါတယ်နော်။

(၄)
ဟိုတယောက်လေ
တွေ့တဲ့လူကိုနေကောင်းလားမေးတဲ့လူ
ဟိုလက်ညှိုးထိုး ဒီလက်ညှိုးထိုး
ဘာမှလည်းနားမလည်ဘဲနဲ့
အဲဒါပေါ့
လက်ညှိုးညွှန်ရာဒုက္ခဖြစ်တယ်ဆိုတာ
လာပါပြီ…. လာပါပြီ….
နိုင်ငံတော်ပန်းခြံတည်ဆောက်ရေးအဖွဲ့
ဥက္ကဌတဲ့…..

(၅)

သူ့ရဲ့ အနှစ်ဆုံးဝါသနာက
မိန့်ခွန်းပြောခြင်းပါတဲ့
“ ကိုယ်မပြောချင်ဘူး
ဒါပေမယ့်ပြောသင့်တာတော့ပြောမယ်
အဲဒါကဘာလဲဆိုရင်
ကိုယ်မပြောချင်ဘူး ဆိုတာပဲ ” တဲ့
မှတ်သားလောက်ပါပေရဲ့
“ ကိုယ်တို့အစိုးရဟာ တရားဝင်အစိုးရ
ကမ္ဘာကအသိအမှတ်ပြုထားတဲ့အစိုးရတဲ့
ဟုတ်ကဲ့
ကမ္ဘာမှာ အရှက်အနည်းဆုံးအစိုးရလို့
တညီတညွတ်ထဲ အသိအမှတ်ပြုကြပါသတဲ့
တိတိကျကျ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်
လုပ်ဆိုတဲ့အထဲမှာ
အခြေခံဥပဒေနဲ့
အာဏာလွှဲပြောင်းရေးတော့မပါဘူးတဲ့
အခြေခံဥပဒေဆိုတာ
မာရှယ်လောဥပဒေလို
ချက်ချင်းထုတ်လို့ရတာမဟုတ်ဘူးတဲ့
အာဏာလွှဲတယ်ဆိုတာ
အာဏာသိမ်းသလို
ပြီးစလွယ် လုပ်လို့မရဘူးတဲ့

(၆)

ဒါပေမယ့်
လွှဲမှာပါ.. လွှဲမှာပါ..
ပုခက်လွှဲသလို လွှဲမှာပါ
ဒေါက်တာမောင်မောင် စာအုပ်ဖတ်ကြည့်
ဆရာမောင်မောင်ရဲ့ စာအုပ်ကိုကြည့်တဲ့
တခါလာလဲ ဒေါက်တာမောင်မောင်
တခါလာလဲ ဒေါက်တာမောင်မောင်
စာအုပ်ကြော်ငြာပေးတာလား
ဒါဆိုဒီလိုလုပ်လေ
ဆရာမောင်မောင်ရဲ့စာအုပ်တအုပ်ဝယ်ရင်
ဆရာမောင်ဆေးနီမှုန့်တထုပ်
လက်ဆောင်ပေးမယ်ဆိုရင် မကောင်းဘူးလား
သိပ်ရောင်းကောင်းမယ်နော်။
ဒါနဲ့နေစမ်းပါအုံး
မိန့်ခွန်းပြောရင် ဘာဖြစ်လို့ရယ်တာလဲဟင်
သွားကြီးဖြဲဖြဲပြတာ ကြောက်စရာကြီး
ရှေးက ကဗျာတပုဒ်ထဲက
စာကြောင်းတကြောင်း သတိရမိတယ်
“ ဘီလူးသွားကို လဖြဲ ” တည်းတဲ့
နိဂုံးချုပ်အားဖြင့်ပြောရရင်
တပ်မတော်ရဲ့
လက်ငင်းတာဝန်ကြီး သုံးရပ်ကတော့
“ ဒို့အဖေကြီးမို့ကာကွယ်မလေ
ဒို့အဖေကြီးမို့ကာကွယ်မလေ
ဒို့အဖေကြီးမို့ကာကွယ်မလေ ”
အလိုဗျာ…. ဘာတွေဖြစ်ကုန်ကြပြီလဲ… …..

မင်းလူ(၁၉၈၉)

ဆရာမင်းလူရေးခဲ့သောစာအုတ်များးး


၁၉၇၇
► ပန်းကျောင်း (ပထမဆုံးလုံးချင်းဝတ္ထု)

၁၉၇၈
► အချစ်လားဟေ့ ဝင်ခဲ့လေကွယ် (ကဗျာစာအုပ်)
► သာဓု အင် ဆန်း(စ်) (ဖခင် ဦးသာဓု၊ အစ်ကိုများဖြစ်သော မောင်ဝဏ္ဏ၊ သုမောင်တို့နှင့် တွဲဖက်၍ ထုတ်ခဲ့သောစာအုပ်)

၁၉၇၉
► ချစ်သော ပန်းကလေး
► ကဗျာစာအုပ်များကို သူငယ်ချင်းကဗျာဆရာများနှင့် တွဲဖက်၍ ထုတ်ခဲ့။

၁၉၈၀
► အမုန်းအလိုမရှိ

၁၉၈၁
► အချစ်သည် သက်တော်ရာကျော် ရှည်ပါစေသတည်း
► ငှက်ကလေး....

၁၉၈၂
► နှစ်ကိုယ်ခွဲ

၁၉၈၃
► သံယောဇဉ်အဖွဲ့
► မိညီမ

၁၉၈၄
► လွမ်းရအောင်

၁၉၈၅
► ကျွန်တော် ကျွန်မတို့သည်
► အချစ် အလွမ်း စွန့်စားခန်း

၁၉၈၆
► သူကလည်း သူ ကျွန်တော်ကလည်း ကျွန်တော်
► မင်းမဆိုးပါဘူး
► သူတို့ ပျော်ကြလေပြီ
► ခုနစ်စဉ်အလွမ်း

၁၉၈၇
► ချစ်မှာလားကွယ် ကြိုက်မှာလားကွယ် မေးစမ်းပါရစေ တိုးတိုးတိတ်တိတ်ရယ်
► သုံးနားညီ
► ရယ်စရာ မောစရာ

၁၉၈၈
► ရင်ခုန်သူများ

၁၉၈၉
► ရင်ထဲက ဆောင်းရာသီ
► ဖော်ကွာဝေး

၁၉၉၀
► ဘာမှမတတ်နိုင်ဘူး
► သူငယ်ချင်း တစ်ယောက်အကြောင်း

၁၉၉၄
► အချစ်ရူးကြီး ရူးတော့သည်

၁၉၉၅
► လမ်းဖြတ်ကူးသော ဝတ္ထုတိုများ
► လွန်လေပြီးသော နှလုံးသား (မဂ္ဂဇင်း ဝတ္ထုရှည်များ)

၁၉၉၆
► ငိုအားနှင့် ရယ်အား
► အချစ်သက်သက် ဝတ္ထုတိုများ
► အတွေ့လေးရယ်မှ အိုအကြုံ

၁၉၉၇
► ရင်မောခြင်းနှင့် ရယ်မောခြင်း
► ဦးမင်းလူကောင်းမှု (ကဗျာစာအုပ်)

၁၉၉၉
► ပြောတိုင်းယုံတဲ့ ပုတ်သင်ညို
► ယမကာလုလင်
► ရယ်မောခြင်း လက်ရွေးစင်

၂၀၀၀
► အခြား ဝတ္ထုတိုများ
► ရေတမာ
► အမည်မဖော်လိုသူ အချစ်

၂၀၀၁
► စာပေလေလံပွဲ
► အက်ဆေးချစ်သူ

၂၀၀၂
► ကံ့ကော်နီ
► သဘာဝကျကျ ဟာသရသ
► ဂန္ထ၀င်အိပ်မက်
► ၀တ္ထုတို စ-ဆုံး
► သူ့ဆံပင်နှင်းဆီပွင့်တွေနဲ့

၂၀၀၃
► အသပြာလုလင်
► ခေါင်းလောင်းထိုးသောဝတ္ထုတိုများ
► အများနှင့်မသက်ဆိုင်သောသူ

၂၀၀၄
► အချစ်နှင့်ဘောလုံး
► နှုတ်ခမ်း၏ထောင့်စွန်းများ
► ချစ်မြားရှင်အစ ချစ်မြားရှင်အဆုံး

၂၀၀၅
► ၀တ္ထုဖြစ်စေသတည်း
► အော်ဆွေး
► လက်နဲ့ရေးတဲ့စာ

၂၀၀၆
► စာပေကယ်ရီကေးချား
► အချစ်ဟု အဓိပ္ပာယ်သက်ရောက်ခြင်းမရှိစေရ

၂၀၀၇
► ရယ်မောခြင်းအပိုင်းအစများ
► အလွမ်းသစ်
► နှလုံးသား ၃၈၀/၅၄

၂၀၀၉
► ခိုးခိုးခစ်ခစ်

၂၀၁၀
► အောင်ဘာလေ

၂၀၁၁
► မျောက်လက်
► ပြန်ခေါ်သက်သေ

၂၀၁၂
► မင်းလူဝတ္ထုတိုပေါင်းချုပ် (၁၉၇၆-၂၀၀၅)


------------------------

(Credit >>> ဆရာမင်းလူ၏"မင်းလူဝတ္ထုတိုပေါင်းချုပ် (၁၉၇၆-၂၀၀၅)" စာအုပ်တွင်
ပါဝင်သော "မင်းလူ၏ ဘ၀နှင့်စာပေမှတ်တမ်း"မှ တစ်ဆင့်ကူးယူ ဖော်ပြပါသည်)

http://www.facebook.com/pages/မင်းလူ-၀တ္တုတိုများ/239107629526297