Sunday, December 2, 2012

မန်းတောင်လကျာ်

ဒီတခါတော့ထူးထူးခြားခြားလေး နားအရသာခံစားဖို့ မန္တလေးမြို့ဘွဲ့ မန်းတောင်လကျာ်ယိုးဒယားသီချင်းကို တင်ပေးလိုက်ပါတယ်။ နာမည်ကြီးအဆိုတော်ကြီး ၃ ဦး အပြင် စောင်းဦးဘသန်းရဲ့လက်စွမ်းပြတီးကွက် ကလေးပါတွဲပြီး တင်ပေးလိုက်ပါတယ်။ ဒီသီချင်းက ဘယ်သူစပ်ခဲ့သလဲဆိုတာ မဟာဂီတစာအုပ်တွေမှာ မဖော်ပြထားဘူး။ သီချင်းစာသားအရ မန္တလေးရတနာပုံ မင်းတုန်းမင်းလက်ထပ်လောက် ဖြစ်လိမ့်မယ်။ ဒီသီချင်းက မဟာဂီတလေ့လာလိုက်စားသူတွေ နှစ်နှစ်ခြိုက်ခြိုက် တမြတ်တနိုး သီဆိုတီးခတ်တဲ့ သီချင်းတပုဒ်ပါ။ ဆိုလို့ကောင်း တီးလို့ကောင်း နားထောင်လို့လဲကောင်းပါတယ်။

မန်းတောင်လကျာ်

မန္တလေးမြို့ဘွဲ့ယိုးဒယား

မန်းတောင်လကျာ်၊ ဘုန်းနေလ၊ နှုန်းလေတေဇာဝေဖြာ၊ ဝင်းထိန်လို့ဝါ၊ (များစွာဗိုလ်ခြေဝေနေပေါင်း)၂။ ကောင်းအောင်ခု၊ ကောင်းအောင်ခု၊ ဗုဒ္ဓင်လောင်းမို့၊ မြို့နန်းတည်ထောင်။ (မင်းမြတ်နောင် ကုန်းဘောင်နေညွန့်သွေး)၂။ (ဒီပါမြေပေါ် ကျော်နှံ့ရေး)၂။ ဘုန်းတော်ဟုန် ခြောက်ဘုံနတ်ရွာ လွန်ပျံ့မွှေးလို့၊ ဘေးတော်မြေးမှန်၊ (ထီးရာစံ နက်သန်ခိုခရေး)၂။ ရွှေဘုံတော် နေလာဝေဖြာ၊ မန်းလကျာ် နက်ရွာသို့အေး။

(ဒုမ္မာလေ ဒုမ္မာကြိုင်ပျံ့၊ မွှေးတယ်မွှေးတယ်လေး၊ နန္ဒာကန်သာရေမြ၊ အေးတယ်အေးတယ် အေးတယ်လေး)၂။ (ဟိုရှေးလေ ရာဇဂြိုဟ်ပြည်လို၊ စည်ဗဟိုရ်တော်က ဟိန်းတာမို့)၂။ ဘေးရန်ခပ်သိမ်းလေတွေတို့၊ ဘေးရန်ခပ်သိမ်းလေတွေတို့၊ ငြိမ်းလေငြိမ်းလေပါလှ၊ ငြိမ်းလေ ငြိမ်းလေပါလှ၊ ကြာတံဆိပ်နဲ့ဗျာဒိတ်တော်လာ၊ မိန့်ခွန်းလေ ခွန်းလေချိုမြသား။

ယဉ်ဧရာ ပတ်ခါဝိုင်းသည်၊ တိုင်းလေးဌာနီ၊ ရွှေပြည်ရွှေဘုံနန်း၊ ရေယဉ်သွယ်ဖြာ၊ ဆန်းလာမောက်ဖြိုး ရွာသည်မိုး၊ ဘုန်းတန်ခိုးကြောင့် ရွှေမိုးငွေမိုးရွာ၊ ဆင်ဖြူရတနာ ဆက်မည်ခုရောက်လာ၊ အိုလေဘုန်းတေဇာ၊ နေနှုန်းဖြာ၊ (နန္ဒာရေဝန်းရံခ၊ ပတ်လည်သာ ရွှေမန်းတောင်တော်သာ)၂။ (အို-ဆန်းပါဘိ မြို့နန်းဝတိံသာ)၂။ (မြန်ချာ ဖန်လာနေညွန့်မှာ)၂။ ဘုန်းလေမြတ်ဝေဆာ၊ (အိုလေ စံကာမြန်းသည်၊ မန်းလေးရွှေပြည်၊ တိုင်းလေးဌာနီ)၂။ (ပုံမဝေးဘု ရောက်လုပါပြီ၊ မြတ်နောင်ညီ သာကီနေသို့ထွန်း)၂၊။ (ရွှန်းရွှန်းဝေ၊ ထွန်းတက်နေ ကျက်သရေ ငွေလစန်း)၂။ သေလာတောင်ရွှေမန်း၊ ဆန်းလေ့ဆန်းစုံစွာ၊ ဝေယံနက်နန်းပုံသို့ပါ၊  (နန္ဒာရေဝန်းရံခ၊ ပတ်လည်သာ ရွှေမန်းတောင်တော်သာ)၂။ (အို-ဆန်းပါဘိ မြို့နန်းဝတိံသာ)၂။ (မြန်ချာ ဖန်လာနေညွန့်မှာ)၂။ ဘုန်းလေမြတ်ဝေဆာ၊ (အိုလေ စံကာမြန်းသည်၊ မန်းလေးရွှေပြည်၊ တိုင်းလေးဌာနီ)၂။ ပုံမဝေးဘု ရောက်လုပါပြီ၊ မြတ်နောင်ညီ သာကီနေသို့ထွန်း။       ။

မန်းတောင်လကျာ် (တင်တင်မြ)4shared

မန်းတောင်လကျာ် (တင်တင်မြ)mediafire

မန်းတောင်လကျာ် (မစိမ်းစိမ်း)4shared

မန်းတောင်လကျာ် (မစိမ်းစိမ်း)mediafire

မန်းတောင်လကျာ် (ရီရီသန့်)4shared

မန်းတောင်လကျာ် (ရီရီသန့်)mediafire

မန်းတောင်လကျာ် (စောင်းဦးဘသန်း)4shared

မန်းတောင်လကျာ် (စောင်းဦးဘသန်း)mediafire

No comments:

Post a Comment

Note: Only a member of this blog may post a comment.