Sunday, December 2, 2012

မဲဇာတောင်ခြေတစ်ဆင်စာ

ဒီတခါတော့ မဲဇာတောင်ခြေ တစ်ဆင်စာကိုတင်ပေးလိုက်ပါတယ်။ မဲဇာတောင်ခြေပတ်ပျိုး၊ ခွန်းထောက်၊ ဘောလယ်၊ ရတု တေးထပ် တို့စီကာစဉ်ကာ ပါဝင်ပါတယ်။ ဒါကြောင့် စိန်တစ်ဆင်စာ၊ မြတစ်ဆင်စာ ဆိုသလို အခုလဲ မဲဇာတောင်ခြေတစ်ဆင်စာ ပေါ့ဗျာ။



လက်ဝဲသုန္ဒရအမတ်ကြီးရေးတဲ့ မဲဇာတောင်ခြေရတုကို လူတိုင်းသိကြမယ်ထင်ပါတယ်။ ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မင်းနန်းတက်စ မဲဇာအပို့ခံရပြီး ဤရတုကိုရေးသားခဲ့ပါတယ်။ ဒီနာမည်ကျော်ရတုကို နောင်အဆက်ဆက် စိတ်ဝင်စားခဲ့ပြီး မင်းတုန်းမင်းလက်ထပ် သဘင်ဝန်ဖြစ်သူ စာရေးတော်ကြီး ဦးမောင်ကလေးက အမတ်ကြီး၏ဘဝကို စာနာသောစိတ်နဲ့ မဲဇာတောင်ခြေအစချီ ပတ်ပျိုးသီချင်းတစ်ပုဒ်ကိုရေးခဲ့တယ်။ခွန်းထောက်ကတော့ အဝေးရောက်မင်းဦးအောင်ကြီး လက်ရာလို့ပြောကြပါတယ်။ ကျန်တာတွေတော့ဘယ်သူစပ်လဲ မသိပါဘူး။

ဒီပတ်ပျိုးကလေးက ဆို၍ကောင်း၊ တီး၍ကောင်းလို့ နောက်လူတို့ နှစ်နှစ်သက်သက်ဆိုတီး ကြတယ်။ အခုဒီမှာတော့ အေဝမ်းတင်တင်လှနဲ့စိန်စိန်မြိုင် တို့သီဆိုပြီး စောင်းဦးဘသန်းနဲ့စိန်ဗိုတင့်ဆိုင်းဝိုင်း တို့ကတီးပေးထားပါတယ်။

စာရေးတော်ကြီးဦးမောင်ကလေးရေးသော မဲဇာတောင်ခြေ ပတ်ပျိုးကလေး

(ဂီတဝိသောဓနီမူ)

မဲဇာတောင်ခြေ။ စီးထွေထွေ။   ။ရစ်သန်းသီတာရေ။    ။ ပန်းမြိုင်ဗွေမှာလေ။    ။ဆန်းထွေသည်က။  ရွှေပြည်တော်နန်းဆီသို့တ။   ။ ဘိုးတော်ပဝရ။ တော်ဇငဲ့ညွန့်လူ။ တည်ထားအဆူဆူ။   ။ ဇမ္ဗူဆီမီး ခြောက်ရောင်ရှင်။ ကူကြီးလေ ကူကြီးမြတ်ထွဋ်တင်။   ။ ရွှေလင်းပင်ခြင်္သေ့ဖျား။ ထွေထွေ လျှပ်နှယ်သား။  ။သည်ကားစေတီ။ သည်ဆီရွှေနန်း။   ။ ရည်ရော်စိတ်ကမှန်း။   ။ နန်းရွှေပြည်ကွာဝေးလို့။ ဆွေးဗျာထုနှောင်။  ။ ပွဲခါညောင်ရေစင်သုံး။ မြတ်ဖျားကူတော်တောင်က။ ရီမှောင်လွန်ပိတ်ဖုံး။  ။ နှင်းငွေရည် အံ့မဆုံး။ မိုဃ်းပေါက်ကရှုံး။  ။ တိမ်တိမ်ခြေဖုံးပါလို့။ အုံးခြိမ့်ခြိမ့်မှောင်။   ။တည့်မွန်းနေခြည်ဖြာမှ နွေးတယ်လေ။ ကွေးလုံတတ်ပေါင်။  ။သဲသာသောင်မြေဝေးမှာ။ လွမ်းဘော်မဲ့ဆွေး။  ။မြောက်လေပြေ ဆော်သွေးတယ်။ ချမ်းတုန်လို့ဧ။    ။(သဖြန်)။   ။လေသွေးရာချီ။ ရွှေဖီကမွှေး။   ။ဝတ်ပန်းငုံခိုင်နှင့်။ မဲဇာမြိုင်-ဂနိုင်အုပ်မှာ။ ရွှေဘုတ်ကကြွေး။

မဲဇာတောင်ခြေ ခွန်းထောက်

(အဝေးရောက်မင်းဦးအောင်ကြီး)

မဲဇာချောင်၊ တောင်ခြေကလွမ်းပါရ၊ ပွဲခါညောင်ရေ၊ သွန်းချိန်မို့၊ သဲသာသောင်မြေကျွန်းရယ်က၊ ခွေပတ်လည်။ ရော်လို့သာရမ်းပါရ၊ တမ်းတကာ တဖိုဖိုနှင့် ၊ ပြည်ရွှေဘိုအောင်ဌာနဆီသို့၊ မြတ်ဘိုးတော်စေတီယတို့ကို၊ ဦးချစိတ်ရည်။ လေပြေလာတုန်ကာအေးတာမို့၊ နေခြည်ဖြာခြုံလွှာနှင့် ထွေးပါရ၊ ဆွေးသပဖြေမဆည်

ရေကြည်ကြည်ကျ သွင်သွင်မစဲ။ ဆီးနှင်းငယ်ထန် ၊ မိုးလောက်ပင်ပုံသဏ္ဌာန်မို့၊ မှုန်ပြာလျှံတောင်ယံထဲမှာ၊ မှိုင်းရီလို့မဲ။

မဲဇာတောင်ခြေ ဘောလယ်

(အမည်မသိစာဆို)

မဲဇာတောင်ခြေ၊ စီးထွေထွေမြစ်ကယ်က၊ ငြီးငွေ့အောင်ဖြစ်စေဖို့၊ ခွေပတ်ရစ်လည်၊ စံတော်မြို့ ဘယ်သို့ဘယ်ဆီ၊ စံတော်မြို့ ဘယ်သို့ဘယ်ဆီ၊ မျော်ရီ ရမ်းတယ်လေး၊ မှန်းသိတတ်ပြီ။   ။ကျက်သရေတက်နေ မဆုံးနိုင်ဘု၊ ကုန်း မော့မော့ဆီ၊ မြတ်ဘိုးတော်ထောင်တည်တဲ့၊ ရွှေစေတီကြီး၊ ဇမ္ဗူဆီမီးနဲ့ ကူကြီးသခင်၊ ရွှေလင်းပင်နှင့် ရွှေခြင်္သေ့ကိုလေး၊ တွေးဆလို့ရည်။   ။ သည်ဆီရွှေမြို့ကိုတဲ့ သည်သို့စေတီ၊ စိတ်ကသာရည်လို့၊ သည်ဆီရွှေနန်း၊ တယောင်ရမ်းပါလို့၊ မှန်းဆရောင်၊ မဲဇာဆိုရွှေလီချောင်က၊ မိုးဖြူရောင်ဝိုင်းတယ်လေး၊ သိုင်းအုံဖွဲ့နှောင်။ သဲ သာသောင်မြေ၊ မြစ်ကမ်းခြေစွန်းဆီက၊ ရေယဉ်ပတ်ဝန်းပါလို့၊ တကျွန်းလောက်ထင်၊ တွေးဆ ဝေးလှလိုအင်၊ တမျော်ရမ်းတယ်လေး၊ မှန်းသိတတ်ပြီ။   ။ မဲဇာရပ်သူ၊ ဆုယူညွှန်းပါလို့၊ ညောင်ရေတော်သွန်းချိန်မို့၊ လွမ်းမျော်မိပြန်၊ ဆီးနှင်းပေါက်မိုးလောက်ပြင်းထန်၊ ရွာမယ်ဟန်တင်းတယ်လေး၊ ညင်းလေ ကပြန်။

မဲဇာတောင်ခြေ ရတု

(လက်ဝဲသုန္ဒရ)

မဲဇာတောင်ခြေ၊ ဆီးထွေထွေတည့်၊ မြစ်ရေဝန်းလည်၊ မြိုင်တောဆီက၊ ရွှေပြည်ကိုသာ၊ တရှာတော့မိ၊ မိုးရှိရှိလျှင်၊ သီရိကျက်သရေ၊ တက်ဖြိုးဝေသား၊ အောင်မြေကြော့ကြော့၊ ကုန်းမော့မော့နှင့်၊ ဘိုးတော်ကောင်းမှု၊ တည်ထားပြုသည်၊ ဇမ္ဗူဆီမီး၊ ခြောက်ရောင်ညီးမျှ၊ ကူကြီးသခင်၊ ရွှေလင်းပင်နှင့်၊ ရွှေခြင်္သေ့မြွေ၊ စ၍ရေသော်၊ ရွှေစေတီကြီး၊အသီးသီးတည့်၊ ပိတ်ဆီးခြယ်သန်း၊ လျှပ်ရောင်တန်းမျှ၊ ရွှေနန်းရွှေဘုံ၊ အလုံးစုံကို၊ အာရုံမျက်မြင်၊ ဖူးမျှော်ချင်၍၊ သည်တွင်ရွှေမြို့၊ သည်သို့စေတီ၊ သည်ဆီရွှေနန်း၊ ဖြောင့်တန်းတော့မည်၊ စိတ်ကရည်သည်၊ ရွှေပြည်ဌာနဝေးသောကြောင့်။

မဲဇာတောင်ခြေ တေးထပ်

(အမည်မသိ)

မဲဇာချောင်၊ နည်းဓလေ့ငယ်သို့၊ ဆီးထွေ့ထွေ့ရေယဉ်၊ ညီးငွေ့ငွေ့ နေမရွှင်တယ်၊ ရွှေဘဝင်မအေး၊ မှိုင်းညို့ညို့ နေရီညိုနေ၊ ရွှေပြည်ကိုတမ်းတ၍ဆွေး။    ။ ဘိုးတော်မြတ် တောင်းဆုမျော်သည်၊ ကောင်းမှုတော်ပကဲ၊ ကြောင်းဆုသော်အတွေးနဲ့၊ ဟိုရှေးကမြင်တယ်၊ သည်မှာနော် သိမ်ဘုရားရယ်လို့၊ ချိန်ဆ၍ ဖူးရတော့တယ်။ သို့ကလောက် ဝေးနယ်ခွင်မှာ၊ ဆွေးဘွယ်အင် ဗျာပါခတာမို့၊ ဌာနကိုပြန်ပို့စေ၊ စောလျက်သူနေ့အရေး၊ အမိနဲ့ကလေးတွေရယ်၊ မွေးဖေကိုမြင်စမ်းလှည့်လေး။ ။

Download links

မဲဇာတောင်ခြေပတ်ပျိုး (4shared)

မဲဇာတောင်ခြေပတ်ပျိုး (mediafire)


မဲဇာတောင်ခြေခွန်းထောက်နှင့်ဘောလယ် (4shared)

မဲဇာတောင်ခြေခွန်းထောက်နှင့်ဘောလယ် (mediafire)

မဲဇာတောင်ခြေရတုနှင့်တေးထပ် (4shared)

မဲဇာတောင်ခြေရတုနှင့်တေးထပ် (mediafire)

No comments:

Post a Comment

Note: Only a member of this blog may post a comment.