Saturday, December 22, 2012

အောင်ဇေယျတု သဗ္ဗမင်္ဂလံ

နှလုံးသွေးပျက်သော တေးတစ်ပုဒ်

နှလုံးသွေးပျက်သော တေးတစ်ပုဒ်


အောင်ဇေယျတု သဗ္ဗမင်္ဂလံ

မင်္ဂလာသြဘာ ကပီ ယိုးဒယား

ရေးသူ ကျိုက်လတ်ဦးပြုံးချို----- တေဘုမ္မာ၊ ဇာတိအာဏာ သီချင်းများနဲ့ နာမည်မသေသော ပညာရှင်ကြီးတစ်ပါးပေါ့။ သူ့ကို နောက်ကွယ်ကနေ လူမသိသူမသိ ပံ့ပိုးပေးတဲ့သူကိုတော့ သိတယ့်သူနည်းပါတယ်။ အဲ့ဒီသူကတော့ စောင်းဆရာဦးတုတ်ပေါ။ တေဘုမ္မာ၊ ဇာတိအာဏာ၊ အောင်ဇေယျတု သဗ္ဗမင်္ဂလံ သီချင်းများ အတွက် သံစဉ်ရှာပေးခဲ့သူ။ ဦးပြုံးချိုက စာသား ဦးတုတ်ပေါက သံစဉ်ပေါ့။ ဦးပြုံးချိုကလဲ သူ့ကို အလွန်လေးစားခဲ့တယ်။ ဦးတုတ်ပေါဟာ ဘဝကံမကောင်းတဲ့အတွက် ငယ်စဉ်ကပင် မျက်စိကွယ်ခဲ့ရတယ်။ ဒါပေမယ့် စိတ်ဓါတ်မကျပဲ ဝါသနာပါရာ ဂီတပညာကို သင်ဖို့အတွက် အိမ်ကနေ တိတ်တဆိတ် ထွက်ခွာပြီး ကျိုက်လတ်မှ မင်းဘူးအထိ အဖော်မပါ တစ်ယောက်တည်းသွားပြီး ဂီတပညာရှင်ကြီးတစ်ဦးစီမှာ စောင်းပညာသွားသင်ခဲ့တယ်။ အဲ့ဒီပညာရှင်ကြီးကတော့ သီပေါမင်းရဲ့ ရှေ့တော်တီး စောင်းဆရာကြီး ဒေဝဣန္ဒာ မောင်မောင်ကြီးရယ်ပေါ့။ ဆရာကြီးဟာ မျက်မမြင် တပည့်ကို အသနားပိုပြီး စောင်းပညာကို ကိုယ်ဖိရင်ဖိ အသေအချာ သင်ပေးသတဲ့။ ပညာစုံလို့ အိမ်ပြန်ခါနီးမှာ လက်တံထိပ်ညောင်ရွက်မှာ ‘ဒေဝ’၊ ဖင်ပိုင်းဖလား နေရာမှာ ‘ဣန္ဒာ’ လို့ ရွှေသရိုးကိုင် မှန်စီရွှေချ စောင်းတစ်လက် လက်ဖွဲ့လိုက်လေတယ်။

ဦးပြုံးချိုက အဲ့ဒီအချိန်က စာရေးဆရာ၊ ဖျာပုံနယ် တစ်နယ်လုံးမှာတစ်ယောက်တည်း ရှိတဲ့ ဦးတုတ်ပေါဆီမှာ စောင်းပညာသင်ယူတယ်။ ပရိယတ္တိ ပညာကျယ်ဝန်းစွာဖြင့် တေဘုမ္မာသီချင်းကို ဦးတုတ်ပေါနဲ့ အတူ ဓမ္မဂီတအဖြစ် စွမ်းဆောင်ခဲ့တယ်။

ဂီတဝါသနာကြီးလှတဲ့ နယ်ပိုင်ဝန်ထောက် ဦးငွေခိုင်ဟာ ဦးပြုံးချို၊ အဆို ဦးဘာဘူ၊ အတီးဦးတုတ်ပေါတို့တို့ကို စနေနေ့တိုင်း သူ့အိမ်ကို ဖိတ်ပြီး အကျွေးအမွေးနဲ့ ဂီတအဖွဲ့ကလေးလုပ်ကြတယ်။ အဲ့ဒီလိုနဲ့ နယ်ပိုင်ဝန်ထောက်ကြီးရဲ့ သားနဲ့ အရာရှိကြီးတစ်ဦးရဲ့ သမီးနဲ့လက်ထပ်မင်္ဂလာပွဲမှာ မင်္ဂလာ သီချင်းသီဆိုတီးမှုတ်ပေးဖို့ ဖြစ်လာတယ်ပေါ့။ ဦးပြုံးချိုက ယခင် ဆိုနေကြ အတိုင်းမသိ မင်္ဂလာသြဘာက ရိုးလွန်းတယ် မင်္ဂလာသြဘာသံဆန်းတစ်ပုဒ်ကိုရေးစပ်မည် ဆိုပြီး ဦးတုတ်ပေါက တီးကွက်ရှာ၊ ဦးပြုံးချိုက စာသားသွင်း၊ သီချင်းတိုက် နေ့တိုင်းပျော်ပါးနေကြတာပေါ့။

ဦးပြုံးချို ကသူ့အသံနှင့် သူကိုယ်တိုင် ရေးစီသော တေးအမွန်ကို ကျကျနန သီဆိုမယ်၊ ဦးတုတ်ပေါကလဲ စောင်းလက်သံ ဝတိံကကြားအောင် တီးပြလိုက်မယ် အံခဲ ပျော်ရွှင်ကြတဲ့အချိန်မှာ ကံကြမ္မာက ဦးတုတ်ပေါကို ရိုက်နှက်ပစ်လိုက်တယ်။ ထုတိသြဘာ မင်္ဂလာပွဲကြီး၌ အထူးအမြတ်ရေးထားသော သဗ္ဗမင်္ဂလံသီချင်းကို မျက်ကန်းဖြစ်သော ဦးတုတ်ပေါမတီးစေရ ဟု အခါတော်ပေး ပုဏ္ဏားတော်များရဲ့ ကန့်ကွက်ချက်အရ စောင်းတီးခြင်း သည်းခံပါ၊ မင်္ဂလာပွဲနေပွဲထိုင်သို့ကား ကြွတော်မူနိုင်လျင် ကြွပါ ဟူသောသီတင်းစကားဖြစ်သည်။ သီတင်းစကားလာရောက်ပြောကြားသော ဦးပြုံးချိုနှင့် ဦးတုတ်ပေါ အိမ်သူအိမ်သားအားလုံး ခေါင်းချင်းဆိုင် မျက်ရည်ဖြိုင်ဖြိုင်ကျခဲ့ရတယ်။

နောက်လူကြီးတွေ ဖျောင်းဖျနားချသော်လည်း ဦးတုတ်ပေါမှာ နေ့နေ့ညည စောင်းပိုက်၍သာ ငိုငိုနေရှာပါတော့တယ်။ လက်ထက်မင်္ဂလာပြုသောနေ့ လူတွေအုတ်အုတ်ကျက်ကျက်---ဆိုင်းသံဗုံသံအတိုင်းသား---- ထို့စဉ် ခပ်သဲ့သေ့ဖြစ်သော စောင်းသံနှင့် အောင်ဇေယျတု သဗ္ဗမင်္ဂလံ------- မင်္ဂလာဆောင် မျက်ကန်းမလာရ---- မျက်စိကန်းနေသူမင်္ဂလာမရှိ----အမင်္ဂလာ------- မိမိကိုယ်တိုင် အသက်သွင်းဖန်တီးခဲ့သော သီချင်း---
“ သူ၏ နှလုံးသွေးပျက်သောရောဂါကား သေရှာသည် အထိပင်”

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

စောင်းဆရာကြီးဦးတုတ်ပေါမှာ အခြားသူမဟုတ်။
အားလုံးသိကြတဲ့ နိုင်ငံကျော် စာရေးဆရာ ဒါရိုက်တာ ဦးသုခရဲ့ အဘိုးလေးတော်သူပင်ဖြစ်သည်။ ဦးသုခသည် အောင်ဇေယျတု သဗ္ဗမင်္ဂလံ သီချင်းနှင့် ဆက်စပ်နေသော ရင်နင့်ဖွယ်ရာကို မြဝတီမဂ္ဂဇင်းမှာ “နှလုံးသွေးပျက်သော တေးတစ်ပုဒ်” အမည်ဖြင့် ဝထ္တုတိုရေးဘူးသည်။ သည်ဝထ္တု ကိုပင် ပြည်ထောင်စုနေ့အခမ်းအနားများတွင် ဇာတ်အဖြင့်ကပြခဲ့ဘူးသည်။ ဘဘဦးသုခက ဦးတုတ်ပေါနေရာ၊ မင်းသမီးကြီး ဒေါ်ကြည်ကြည်ဌေးက ဦးတုတ်ပေါ၏ နှမ ဒေါ်လုံမလေးနေရာ၊ ဦးချင်းစိန်(ရွှေညာမောင်) ကဦးပြုံးချိုနေရာ၊ အေဝမ်းဦးတင်မောင်က ဝန်ထောက်မင်းနေရာများက သရုပ်ဆောင်ခဲ့ကြသည်။
“ပြောပါဦးလုံမလေးရဲ့”
“ရှင် ကိုကိုလေး”
“မင်္ဂလာရဲ့ အဓိပ္ပါယ်ဆိုတာဘာလဲ၊ ဘုရားဟောတဲ့ မင်္ဂလသုတ်ထဲမှာ အသေဝနာစဗာလာနံ- လူမိုက်တို့နဲ့မပေါင်းခြင်းသည် မင်္ဂလာတဲ့- မျက်စိကန်းနေသူ မပေါင်းရမပါဘူး။ မျက်စိကန်းနေသူ အမင်္ဂလာလို့ သတ်မှတ်လို့ရပါ့မလား လုံမလေးရဲ့”
“မရပါဘူးကိုကိုလေးရယ်။ ဒါပေမယ့်----“
“ဘာဒါပေမယ့်လဲ--- အနုပညာကို ထမင်းစားကောင်းရုံ တီးကြတဲ့လူတွေ၊ အနုပညာကို အပြင်ပန်းအပေါ်ယံ အသုံးတော်ခံဖို့သာ သက်မှတ်ကြတဲ့သူတွေ---ထွီ”
“သတိထားပါ--ကိုကိုလေးရဲ့”
“ဘာသတိထားရမှာလဲ”
“သတိ-------------“


 “----------နောက်ဆုံးတော့ ကျုပ်အဖိုး သည်စိတ်နဲ့ပဲ အသက်ပါသွားရတာပါပဲ--------------------“ ဘဘဦးသုခရဲ့ ရီဝေနေသောမျက်ဝန်းအစုံ၊ တုန်ရီနေသော အသံ။

++++++++++++++++++++++++++++

၁၉၉၅ ခု၊ နိုဝင်ဘာလ ၁၃ရက် ယဉ်ကျေးမှုတက္ကသိုလ်တွင် ဘဘဦးသုခ၏ “ဇေယျတု သဗ္ဗမင်္ဂလံ” ဟောပြောချက်ကို ကိုးကားတင်ပြလိုက်ရပါတယ်။

အောင်ဇေယျတု သဗ္ဗမင်္ဂလံ ဟာအလွန်လူသိများတဲ့ မင်္ဂလာတေးတစ်ပုဒ်ပါ။ ဒီမင်္ဂလာသီချင်းနောက်ကွယ်က စိတ်ထိခိုက်ဖွယ် ဇာတ်လမ်းလေးကိုတော့သိသူ အလွန်နည်းလှပါတယ်။
ကျွန်တော် ဒီဇာတ်လမ်းကိုပြောချင်တာ အဓိကမဟုတ်ပါဘူး။ သီချင်းလေးကို လူတိုင်းနားထောင်စေချင်တာပါ။ မင်္ဂလာသီချင်းကို မင်းမို့ နှလုံးသွေးပျက်တယ်လို့ပြောရက်တယ် လို့အပြစ်မတင်ကြပါနဲ့ဗျာ။ ကျွန်တော်စုဆောင်းထားတဲ့သီချင်းလေးကို အားလုံးကိုမျှဝေပေးချင်တာပါ။ ဒီ အောင်ဇေယျတု သဗ္ဗမင်္ဂလံ သီချင်းကို အဆိုတော်တွေ တော်တော်များများ ဆိုထားဘူးပါတယ်။ အဲ့ဒီထဲကမှ ထူးထူးခြားခြားလေး မျှဝေလိုက်ပါတယ်။ ဘယ်လိုထူးခြားတာလဲ ဆိုတော့ ဝါရင့်သဘာရင့် ဆရာကြီးတွေပဲ ဆိုတီးထားကြလို့ပါ။ အလင်္ကာကျော်စွာ ဆိုင်းဆရာကြီး ဦးဘမောင်က ဆိုင်းနဲ့မတီးပဲ ပတ္တလားနဲ့ တီးထားလို့ပါ။ ဦးဘမောင်ရဲ့ တောက်တောက်ခါးခါး ဆိုင်းလက်သံတွေကို နားဆင်ဘူးကြမှာဖြစ်ပေမယ့် ပတ္တလားလက်သံကိုတော့ နားဆင်ဘူးသူ နည်းပါးပါလိမ့်မည်။ စန္ဒယား စစ်ကိုင်လှရွှေ၊ ဆိုင်းစိန်စတင်း၊ နှဲ ဦးကျော်စိန်၊မကွေးစိန်မြသန်း တို့နဲ့ တွဲဖက်ပြီး နိုင်ငံကျော် အဆိုတော်ကြီးဦးထွန်းရွှေ ကသီဆိုထားတာဖြစ်တဲ့ အတွက် အလိုရှားပါး အဖိုးတန်သီချင်းလေးပါ။ ဝိုင်းဝန်း ထိန်းသိမ်း ပြန့်ပွားအောင် ဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းအပ်ပါတယ်။
ဒီသီချင်းနာမည်ကို အချို့စာအုပ်များမှာ အောင်ဇေယျတု သဗ္ဗမင်္ဂလံ၊ အချို့စာအုပ်များမှာတော့ “ဇေယျတု သဗ္ဗမင်္ဂလံ” လို့ တွေ့ရပါတယ်။ ဘဘဦးသုခကိုယ်တိုင် ဟောပြောချက်မှာ “ဇေယျတု သဗ္ဗမင်္ဂလံ” လို့ပဲ ဟောပြောသွားတာပါ။ ကျွန်တော်ကတော့ “အောင်ဇေယျတု သဗ္ဗမင်္ဂလံ”လို့ သုံးထားပါတယ်။ သီချင်းရေးသားခဲ့သူ ကျိုက်လတ်ဆရာကြီး ဦးပြုံးချိုကိုယ်တိုင် စုစည်းထုတ်ဝေခဲ့တဲ့ “မဟာဂီတ ပေါင်းချုပ်ကြီး” စာအုပ်မှာ ဒီသီချင်းနာမည်ကို “အောင်ဇေယျတု သဗ္ဗမင်္ဂလံ” လို့ အညွန်းတက် နာမည်ပေးထားလို့ပါ။

အောင်ဇေယျတု သဗ္ဗမင်္ဂလံ

မင်္ဂလာသြဘာ ကပီ ယိုးဒယား
တေးရေး - ဦးပြုံးချို + သံစဉ်ရှာ စောင်းဦးတုတ်ပေါ
အဆို - ဦးထွန်းရွှေ
အတီး - ပတ္တလား အလင်္ကာကျော်စွာ ဦးဘမောင်၊ စန္ဒယား စစ်ကိုင်းလှရွှေ၊ ဆိုင်းစိန်စတင်း၊ နှဲ- ဦးကျော်စိန်၊ မကွေးစိန်မြသန်း

http://minus.com/lw1CWBdQz8iGe

No comments:

Post a Comment

Note: Only a member of this blog may post a comment.