ဒီပတ်ပျိုးလေးကတော့ အလွမ်းသခင်မ လှိုင်ထိပ်ခေါင်တင် စပ် ခဲ့တာပါ။ မျှော်တော်ယောင်ပတ်ပျိုးကလေးပေါ့။ အေးအေးဆေးဆေးညင်ညင်သာသာ နဲ့သီဆိုရပါတယ်။
အဆိုရှင်ကတော့ တင်တင်ထွေးပါ။ ဆိုင်း၊ စန္ဒယားတို့နဲ့ တွဲဖက်ထားပြီးတော့ ဘယ်သူတွေတီးခတ်ထားတာလဲတော့မသိပါဘူး။ သိ ရင်ပြောကြပါ။ တီးလုံးကြီးပဲနားဆင်ချင်သူတွေနဲ့သီဆိုလေ့ကျင့်ချင်သူတွေအတွက်တော့ စောင်းဦးလှိုင်ဝင်းမောင်ရဲ့ စောင်းတီးကွက်ကိုလဲ ထည့်သွင်းပေးထားပါတယ်။ သီချင်းစာသားကတော့ ဂီတဝိသောဓနီမှ ယူထားပါတယ်။ သီချင်းခေါင်စဉ်မှာ အိမ်ရှေ့ထိပ်ထား-လှိုင်ထိပ်ခေါင်တင်လို့ရေးထားပါတယ်။ အဲ့ဒီမှာ ထိပ်ထား ဆိုတဲ့အသုံးနဲ့ထိပ်ခေါင်တင်ဆိုတဲ့အသုံးတွေကို တွေ့ရတယ်။ ထိပ်ခေါင်တင်ဆိုတာက လက်မဆက်ရသေးတဲ့ မင်းသမီးကိုခေါ်တာ။ လှိုင်ထိပ်ခေါင်တင်ဆိုတော့ လှိုင်မြို့စားမင်းသမီးပေါ့။ လက်ဆက်ပြီးရင်တော့ မြောက်သားတော်(အမျိုးသား)စားရတဲ့မြို့နောက်မှာထိပ်ထား တပ်ခေါ်တယ်။ အိမ်ရှေ့စံရဲ့ကြင်ယာဆိုတော့ အိမ်ရှေ့ထိပ်ထားပေါ့၊ လှိုင်ထိပ်ထားမဟုတ်တော့ဘူး။ ကနောင်ထိပ်ထား ဖြစ်သွားရော။ ဦးမောင်မောင်တင်ရေးတဲ့ ရွှေနန်းသုံးဝေါဟာရအဘိဓါန်မှာ ပြောထားတာပါ။ ဗဟုသုတပေါ့။
အိမ်ရှေ့ထိပ်ထား-လှိုင်ထိပ်ခေါင်တင် ရေးသော၊
မျှော်တော်ယောင်-ပတ်ပျိုးကလေး။
(ဂီတဝိသောဓနီမူ)
ညဥ့်သုံးယာမ်ခါ။ လေပြေလာ။ လေပြေလာ။ ဧရွှေရင်မှာ။ ။ လာနိုးမျှော်မိ။ ဖြေမပျော်နိုင်ဘူး။ ဘုန်းမယ့်ကိုယ်ထူး။ ။ မဖူးသာ။ လွမ်းတာကပွား။ ရှင်နတ်များ။ အိုအို-မ,ပဲကို။ ။ မဖူးသာ။ လွမ်းတာကပွား။ ရှင်နတ်များ။ အိုအို-မ,ပဲကို။ ဆိုငိုမှိုင်ရက်ကယ်ငေး။ ။ သေလုပါပြီ။ ကြွေလုပါပြီ။ အို-ဘာပြုမလာသေး။ ဘုန်းသူနှင့်ဝေး။ ။ လေးမယ်ငယ်ကံ။ ရေးမဘွယ်ဘန်သလေး။ ။ ကြံကာပန်းပါဘိ။ လမ်းဘယ်မမြင်။ ရွှေပင်လယ် ဆီးသည်သို့။ နီးမယ်မထင်။ ။သုံးရွေကြော့ရှင်။ ဘုန်းလာမမြင်သလေး။ ။
သဖြန်။ ။ နှမလေးမယ့်သခင်။ တင်ရန်ကများ။ ။ လှိုင်းကြီးတဲ့ရေ။ မြကြောအဏ္ဏဝေသို့။ မစုံရွှေ-စကြာကွန့်တယ်။နန်းနေညွန့်ဘွား။
Download -
-ညဥ့်သုံးယံခါ (တင်တင်ထွေး) (4shared)]
-ညဥ့်သုံးယံခါ (တင်တင်ထွေး) (mediafire)
- ညဥ့်သုံးယံခါစောင်းတီးကွက် (စောင်းဦးလှိုင်ဝင်းမောင်) (4shared)
- ညဥ့်သုံးယံခါစောင်းတီးကွက် (စောင်းဦးလှိုင်ဝင်းမောင်) (mediafire)
No comments:
Post a Comment
Note: Only a member of this blog may post a comment.