ရပ်ကြီးသူတို့ ယိုးဒယားသံဆန်းကို တောင်းဆိုထားကြလို့ တင်ချင်နေတာကြာပါပြီ။ ကျွန်တော် မူဟန်သွယ်သွယ် တင်ချင်လို့ သီချင်းလိုက်စုတာ အဆင်မပြေဘူး။ လွန်ခဲ့တဲ့ ၁၀ နစ်ကျော်လောက်က ဝင်းဦးဆိုထားတဲ့ ရပ်ကြီးသူတို့ သီချင်းကိုနားထောင်ဘူးတယ်။ အဲ့ဒီသီချင်းကိုတင်ပေးချင်လို့ အခုလိုက်ရှာတာဘယ်မှာမှမရတော့ဘူး။ အဲ့ဒါကြောင့် အခုမိတ်ဆွေတစ်ယောက်က ထပ်ပြီးတောင်းဆိုလို့ ရှိတဲ့ ဦးသိန်းကြွယ်ရဲ့ ရပ်ကြီးသူတို့သီချင်းကို တင်ပေးလိုက်ပါတယ်။ ဆိုင်းအတီးကတော့ဘယ်သူ့လက်သံလဲ မသိပါဘူး။
ဒီမှာ ဒီသီချင်းကိုရေးသူက ဘယ်သူလဲ? ဂီတဝိသောဓနီ၊ ဦးပြုံးချိုမဟာဂီတပေါင်းချုပ်ကြီးတို့မှာ ဒီသီချင်းမပါပါဘူး။ အဲ့ဒီမဟာဂီတစာအုပ်တွေနောက်မှထွက်တဲ့ ဗေလုဝဆရာတင်ရဲ့ဂီတသိပ္ပံအခြေခံ၊ ရွှေနန်းသုံးမဟာဂီတ တို့မှာတော့ ဒီသီချင်းကိုဖော်ပြထားတယ်။ ဒါ့ကြောင့်နောက်ပိုင်းခေတ်ပေါ်တဲ့ သီချင်းပါ။ ဂီတသိပ္ပံအခြေခံ မှာတော့ တရုပ် ဦးလူကလေး-ရေး ဆင်ယဉ်ထုံးဖွဲ့ ယိုးဒယား (နန်းသိမ်း ဘုန်းတော်ဖွဲ့ယိုးဒယားအလိုက်) သီချင်းလို့ ဖေါ်ပြထားတယ်။ ရွှေနန်းသုံးမဟာဂီတမှာကတော့ စန္ဒယားဦးလူကလေးကြီးရေး မြို့ထယိုးဒယား (နန်သိမ်းယိုးဒယား) အလိုက်လို့ လို့ဖေါ်ပြထားပါတယ်။
ဒီမှာ ဦးလူကလေးတွေရှုပ်ကုန်ပြီ။ ရှင်းပါရစေ။ မြန်မာ့ဂီတလောကမှာ ဦးလူကလေး ၃ ယောက်ရှိခဲ့ဘူးတယ်။ အကြီးဆုံးက လှည်းတန်းဦးလူကလေး သံဆန်းဦးလူကလေးလို့လဲ ခေါ်တယ်။ ခေါင်မဟေတည်ထွန်း သီချင်းကိုရေးစပ်ခဲ့သူပေါ့။ မဟာဂီတလောကမှာ သူ့ရဲ့ သိက္ခာကြီးမားလှတယ်။ အရေးပိုင်းသာမက အဆိုပိုင်းလဲကျော်ကြားလှတယ်။ ဒုတိယဦးလူကလေးက ပြည်မြို့ဇာတိ စန္ဒယားဦးလူကလေး မြန်မာရုပ်ရှင်ပေါ်ဦးပေါ်စက အသံတိတ်ရုပ်ရှင်များကို နောက်ခံတီးပေးခဲ့သူ၊ ဒါပေမယ့် သီချင်းရေးခြင်းမရှိခဲ့ဘူး။ တတိယ ဦးလူကလေးက တရုတ်ဦးလူကလေး ကြည့်မြင်တိုင်သား၊ တရုတ်လူမျိုး တယောဆရာညီနောင် ဦးယုပီ၊ ဦးယုဖွယ် တို့နှင့်အမြဲတွဲလေ့ရှိတဲ့အတွက် တရုပ်ဦးလူကလေးလို့ခေါ်သလားမသိဘူး။ ပင်ကိုယ်ရုပ်ရည်က တရုတ်နှင့်လုံးဝမတူ အလွန်ဗမာပီသလှတယ်။သူကအဆိုသမားသက်သက်။
ကိုလံဘီယာဓာတ်ပြားပေါ်စက စန္ဒယားချန်ပီယံမောင်ကျော်နဲ့တွဲဖက်ပြီး၊တရုတ်ဦးလူကလေးဆို ရပ်ကြီးသူတို့ ဓာတ်ပြားတေး (ဓါတ်ပြားအမှတ် RE 222) ကိုလူကြိုက်အလွန်များခဲ့သည်။ ဂီတသိပ္ပံမှာပြောသလို တရုတ်ဦးလူကလေးရေးစပ်ခဲ့တာမဟုတ်ပါဘူး။ သီဆိုခဲ့တာပါ။ ရွှေနန်းသုံးမှာပြောသလို စန္ဒယားဦးလူကလေးရေးစပ်ခဲ့တာလဲမဟုတ်ပါဘူး။ သူကစန္ဒယားအတီးသက်သက်ပါ။ ဒေါ်စောမြအေးကြည်၊ ဒေလီညွန့်၊ ဒေါ်အောင်ကြည်စသော ရှေ့မှီနောက်မှီ အဆိုတော်ကြီးများကလည်း မည်သူရေးဖွဲ့ကြောင်း အတတ်မပြောနိုင်ကြလေ။ လှည်းတန်းဦးလူကလေး၏သားအကြီး အသံတိတ်ရုပ်ရှင် ဇာတ်ပို့နောက်ခံအဆိုကျော် ဦးသိန်းမောင်က “ရပ်ကြီးသူတို့ကို အဖေရေးတာမဟုတ်ဘူး” လို့ပြောဘူးကြောင်း ဆရာကြီးစစ်ကိုင်းလှရွှေက ရေးသားခဲ့ပါတယ်။ ဆိုင်းဆရာကြီး အလင်္ကာကျော်စွာဦးဟန်ပက “ရပ်ကြီးသူတို့ကိုရေးတာ ရာပြတ်ကိုမောင်ကလေးပဲဖြစ်မှာပါ” ဟုမိန့်ဆိုခဲ့ဘူးကြောင်း ဆရာကြီးစစ်ကိုင်းလှရွှေက မဟာဂီတစာအုပ်တွင် ဖော်ပြထားပါတယ်။ ဒါကတော့ ရပ်ကြီးသူတို့ရဲ့သီချင်းရဲ့ မြစ်ဖျားကလေးကို ရှာဖွေကြည့်တာပါ။ သီချင်းစာသားကိုတော့ ဂီတသိပ္ပံကနေယူပေး လိုက်ပါတယ်။ အဆိုနဲ့အနည်းငယ်ကွာခြားနိုင်ပါတယ်။
ဆင်ယဉ်ထုံးဖွဲ့ ယိုးဒယား
ရပ်ကြီးသူတို့ ဟန်မူပိုမို၊ နေညိုညချမ်း၊ ဆင်မြန်းဆာပါ၊ နေညိုညချမ်းနော်ဗျာ၊ ဆင်မြန်း ဆင်မြန်းဆာပါ၊ အိုလေကွမ်းတုံပြိန်းငယ်နှင့်၊ နွယ်စိမ်းပုဝါ၊ လှည်းယဉ်လေလေ လှုပ်တယ်နော် မေရယ်၊ သုတ်သုတ်ကလေး နှင်လို့သာ။ ။
ဝင်ရိုးဆင်မျိုးစုံဂုဏ်နှင့်ကြာ၊ တင်တံပိုး၊ ယာဉ်ကြိုးလေးသိန်း၊ တန်စွငယ်လေ လေ့၊ နှင်တံ တဖြာ (ပုဝါ)၂။ ဖဲကိုလေး၊ အသာဆွဲလို့မေ့ကိုကာ။ ။
ဆင်အပ် တန်ဆာ သည်နွားမှာလ၊ ကျင်ခတ်ပုဝါ အထည်ထားပါလို့၊ အသော့လျင်မြန်၊ နွားကြော့ယဉ်ဟန်၊ နှင်တံကိုင်လို့မောင်း၊ ပိုးပုဝါဆာပါတောင်း၊ ပုံနှောင်းမှာ ကောင်းရာလိုပင်၊အရောင်လျှမ်းတယ်၊ ဆောင်ပန်းပေါ်သို့တင်။ ။
နေဝင် နီးလေလေခဲ့ရင်၊ စီးလေလေမဲ့ပြင်၊ ဟီးဟီးနဲ့နှင်၊ နတ်သွင်လေးလေးလုံခင်၊ တွေးလေလေဆင်ခြင်၊ ဝေးဝေးကမြင်၊ ပြလမ်းပေါ်တွင် ပျော်ရင်သူတို့ပဲ၊ ဘီး(ဘိမ်း) သံကမစဲ၊ ပုဝါမျိုးစုံစုံနေရဂုံသို့ပဲ၊ ရွှေမှုန်စဖဲ။
လှည်းပေါ်မှာ။ သော်တာလှိုက်ဆန်း၊ တိုက်ပန်းကိုယ်စီ။ အိုလေအပြာအစိမ်းငယ်နှင့်၊ နန်းသိမ်းထမီ၊ စိန်လယ်။ကပ်ကယ်၊ ချိန်ဖြတ်ဖွယ် ဆယ်ရတီ။
မင်းဒေဝီ၊ ဆင်းသိင်္ဂီ။ နုပိုင်းမှာ ရှုတိုင်းပလီ၊ ဘဝဟောင်းကိုက အကြောင်းတူညီ။ မဒီ။ခင်လေး ယဉ်ကျေးပေသည်။ ပန်းချီ။ မှင်ဆေး တင်ရေးမမှီ၊ ထုံးဆံမြိတ်ပြီ၊ ယဉ်တော်ချီချီ၊ ကိုးနဝရတ်စိန်စီ၊ မိုးနတ်ဘရဏီ၊ ဝင်းထိန်ညီ သိင်္ဂီပျိုစုပေါင်း၊ ပြောမကုန် ဇောအုံကြွေလုညောင်း၊ ဝိသကြုံ ကြိုးစုံကိုင်လို့မောင်း၊ ကြိုးစုံကိုင်လို့မောင်း။ ။ ။
Download
ရပ်ကြီးသူတို့
No comments:
Post a Comment
Note: Only a member of this blog may post a comment.