Wednesday, May 22, 2013

တေးရေးဆရာများ၏ အထုပတ္တိ ( ၄ )

ရတနာပုံမောင်စု

ရတနာပုံမောင်စု၏ ဘိုးစဉ်ဘောင်ဆက်မျိုးရိုးမှာ ကုန်သည်မျိုးရိုး ဖြစ်ကြပြီး မွေးရပ်ဇာတိမြေမှာ မန္တလေးမြို့ (၂၆) ဘီလမ်း၊ ရွှေတိုက်ရုံဝင်း၊ အနောက်ဘက်) ဟေမာဇလအနောက်ခြမ်း ဖြစ်သည်။ ၁၉၀၁ ခုနှစ်တွင် အဘဦးသာဒွန်း၊ အမိဒေါ်ကြည် တို့မှ မွေးဖွားပါသည်။ ရတနာပုံမောင်စုမှာ စတုတ္ထသားအထွေးဆုံး ဖြစ်ပါသည်။ ပညာအရည်အချင်းမှာ မန္တလေးမြို့ ၀က်စလီ (အင်္ဂလိပ်မြန်မာ) ကျောင်းတွင် အထက်တန်းပညာထိ ဆည်းပူးခဲ့ပြီး မန္တလေးမြို့ အစိုးရကြေးနန်းရုံးကြီးတွင် ကြေးနန်းစာရေးအဖြစ် အမှုထမ်းခဲ့သည်။

မောင်စုမှာငယ်စဉ်ကပင် အနုပညာဝါသနာပါသူဖြစ်ပါသည်။ အပေါင်းအသင်းများနှင့် သီချင်းဆိုခြင်း၊ ဂီတာတီးခတ်ခြင်း၊ စန္ဒရားတီးခြင်း၊ ရံဖန်ရံခါ ပန်းချီရေးဆွဲခြင်း စသည့် အနုပညာများကို ခုံမင်သူတစ်ဦးဖြစ်ပါသည်။

မောင်စုသည် ရန်ကုန်မြို့တွင် အခြေစိုက်ပြီးနောက် ရုပ်ရှင်မင်းသားကြီး ခင်မောင်ရင် (ဗိုလ်အောင်ဒင် - မင်းသား)နှင့် ဆုံမိကြကာ တေးဂီတနယ်ပယ်တွင် အတူတကွ ပါဝင်လှုပ်ရှားခဲ့ပါသည်။ ရတနာပုံမောင်စုသည် ကိုလံဘီယာကုမ္ပဏီတွင် ဓာတ်ပြား (၁၃)ချပ်မျှ သွင်းခဲ့ပါသည်။ ကိုယ်တိုင်ဂီတာတီး၊ ကိုယ်တိုင်သီချင်းစပ်ပြီး ကိုယ်တိုင်ဆိုခဲ့ပါသည်။ မောင်စု၏သီချင်းဓာတ်ပြားများမှာ (၁) ဇာတိချက်ကြွေ၊ (၂) တစ်ရွာသား၊ (၃)ခါနွေဦး၊ (၄)ဂွတ်နိုက်ဒါလင်၊ (၅)နှစ်သွယ်စကြာ၊ (၆)လူပျိုစင်၊ (၇)မြတ်နိုးသူ၊ (၈)လောကဤလူ့ဘုံ၊ (၉)မောင်တို့ရွာ၊ (၁၀)ညိုညိုလေး စသည်များ ဖြစ်ပါသည်။ မောင်စုမှာ မန္တလေး၌ မွေးဖွားခဲ့ရာ မိမိဇာတိမြေကို မမေ့နိုင်သဖြင့် ဓာတ်ပြားသွင်းခြင်း၊ ပန်းချီဆွဲခြင်းမှစ၍ မောင်စုအမည်တွင် ရှေ့ မှာ “ရတနာပုံ” တပ်၍ ခေါ်တွင်စေခဲ့ပါသည်။

ရတနာပုံမောင်စုသည် အသက်အရွယ်ထောက်လာပြီး အသံများမကောင်းတော့သဖြင့် ငယ်စဉ်က ၀ါသနာပါလာသော ပန်းချီရေးဆွဲခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုခဲ့ပါသည်။

ရတနာပုံမောင်စုသည် ရန်ကုန်မြို့ တာမွေမြို့ နယ်တွင် ဇနီးဖြစ်သူ ဒေါ်မြင့်မြင့် (အန်တီကြီး)နှင့် သားသမီးသုံးယောက် ထွန်းကားခဲ့သည်။ သားဖြစ်သူမှာ ဦးသောင်းစု (သုတေသန) ဖြစ်ပြီး၊ သားသမီးများမှာ ဒေါ်ရင်ရင်စုနှင့် ဒေါ်ဖြူဖြူစုတို့ ဖြစ်ပါသည်။

အသက် (၆၄)နှစ်အရွယ် ၁၉၆၅ ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက်နေ့ မင်္ဂလာဒုံ စစ်ဆေးရုံကြီးတွင် ကွယ်လွန်ခဲ့ပါသည်။

ရည်ညွှန်းချက်
     သားဖြစ်သူ ဦးသောင်းစုနှင့် တူအရင်းဖြစ်သူ ဦးသိန်းရွှေတို့က ရေးသားပေးပို့ပါသည်။



ဦးရာပြတ်

ဦးရာပြတ်

              ဖခင်ဦးသာဒင် (ဇာတ်မင်းသား)နှင့် မိခင်ဒေါ်နက်တို့မှ (၁၂၄၆)ခုနှစ်တွင် တောင်သာမြို့(မြင်းခြံခရိုင်) ၌ မွေးဖွားခဲ့သည်။ ဦးရာပြတ်၏ အမည်ရင်းမှာ ဦးမောင်ကလေး ဖြစ်ပါသည်။ ငယ်စဉ်အခါကပင် နိုင်ငံကျော်ဆိုင်းဆရာကြီး စိန်ဗေဒါ၏ ဆိုင်းနောက်ထအဖြစ် တွဲဖက်၍ အဆိုတော်လုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။ ဖခင်၏ ဇာတ်သဘင်အဖွဲ့နှင့် မြန်မာပြည်အနှံ့လိုက်ပါခဲ့၍ ဇာတ်သဘင်ပညာကိုလည်း ရရှိခဲ့ပါသည်။ မင်းးသားဖြစ်စတွင် မြင်ခြံမြို့၌ ပွဲပြိုင်မင်းသားအဖြစ် ပြိုင်၍ကကြရာမှ ထူးချွန်သော အနုပညာသည် ဘဝသို့ ရောက်ရှိခဲ့ပါသည်။
              နိုင်ငံကျော် ဆိုင်းဆရာကြီး စိန်ဗေဒါ၏ အမည်ရင်းမှာ ဦးမောင်ကလေးဖြစ်၍ ဗေဒါမောင်ကလေးဟု အမည်တွင်ပြီး ဦးရာပြတ်ကိုလည်း ရာပြတ်မောင်ကလေးဟု အနုပညာလောကတွင် ခွဲခြားထားပါသည်။ ထိုအချိန်က နာမည်ကြီးမင်းသားများတွင် “စိန်” ဟူသော အမည်ပါရှိလျှက် ထင်ပေါ်နေကြလေသည်။ အဆိုပါစိန်တို့ကို တန်ဖိုးသတ်မှတ်ပေးမည့်သူဟု အဓိပ္ပါယ်သက်ရောက်သည့် “ရာပြတ်” ဟူသောအမည် ကင်ပွန်းတပ်ခဲ့ရာမှ ဦးရာပြတ် အဖြစ်ရောက်ရှိရာလာခြင်းဖြစ်ပါသည် ။
              နိုင်ငံကျော်ဆိုင်းဆရာကြီး ဦးစိန်ဗေဒါနှင့် တွဲခဲ့စဉ်က မဟာမြိုင်သီချင်း၊ သဂြိုဟ်စုံတွဲ ပွေးဖိုပွေးမစုံတွဲတို့ကို ရေးစပ်ခဲ့ပါသည်။ ဦးရာပြတ် တီထွင်ကပြခဲ့သော သေတ္တာအက၊ မြင်းအကနှင့် လက်ဖဝါးပေါ် ဓါးလှည့်အကတို့မှာ အထူးထင်ရှားခဲ့သဖြင့် ယ္ခုခေတ်အကပညာရှင်များ တန်ဖိုးထားသင်ယူ ကပြနေဆဲဖြစ်ပါသည်။
              ၁၂၈၀ပြည့်နှစ်တွင် မင်းသမီးဒေါ်ငွေစိန်နှင့် အိမ်ထောင်ပြုခဲ့ပါသည်။ ဦးရာပြတ်သည် ရှမ်းပြည်နယ် ပင်းတယမြို့၌ ၁၂၉၅ခုနှစ်တွင် အဆုတ်ရောဂါဖြင့် ကွယ်လွန်ခဲ့ပါသည်။

ရည်ညွှန်းချက်
ဦးလူမော် - ၂၅၂/၃၅လမ်း ကျောက်တံတားမြို့နယ် ရန်ကုန်။
ဒဂုန်ဆရာတင်



ကိုရဲအောင်

ကိုရဲအောင်

ငယ်မည်မှာ ကိုကိုကြီးဖြစ်သည်။ တယောပညာရှင် တစ်ဦးလည်းဖြစ်သဖြင့် တယောကိုဒီပိုးဟုလည်း ခေါ်ကြသည်။ ၁၉၂၂ခု၊ ရန်ကုန်မြို့၊ ၃၅လမ်းတွင် မွေးဖွားခဲ့သည်။

တယောပညာကို ၁၂နှစ်သား၊ ၁၉၃၄ခုနှစ်မှစ၍ အေဝမ်းချစ်ရေစင် ရုပ်ရှင်ကားမှာ ဇာတ်ရံသရုပ်ဆောင် ဦးလှသွင်ဆိုသူထံ၌ သင်ယူခဲ့သည်။ ၁၆နှစ်သားအရွယ်မှစ၍ အေဝမ်းသံစုံတီးဝိုင်းတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။

ဂီတပညာနှင့် ပတ်သက်၍ ရွှေတိုင်ညွန့်၊ ဆရာမောင်၊ သဟာယဆရာတင်၊ ရွှေပြည်အေး စသည့် ဆရာများထံတွင် နည်းနာခံယူဆည်းပူးပြီး တယောပညာ သာမက သီချင်းရေးသားမှုကိုပါ သင်ကြားတတ်မြောက်ခဲ့သည်။

၁၉၄၇-၄၈ ခုနှစ်ခန့်မှစ၍ ချိုတေးရှင်ကာလပေါ် တူရိယာအဖွဲ့ကို ဖွဲ့စည်းပြီး မြန်မာ့အသံမှ အသံလွှင့်ခဲ့သည်။ ရွှေပြည်အေး၊ အေဝမ်းခင်မောင် စသည့် ဆရာကြီးများ၏ တူရိယာဝိုင်းနှင့်အတူ ရုပ်ရှင်နောက်ခံ တေးသံသွင်းရာတွင် တယောဆရာအဖြစ် ဆောင်ရွက်ခဲ့ပြီး သူခိုးငတက်ပြား ရုပ်ရှင်မှစ၍ ရုပ်ရှင်နောက်ခံတေးဂီတမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။

ကိုရဲအောင်သည် ရုပ်ရှင်ဇာတ်ဝင်တေး၊ ရောင်းတမ်းဓာတ်ပြားသီချင်းနှင့် အသံလွှင့်တေးသီချင်း အများအပြား ရေးသားခဲ့သည်။ သူ၏ ထင်ရှားသော တေးလက်ရာများမှာ အုံးစက်ပါ့ ဘုန်းလက်ယာဝယ် (တေးသံရှင်ကိုကျော်ညွန့်)၊ ဆံရစ်ဝိုင်း (ကြည်ကြည်ဝင်း)၊ ဒိုးကလေး (ညွန့်ညွန့်စိန်)၊ ပုလဲဒါရူ (ကိုမင်းနောင်)၊ မယ်ရွေးလို့ဆင်ပါ့မယ် (ထား)၊ ဆွမ်းအုပ်နီနီ (မတင်တင်)၊ ချစ်တမ်းကစားတတ်သူ (တင်မောင်လှ)၊ ပျိုလေးရဲ့ညိုထွေး (တင်တင်မြ)၊ သီတာကြော့မှာ (ကိုမင်းနောင်၊ သန်းသန်းမေ)၊ ရွှေညာသူ (ဓနုဖြူစိုးသိမ်း) စသည်တို့ဖြစ်သည်။



ကိုရွှေမောင် (မောင်မောင်)

ကိုရွှေမောင် (မောင်မောင်)

ကိုရွှေမောင်အမည်ခံ မောင်မောင် ကို အဘဦးမှတ်ကြီး၊ အမိဒေါ်တုတို့မှ မြန်မာသက္ကရာဇ် ၁၂၆၆(၁၉ ၁၄)တွင် ဖွားမြင်သည်။ မွေးချင်း၃ယောက်အနက် အထွေးဆုံးသားဖြစ်၍ ချစ်စနိုးဖြင့် မောင်မောင်ဟုလည်းကောင်း၊ ကိုရွှေမောင်ဟုလည်းကောင်း ခေါ်ကြသည်။ မန္တလေးမြို့လမ်း ၃၀နှင့် ၃၁လမ်း၊ ၈၀နှင့် ၈၁လမ်း အကြားရှိ အမျိုးသားကျောင်း (ယခင်အခေါ်နေရှင်နယ်ကျောင်း၊ ယခု အမှတ်၂ အထက)၏ အရှေ့ဘက်ကပ်လျက်ရှိ အထက်ဆင့်ဝင်း (ယခင် နီပါးဝင်း)တွင် ဖွားမြင်သည်။

မိဘတို့မှာ ကျောက်စိမ်းသွေးလုပ်ငန်း၊ ကျောက်စိမ်းအရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်ကြသည်။ မြန်မာမင်းလက်ထက်က စစ်မှုထမ်းမျိုးရိုးဖြစ်ကြ၍ မုံရွာခရိုင်၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာ တစ်ဝိုက်ရှိ ကင်းဝန်မင်းကြီး၏ အနွယ်အဆက်များ ဖြစ်ကြသည်။

မောင်မောင်၏ ပညာရေးမှာ ဘုန်းတော်ကြီးကျောင်းပညာရေးမှတစ်ဆင့် အမျိုးသားကျောင်း (နေရှင်နယ်ကျောင်း)တွင် နဝမတန်းထိ ပညာဆည်းပူးခဲ့သည်။ ဂီတပညာတွင်မူ အမြင်အကြားဖြင့်သာ တတ်ကျွမ်းခဲ့ရသည်။

အစ်ကိုဖြစ်သူ မြန်မာညွန့်ဆရာတင်နှင့် အလားတူ ဂီတတွင် ဝါသနာထုံသည်။ အပျော်တမ်းတေးသီချင်းများကို ရေးရာမှ လေဘာတီမမြရင်၏ “တစ်နာရီထဲချစ်ပါရစေ” သီချင်းမှာ ယခုတိုင်နာမည်ကြီးသည်။

နေထိုင်ရာအထက်ဆင့်ဝင်းအနီးတွင် မြန်မာညွန့်ဦးချစ်မောင်၊ ဦးချစ်ဖွယ်+ဒေါ်စိန်သုံ၊ ဆိုင်း-စိန်ဗေဒါကြီး၊ ဆိုင်းဆရာစိမ့်+ဒေါ်တိုးတို့ နေထိုင်ကြသည်။ ဝက်မစွတ်ဝန်ထောက်မင်းဝင်းတွင် ဝက်မစွတ်ဝန်ထောက်မင်း၏ အိမ်လည်းရှိသည်။ ယင်းအရပ်ဝန်းကျင် တစ်ဝိုက်တွင် အဆို၊ အတီးတတ်သူ၊ ဝါသနာပါသူများ ဝိုင်းဖွဲ့ဆိုတီးလေ့ရှိကြသည်။ ဝက်မစွတ်ဝန်ထောက်မင်း၏ တူဖြစ်သူနှင့်နှမ မသိန်းမေတို့ လက်ဆက်သည်ဖြစ်၍လည်းကောင်း၊ ဝက်မစွတ်ဝန်ထောက် မင်း၏မြေး မောင်မောင် (ဒေါ်ဒဂုန်ခင်ခင်လေး၏မောင်)မှာလည်း အတီးအမှုတ် ဝါသနာပါသူဖြစ်၍လည်းကောင်း ပိုမိုဝိုင်းဖွဲ့ကာဆိုတီးဖြစ်ကြသည်။

အခြားအပျော်တမ်းတေးများကိုလည်း ရေးမည်ဖြစ်သော်လည်း အမှတ်အသားမရှိခဲ့။ ကိုရွှေမောင်မှာ အစ်ကိုဖြစ်သူ မြန်မာညွန့်ဆရာတင်နှင့်အတူ မာဃအဖွဲ့တွင်တေးသီချင်းများ ရေးစပ်ပေးသည်ဟု သိရသည်။ ကိုရွှေမောင်မှာ ယစ်မျိုးအရာရှိအဖြစ် အမှုထမ်းရ၍ မြန်မာညွန့်ဆရာတင်ကဲ့သို့ ဂီတဘက်တွင် ဇောက်ချမလုပ်ခဲ့နိုင်။ အားလပ်ချိန်များတွင်သာ တေးရေးခဲ့သည်ဟု ဆိုသည်။

အရွယ်ရောက်လျှင် အမရပူရဇာတိ ဒေါ်ကြည်ဆိုသူနှင့် လက်ဆက်သည်။ သားသမီးများမွေးဖွားသော်လည်း သမီးတစ်ဦးသာ အဖတ်တင်သည်။ ယစ်မျိုးအရာရှိအဖြစ် လားရှိုးသို့ ရွှေ့ပြောင်းပြီး မကြာမီ ငှက်ဖျားရောဂါခံစားရ၍ ဇာတိမန္တလေးသို့ ပြန်လည်ခေါ်ဆောင်လာခဲ့ရသည်။ ယင်းရောဂါဖြင့်ပင် မန္တလေးမြို့၌ မြန်မာသက္ကရာဇ် ၁၂၉၈ခုနှစ် (၁၉၃၇)တွင် ကွယ်လွန်သည်။ ကွယ်လွန်ချိန်၌ ဇနီးဒေါ်ကြည်မှာ ကိုယ်ဝန်၎လနှင့် ကျန်ရစ်ခဲ့သည်။ ယခုအခါ ထိုကလေးငယ်သည် ၆၄နှစ် အရွယ်ရှိ ဒေါ်ညွန့်ရီဖြစ်၍ တိုက်(၂၉)၊ အခန်း(၄)၊ ရန်နိုင်လမ်းသွယ် ၁၀ လမ်း၊ အမှတ်(၄)ရပ်ကွက်၊ အရှေ့ရန်ကင်း၊ ရန်ကုန်မြို့တွင် သားသမီးမြေးများနှင့်အတူ ကျန်းမာစွာနေထိုင်လျက်ရှိသည်။



ရည်ညွှန်းချက်

ဒေါ်ခင်ကြွယ်ဦး (ကိုရွှေမောင်၏မြေး)၊ ပါမောက္ခ၊ ဌာနမှူး မြန်မာစာ စာပေဌာန၊ ယဉ်ကျေးမှုတက္ကသိုလ် ရေးသားပေးပို့ချက်။




ရွှေဂုံမောင်

ရွှေဂုံမောင်

ရွှေဂုံမောင် (ခေါ်) ကိုမောင်မောင်အား (၁၂၇၂) ခုနှစ် ရန်ကုန်မြို့ ၌ အဖ ရာဇ၀တ်ဌာနမှ အင်စပတ်တော်ကြီး
ဦးဘအေး၊အမိ ဒေါ်မြမေတို့မှ ဖွားမြင်ခဲ့သည်။ သားသမီး(၅) ဦးအနက် စတုတ္ထသားဖြစ်သည်။ ဂီတပညာကို စောင်းဆရာ
ဘိလပ်ပြန်ဆရာငြိမ်း၊ဘာဂျာနှင့် စန္ဒရားဦးဘလတ်၊တယောဆရာကြီးယောင်ကြီးဗွေ ဦးသွင် တို့ထံတွင် လေ့လာဆည်းပူးခဲ့ပြီး
ဘီးလူးအက မင်းသားအကများကို ကောင်းစွာ ကျွမ်းသည်။
စန္ဒရားရွှေပြည်အေးနှင့် ငယ်သူငယ်ချင်းဖြစ်၍ တယောပညာ ကို ဖြည့်တင်း ဆည်းပူးခဲ့သည်။ရွှေဂုံမောင်ရေးစပ်သော
သီချင်းများအနက် မအေးမိ သီဆိုသော (ရွှေနှင်းဆီ) သီချင်း ဓာတ်ပြားမှာ အရောင်းရ တွင်ကျယ်ခဲ့သည်။ ရွှေဂုံမောင် ရေးစပ်ပြီး
မောင်မောင်စိုးသီဆိုသော (မြခွာညို) ဓာတ်ပြားသည် ဂျပန်ပြည်တွင် အသံသွင်းခဲ့ပြီး ပထမဆုံး သော အေ၀မ်းဓာတ်ပြားဖြစ်သည်။
မင်းကတော်၊ဝေဘူစံ၊ပုတ်သင်ညို၊ဓါတ်ပုံရိုက်စသည့် ကိုလံဘီယာ ၊ ခွေးတံဆိပ်နှင့် အေ၀မ်းဓတ်ပြား များသည် ရွှေဂုံမောင် ရေးစပ်ခဲ့
သော တေးသီချင်းများဖြစ်သည်။ရန်ကုန်ရုပ်ရှင် တွင် လူကြမ်းမင်းသား အဖြစ် ပုလဲရောင်၊စိန်ဓားမြှောင်၊ရွှေဝါတောင် ဇတ်ကားများတွင်
ကြမ်းကြမ်း ရမ်းရမ်း ပါဝင်သရုပ်ဆောင်ခဲ့ဘူးသည်။ ဇနီးဒေါ်ခင်ခင်နှင့် သားသမီးများရရှိခဲ့သော်လည်း တစ်ယောက်မှ အဖတ် မတင်ခဲ့ပေ။
အသက်(၂၉)နှစ်အရွယ် ၁၉၃၉ ခုနှစ် ဧပြီလ (၃၀) ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။

ရည်ညွန်းစာစောင်
စစ်ကိုင်းလှရွှေ၏ ရုပ်ရှင် ဂီတ နှင့် ကျွန်တော်



ရွှေတိုင်ညွန့်

ရွှေတိုင်ညွန့်
ရွှေတိုင်ညွန့် သည် (၁၂၇၀) ပြည့်နှစ်၊ လူရွှင်တော်စာရေးဆရာကြီး ဦးကြင်ခဲ ၊ ဒေါ်အေးမျှင် တို့မှ ကြည့်မြင်တိုင်၊
ထီးတန်းဈေးကလေးရပ်တွင် ဖွားမြင်ခဲ့သည်။ အင်္ဂါသားဖြစ်သော်လည်း အစ်ကိုဖြစ်သူ မောင်အုန်းလှိုင် ကို လိုက်၍
မောင်အုန်းဆိုင် ဟု မှည့်ခေါ်ခဲ့သည်။ အသက်(၁၀) နှစ်မပြည့်မီ ဂီတပညာ ကို လိုက်စားသင်ယူခဲ့ပြီး
ဆိုင်းဆရာကြီး ဦးမိုးညှင်း၏ သင်လက်ဖြင့် မောင်းဆိုင်းကို အရွယ်နှင့် မလိုက်အောင် တီးခတ်နိုင်စွမ်းရှိသူ ဖြစ်သည်။
အတန်းပညာ လေးတန်းသာ အောင်မြင်ခဲ့သည်။ ဖခင်ဖြစ်သူ တည်ထောင်သော အငြိမ့်တွင် ပတ္တလား တီးနှင့် တယောထိုးလိုက်
ခဲ့သည်။"၀စနဆရာဆိုင်" အမည်ဖြင့် သီချင်းများရေးစပ်ခဲ့သည်။ ကိုလံဘီယာ ဓာတ်ပြားကုမ္မဏီ တွင် ၀စနဆရာဆိုင်ဘ၀မှ
"ရွှေတိုင်ညွန့်" အမည်ပြောင်း၍ သီချင်းရေးခဲ့ရာ မိဘမေတ္တာ ၀ိစီတြ၊ အောင်ဗလ အလွမ်းပြေနှင် တပ်မတော်အင်အား စသည့်
နာမည်ကျော်တေးသီချင်းပေါင်းများသွာ ရေးသားသီကုံးခဲ့ရာ အထူးအောင်မြင် ကျော်ကြားခဲ့သည်။ ဂျပန်ခေတ် အစိုးရ၏ နိုင်ငံတော်
စာဆိုအဖြစ် ခန့်အပ်ခြင်းခံရပြီး အသက်(၃၆) နှစ် အရွယ် ၁၃၀၆ ခု၊တပေါင်းလဆုတ် (၁၀) ရက်နေ့တွင် ကြည့်မြင်တိုင်၊ ထီးတန်း ဈေး
ကလေး ရပ်နေအိမ်တွင် ကွယ်လွန်ခဲ့ပေသည်။ အဆိုတော်ကိုမျိုးဆက်၊လူရွှင်တော်တိုင်းကျော်နှင် အဆိုတော်ထားစသည့် သားသမီး
(၃)ဦးထွန်းကားခဲ့သည်။



ရွှေပြည်အေး

ရွှေပြည်အေး
၁၉၀၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၃) ရက်တွင်မွေးဖွား သည်၊ရန်ကုန်အရှေ့ပိုင်း ၄၃ လမ်းဇာတိဖြစ်သည်။
ဦးနု၊ဒေါ်လှိုင်တို၏ သားသမီး(၅) ယောက်အနက် စတုတ္တမြောက်သားဖြစ်သည်။
ငယ်မည်မှာ မောင်တင်မောင်အေးဖြစ်သည်။ ငယ်စဉ်ကပင် ငါးနှစ်သားအရွယ်မှစ၍ စည်းဝါးအတတ်ကို
ဦးလေးတော်သူ စောင်းဆရာကြီးထံမှ သင်ယူတတ်မြောက်ခဲ့သည်။(၈) နှစ်သားအရွယ်တွင် သီချင်းကြီး၊
သီချင်းခံမှ စောင်းပညာနှု ကြိုးတပ် တူရိယာများကို စတင်သင်ကြားခဲ့သည်။ဆရာမိဘများအားပေးမှူနှင် သူ၏ပါရမီ
ရင့်သန်မှူကြောင့် စန္ဒရားအတီးပညာကို ဆယ့်နှစ်နှစ်သားတွင် ကောင်းစွာတတ်မြောက်ခဲ့ပါသည်။
စိန်ဂျွန်းကျောင်းတွင် (၇)တန်းအထိ ပညာသင်ကြားခွင့်ရခဲ့လေသည်။ ၁၉၁၉ ခုနှစ်တွင် ပုသိမ်မြို့ ၀ိုင်အမ်ဘီအေ ကွန်ဖရင့်တွင်
စောင်းဆရာငြိမ်းနှင့် တွဲဖက်၍ သီချင်းသီဆိုရာ ရွှေတံဆိပ်ဆုချီးမြှင့်ခြင်းခံရလေသည်။(၁၁) နှစ်သား အရွယ်တွင် သီပေါစော်ဘွားကြီး
ဆာစောချယ်၊မင်းပေါင်းစုံ (ဒါဘာပွဲ) ၌ အတိုင်းမသိဘွဲ့ကိုသီဆိုရာ ရွှေဒင်္ဂါး(၄)ပြားဆုကို ရရှိခဲ့သည်။ စော်ဘွားကြီး၏ သားတော်
အထွေးအရာကို ချီးမြှောက်ခြင်းခံခဲ့ရလေသည်။စစ်ကြိုခေတ်မှစ၍ နောက်ခံတေးများ ကိုရေးသားခဲ့သည်။၁၉၄၀ ခုနှစ်တွင် စတင်အသံ
လွှင့်လာခဲ့ပေသည်။ဂျပန်ခေတ် လွင်လွင်ရုံတွင် ဒါရိုက်တာဆရာခန့်နှင့် တွဲဖက်၍ (ဤစစ်ကြီးမှာ) ပြဇတ်ဖြင့် ပြဇတ်လောကသို့ စတင်
ဝင်ရောက်ပြီး မြိုင်၇ုံနှင် အောင်မင်္ဂလာရုံများတွင် လွမ်းငွေ့ဝေေ၀ပြဇတ်အား ကိုယ်တိုင်ဒါရိုက်တာအဖြစ် ဆောင်ရွက် တင်ဆက်ခဲ့သည်။
(မြိုင်) ပြဇတ်အဖွဲ့တွင် သီချင်းရေးစပ်ခြင်းနှင့် တေးဂီတ တာဝန်ခံအဖြစ် ဂျပန်ခေတ်တစ်ခေတ်လုံး ဆောင်ရွက်ခဲ့သည်။
၁၉၅၁ ခုနှစ်တွင် ဆရာရွှေပြည်အေးသည် ဗြိတိသျှ ဘားမားရုပ်ရှင်ကုမ္မဏီ တွင် ဂီတမှူးအဖြစ် လခစားဝင်ရောက်တာဝန်ယူရလေသည်။
၁၉၅၄ ခုနှစ်တွင် မြန်မာ့ယဉ်ကျေးမှူကို ထုတ်ဖော်ရေးသားခဲ့သည့်အတွက် ဆရာရွှေပြည်အေး အား နိုင်ငံတော်မှ (အလင်္ကာကျော်စွာ)
ဘွဲ့ကို ချီးမြှင့်ခဲ့သည်။ ရေးသားသမျှ သီချင်းများတွင် ချစ်မိုးစွေ၊ ကဉ္စန၊ နန်းကေသီ စသော ခေတ်ဟောင်းသီချင်းများနှင့် စစ်ပြီးခေတ်တွင်
ကျေးစေတမန်နှင့် မိုးအစရှိသော သီချင်းများ အထူးအောင်မြင်ကျော်ကြားခဲ့သည်။၁၉၇၇ ခုနှစ်၊အောက်တိုဘာလ (၄)ရက် ၊အသက်(၆၉)
နှစ်အရွယ်တွင် ကွယ်လွန်သည်။


ရည်ညွန်းချက်
အခြေံဆိုရေးတီးပညာ နှင့် ခေတ်သုံးခေတ်တေးဂီတသမိုင်း-စန္ဒရားလှမိုး

ကိုလေးညွန့် (တေးပညာရှင်)

အဘဦးမောင်ရှိန်၊ အမိဒေါ်ညွန့်ရီတို့၏ သား ၂ ယောက်အနက် သားကြီး ဖြစ်သည်။ သာယာဝတီခရိုင် သုံးဆယ်မြို့နယ်၊ ဖိုးခေါင်ကျေးရွာတွင် မွေးဖွား၍ ၁၂ လမ်း၊ ရန်ကုန်မြို့တွင် ကြီးပြင်းခဲ့သည်။ မွေးသက္ကရာဇ်မှာ ၄-၁၁-၁၉၃၂ ဖြစ်၍ အမည်ရင်းမှာ ဦးသန်းညွန့် ဖြစ်ပါသည်။
ငယ်စဉ်အခါက ကူရှင်ဟိုက်စကူးကျောင်းတွင် သတ္တမတန်း အောင်ခဲ့ပြီး ၁၉၅၄ တွင် ၁၀ တန်း အောင်မြင်ခဲ့ပါသည်။ ၁၉၅၁ ခုနှစ်မှစ၍ “ဂီတလုလင်” အပျော်တမ်းတူရိယာအဖွဲ့တွင် တေးရေး၊ တေးဆိုပညာရပ်များကို ဆည်းပူးခဲ့ပါသည်။ ၁၉၆၀ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘီအေဘွဲ့ပြီးနောက် ကေသီပန် တူရိယာအဖွဲ့ကို တည်ထောင်ကာ တေးရေးဆရာအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ အဖွဲ့တွင် တေးရေးဆရာ ကိုမြတ်လေး၊ စန္ဒရားချစ်ဆွေ၊ အဆိုတော် ကိုမြကြီး၊ မောင်မောင်ကြီး၊ ခင်မောင်လွင်နှင့် မာမာအေး၊ ထား၊ ခင်သစ်လွင်တို့ ပါဝင်ကြပါသည်။ အဆိုတော် မောင်မောင်ကြီးမှာ အစ်ကိုဝမ်းကွဲ တော်စပ်၍ ညီဖြစ်သူ ဦးကြည်သာ (မြန်မာ့အသံ)က တူရိယာပိုင်းဆိုင်ရာကို တာဝန်ယူပါသည်။
၁၉၆၃ ခုနှစ် ဂီတကောင်စီ (ဗဟို)ကို စတင်ထူထောင်ခဲ့စဉ်က အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၆၄ ခုနှစ်မှ ၁၉၆၆ အထိ မြန်မာ့အသံ ကာလပေါ် ဂီတစိစစ်ရေး အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ပါသည်။ ထိုစဉ်က တိုးနိုင်ဓာတ်ပြား ကုမ္ပဏီနှင့် စူပါဟိုက်ဓာတ်ပြား ကုမ္ပဏီများ၊ ရုပ်ရှင်နောက်ခံတေးများ၊ နိုင်ငံတော်မှ ကြီးမှူးကျင်းပသည့် လွတ်လပ်ရေးနေ့၊ တောင်သူလယ်သမားနေ့နှင့် အလုပ်သမားနေ့များတွင် ဗိုလ်ကလေးတင့်အောင် ဦးဆော်သော ဂီတကောင်စီမှ တင်ဆက်သည့် တေးသရုပ်ဖော်ပြဇာတ်များ၌ တေးသီချင်းများ ရေးသား စပ်ဆိုခဲ့ပါသည်။
၁၉၆၆ မှ ၁၉၉၀ အထိ မအူပင်မြို့ အခြေခံပညာအလယ်တန်းကျောင်း အမှတ် (၁)နှင့် (၂) တို့တွင် အထက်တန်းပြဆရာအဖြစ် တာဝန်ယူအမှုထမ်းခဲ့ပါသည်။ ၁၉၉၄ ခုနှစ်၊ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဒုတိယအကြိမ်မှစ၍ အရေးအကဲဖြတ်ဗဟိုဒိုင် အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ပါသည်။
၂၀၀၀ ပြည့်နှစ် အဆို အက အရေး အတီး ပြိုင်ပွဲ အဋ္ဌမအကြိမ်မှစ၍ ပြည်နယ်များသို့ နှစ်စဉ်သွားရောက်ကာ ဂီတပညာရပ်များ သင်ကြားပို့ချခဲ့ပါသည်။
၁၉၉၅ ခုနှစ် (၅၀) နှစ်မြောက် ရွှေရတုသဘင် တပ်မတော်နေ့မှစ၍ တပ်မတော်နေ့ ဂုဏ်ပြုတေးသီချင်းများ နှစ်စဉ် စပ်ဆိုခဲ့ပါသည်။
၂၀၀၀ ပြည့်နှစ်မှစ၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် (က) ကာလပေါ် တေးဂီတ စိစစ်ရေးအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ (ခ) တေးရေးပညာရှင်ကြီးများ၏ ခေတ်ဟောင်းသီချင်းများ စိစစ်ရေးအဖွဲ့ဝင်အဖြစ် (၁၈၈၅-၁၉၄၇) ထိ လည်းကောင်း၊ (ဂ) ခေတ်ဟောင်းတေးသီချင်းများ စိစစ်ရေးအဖွဲ့ဝင်အဖြစ် (၁၉၄၈ မှ ၁၉၈၉) အထိ တာဝန် ထမ်းဆောင်ခဲ့ပါသည်။
၂၀၀၄ ခုနှစ် နိုင်ငံတော်မှ ချီးမြှင့်သည့် လူမှုထူးချွန် ပထမအဆင့်ကို ရရှိခဲ့ပါသည်။ ၂၀၀၆ ခုနှစ်မှစ၍ မြန်မာနိုင်ငံ ဂီတအစည်းအရုံး ဒုတိယဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ ဇနီးဖြစ်သူ ဒေါ်စန်းစန်းမြင့် (ကွယ်လွန်)နှင့် သား ၃ ယောက် ထွန်းကားခဲ့ပါသည်။ အကြီးဆုံးသားမှာ ၂ နှစ်အရွယ်တွင်လည်းကောင်း၊ အငယ်ဆုံးမှာ ၁ နှစ်အရွယ်တွင်လည်းကောင်း ကွယ်လွန်သွားပြီး ယခုအခါ သားအလတ်ဖြစ်သူ မောင်ဇော်မိုးဝင်းနှင့်အတူ အမှတ် (၈၄) မင်းလမ်း၊ မအူပင်မြို့တွင် နေထိုင်လျက် ဂီတရေးရာများကို ထမ်းဆောင်လျက် ရှိပါသည်။



လှည်းတန်းဦးလူကလေး

လှည်းတန်းဦးလူကလေး

              လှည်းတန်းဦးလူကလေးသည် ၁၂၃၄ ခုနှစ်ဖွားဖြစ်သည်။ ရှေးကခါက ဦးလူကလေး(၃)ဦးရှိသည်။ အရွယ်အကြီးဆုံးသည် လှည်းတန်းဦးလူကလေး ဖြစ်သည်။ မင်းသားကြီး ဦးစိန်ကတုံး၊ ဦးအောင်ဗလ၊ ဦးဖိုးစိန်တို့၏ သီချင်းရေးစပ်သူဖြစ်၍ ကာလသံဆန်းတေးများကို အများဆုံး ဒိုင်ခံရေးစပ်ခဲ့ရာမှ “သံဆန်း” ဦးလူကလေးဟု အလွန်ကျော်ကြားခဲ့သူဖြစ်သည်။
              သို့သော် မျက်စိနှစ်ကွင်း အလင်းမရ၍ ဆရာကြီးနှုတ်မှ ရွတ်ဆိုသမျှ စာသားကိုလိုက်၍ အမီရေးကြရပြီး သီးချင်းတီးလုံးတီးကွက်ကို ကိုယ်ပိုင် ပတ္တလားတီးပြပေးလေ့ရှိသည်။ မဟာဂီတသီချင်းစုနှင့် သံဆန်းတေးများကို ကိုယ်တိုင်ကျနစွာ သီဆိုလေ့ရှိသဖြင့် အဆိုပိုင်းတွင်လည်း ကျော်ကြားလှပေသည်။ လှည်းတန်းဦးလူကလေး၏ သားအကြီးဆုံးဖြစ်သူမှာ အသံတိတ်ရုပ်ရှင်ဇာတ်ပို့ နောက်ခံအဆိုကျော် ဦးသိမ်းမောင် (၁၂၆၃-၁၃၀၁) ဖြစ်သည်။

ရည်ညွှန်းချက်
မဟာဂီတ  စစ်ကိုင်းလှရွှေ
          ရန်ကုန်၊ စာပေဗိမာန်၊ ၁၉၉၄။



ဝဏ္ဏကျော်ထင် ရန်နိုင်စိန်

ဝဏ္ဏကျော်ထင် ရန်နိုင်စိန်

အမည်ရင်းမှာ ဦးခင်မောင်စိန်ဖြစ်သည်။ ၁၉၁၉ခုနှစ်တွင် အဘဦးချစ်၊ အမိဒေါ်မှုန် တို့မှ မွေးဖွားသည်။ မွေးရာဇာတိမှာ ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊သစ်ဆိပ်ရွာဖြစ်သည်။

ရန်ကုန်မြို့၊ မက်သဒစ်ကျောင်းတွင် ပညာသင်ကြားခဲ့ပြီး အသက်၁၆နှစ် အရွယ်မှစ၍ သီချင်းများရေးစပ်ခဲ့သည်။ အေဝမ်းကုမ္ပဏီ အသံထွက်ရုပ်ရှင် လပြာသို ဇာတ်ကားတွင် သီချင်းစတင်ရေးသားသည်ဟု သိရ၏။  မယ်ဒလင်၊ တယော၊ ဘင်ချိုတို့ကို ကျွမ်းကျင်စွာတီးနိုင်ပြီး ဝိုင်အမ်စီအေအသင်းကြီးက ကျင်းပခဲ့သော တူရိယာအတီး ပြိုင်ပွဲတွင် မယ်ဒလင် ပထမဆုရရှိခဲ့သည်။

လက်ဦးဆရာများမှာ ဘဏ်မန်နေဂျာ ဦးပြုံး(မယ်ဒလင်)၊ ဒေါ်မြအေးကြည်နှင့် မန္တလေးမှ ဆရာဘကလေး (အဆိုပညာ)တို့ ဖြစ်၏။ စာရေးဆရာကြီး ရွှေတိုင်ညွန့်ထံတွင် သီချင်းအရေးပညာကို လေ့လာဆည်းပူးခဲ့သည်။ အေဝမ်း၊ ဗြိတိသျှဘားမားနဲ့ ကိုလံဘီယာဓာတ်ပြားကုမ္ပဏီတို့တွင် တေးသီချင်းအများအပြား ရေးသားခဲ့၏။ ခင်ခင်ရီ၏ ဖန်ပေါင်းချောင်၊ စိန်ပါတီ၏ ဝတစ်လုံး၊ ဥသြဘသောင်၏ မဟာဒုက်၊ အလောင်းတော်ကုသ၊ ဘိလပ်ပြန်သန်း၏ လသာတဲ့ည၊ ပြည်လှဖေ၊ မေရှင်တို့၏ မိန်ရာသီ သီချင်းများမှာ ထင်ရှားကျော်ကြားသည်။

မူလက ရွှေဂုဏ်စိန်အမည်ဖြင့် ရေးသားသည်။ ဓာတ်ပြားခေတ်တွင် ရေးသားသော ပြန်လည်ထူထောင်ရေးသီချင်းနှင့် လွတ်လပ်ရေးသီချင်းတို့မှာလည်း ရန်နိုင်စိန်၏ ထင်ရှားသောတေးများဖြစ်သည်။

၁၉၉၄ ခုနှစ်တွင် ဗြိတိသျှဘာမား ရုပ်ရှင်မင်းသမီး အဆိုတော်ခင်ခင်ရီနှင့် အကြောင်းပါ၍ သားတစ်ယောက် ထွန်ကားခဲ့သည်။

မြန်မာ့အသံတွင် ခေတ်ပေါ်တေးဂီတ စိစစ်ရေးအဖွဲ့၊ အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၉၆ခုနှစ်တွင် ကွယ်လွန်သည်။ နိုင်ငံတော်အစိုးရက ချီးမြှင့်ခဲ့သည့် ဝဏ္ဏကျော်ထင်ဘွဲ့ကို ရရှိသူဂီတစာဆိုတော်တစ်ဦးဖြစ်သည်။



ဝိုင်အမ်ဘီ ဆရာတင်

ဝိုင်အမ်ဘီ ဆရာတင်

မြန်မာသက္ကရာဇ် (၁၂၅၅) ခုနှစ်၊တပို့တွဲလဆန်း(၇) ရက်၊ခရစ်သက္ကရာဇ် (၁၈၉၄)
ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၁) ရက် ၊တနင်္ဂနွေနေ့တွင် အဖဦးရန်အောင် ၊အမိဒေါ်သိန်းတို့မှ
မန္တလေး မြို့ ရွှေဘုန်းရှိန် မင်းသားစုရပ်၌ ဖွားမြင်သည်။ အသက်(၆) နှစ် အရွယ် တွင် မန္တလေး မြို့
ဘီတီအင်(ခေါ်) ဗုဒ္ဓသာသနာနုဂ္ဂဟ ကျောင်းတွင် ပညာ စတင် သင်ကြား၍ ယင်းကျောင်းမှပင် (၁၉၀၉) ခုနှစ်
၌ ဆယ်တန်းအောင်မြင်သည်။အမ်ဘီတီ အလွတ်ပညာ ကျောင်းတွင် ကျောင်းဆရာလုပ်ပြီး (၁၉၁၈) ခုနှစ်တွင်
မန္တလေး မြို့ (၈၄) လမ်းနှင့် (၃၆) လမ်းထောင့် ၌ ဗုဒ္ဓဘာသာလူငယ်များအင်္ဂလိပ်အလွတ် ပညာ သင်ကျောင်းကို
ဖွင့်လှစ်သည်။ ကျောင်းဆရာလုပ်ရင်း သီချင်းများရေးသားစပ်ဆို၍ နာမည်ရလာပြီး ၀ိုင်အမ်ဘီဆရာတင်ဟု ထင်ရှား
လာသည်။(၁၉၂ဂ) ခုနှစ်တွင် ဆရာတင် ရန်ကုန် ရောက်စဉ် ယခင်က သိကျွမ်းခဲ့ဘူးသော သခင်ဗသောင်းနှင် တွေ့ဆုံပြီး
သခင်အမည်ခံကာ နိုင်ငံရေး ကြိုးပမ်းမှူများ၌ ပါဝင်ခဲ့သည်။ သို့ဖြင့် ယခုနိုင်ငံတော် သီချင်းအဖြစ် ရောက်ရှိလာသော
တို့ဗမာသီချင်းအကောင်အထည်ပေါ်လာသည်။ တို့ဗမာသီချင်းကို (၁၉၃၀) ပြည့်နှစ် ၊ ဇူလိုင်လ (၂၀) ရက် ၊ တနင်္ဂနွေနေ့
ညနေ (၅) နာရီတွင် ရွှေတိဂုံစေတီတော် ရာဟု ထောင့် တန်ဆောင်းကြီး ၌ အခမ်းအနားဖြင့် ၀ိုင်အမ်ဘီ သခင်တင်
ကိုယ်တိုင်သီဆိုခဲသည်။သီချင်းပုဒ်ရေ အများအပြားရေးစပ်ခဲ့သည်။ မိုးကုတ်သူ ဒေါ်သီတာနှင့် အိမ်ထောင်ကျသည်။
သားသမီးမထွန်းကားခဲ့ပေ ။ ဂီတနယ်ပယ်တွင် တိုင်းကျိုးပြည်ပြုသီချင်းများ ရေးသားရင်း ၊မြန်မာသက္ကရာဇ် (၁၃၁၂) ခု
ဒုတိယ ဆိုလပြည့်ကျော် (၁၀) ရက် ၊ခရစ်သက္ကရာဇ် (၁၉၅၀) ပြည့်နှစ်၊ သြဂုတ်လ (၈) ရက်တွင် ကွယ်လွန်သည်။ကွယ်
လွန်ချိန်၌ အသက် (၅၆) နှစ်ဖြစ်သည်။ မကွယ်လွန်မီ (၁၉၅၀)ပြည့်နှစ် ဇန်န၀ါရီလ (၄) ရက်တွင် သခင်တင်အား
နိုင်ငံတော်အစိုးရက ၀ဏ္ဏ ကျော်ထင် ဘွဲ့ပေးအပ်ချီးမြင့်ခဲ့သည်။။


ရည်ညွန်းချက်
၁။ မြန်မာ့စွယ်စုံကျမ်း အတွဲ (၁၂)
၂။ တို့ဗမာသီချင်း (၃၅)နှစ်မြောက် နှင့် ၀ိုင်အမ်ဘီ သခင်တင် အထိမ်းအမှတ်စာအုပ်




သဟာယဆရာတင်

သဟာယဆရာတင်သည် ၁၉၁၀ ခုနှစ်တွင် မွေးဖွားသည်။ ငယ်မည် မောင်တင်ဖြစ်သည်။ ပြည်မြို့ဇာတိဖြစ်ပြီး ပွဲစားကြီး ဦးဘိုးလူနှင့် ဒေါ်ဒေါ်အုံးတို့၏ သားသမီးခြောက်ယောက်အနက် တတိယမြောက်သား ဖြစ်သည်။ ပြည်မြို့ အစိုးရအထက်တန်းကျောင်းတွင် (၇)တန်း အောင်မြင်ပြီး ရန်ကုန်မြို့ အင်္ဂလိပ်မက်သဒစ်ကျောင်းတွင် ဆက်လက်ပညာဆည်းပူးခဲ့သည်။

သဟာယမောင်တင်အမည်ဖြင့် ယူနီဗာစီတီမြသန်းကြည်၊ ချင်းမလေးအောင်စိန်၊ တက္ကသိုလ်ပြည်သိမ်းတင် စသည့် နာမည်ကြီး အငြိမ့်မင်းသမီးများအတွက် အငြိမ့်သီချင်းများ စတင်ရေးသားခဲ့သည်။

နာမည်ရလာသဖြင့် ခွေးတံဆိပ် ဓာတ်ပြားကုမ္ပဏီနှင့် ကိုလံဘီယာဓာတ်ပြားကုမ္ပဏီတို့အတွက် သီချင်းပုဒ်ရေ (၅၀)ကျော်ရေး၍ ဓာတ်ပြားသွင်းခဲ့ရသည်။
ထို့နောက် အေ၀မ်းရုပ်ရှင်ကုမ္ပဏီတွင် လခစားဝင်ရောက်လုပ်ကိုင်ပြီး ကြယ်တာရာ၊ စိမ်းရွှေရွှေ၊ တောင်ညိုညို၊ ဖူး၊ ဒွေးညီနောင် စသည့် အသံတိတ် ရုပ်ရှင်ကားများအတွက် နောက်ခံတေးသီချင်းများ ရေးသားခဲ့သည်။ အသံထွက်ရုပ်ရှင်ခေတ် ရောက်သည့်အခါ အေ၀မ်းရုပ်ရှင်ကုမ္ပဏီက ရိုက်ကူးသော ချစ်စနိုး၊ မြှားနတ်မောင်၊ တစ်လိမ်နှစ်လိမ်၊ ချစ်ရေစင်၊ ချစ်အမျှ၊ စောင်းတော်ရှင် ဇာတ်ကားများအတွက် ဇာတ်ဝင်တေးသီချင်းများ တာဝန်ယူရေးခဲ့ရသည်။ အေ၀မ်းရုပ်ရှင်မှ သဘင်ဝန်ဓာတ်ပြားများ ထုတ်လုပ်ခဲ့ရာ၌ သဟာယဆရာတင်၏ သီချင်းအပုဒ် (၃၀)ကျော် ဓာတ်ပြားသွင်းခဲ့ရသည်။
သဟာယဆရာတင် သီချင်းများတွင် မလှရွှေ၏ စန္ဒကိန္နရီ၊ မေရှင်၏ အောင်ခြင်းရှစ်ပါး၊ ရွှေပြောင်ပြောင်၊ ချစ်ရေစင်၊ ချစ်ပွဲဝင်၊ မဲဇာမြိုင်၊ ရှေးဘုရင်၊ ပြည်လှဖေ၏ ဂုဏ်မြင့်သူ၊ ဖုတ်သွင်းရထား၊ မောင်တင်မောင်၏ ဘုန်းမောင့်သက်လှယ်၊ မေမြင့်၏ ကလေးစိတ်၊ တင်တင်အေး၏ ပျို့ဆုတောင်း စသည့် သီချင်းများမှာ ကျော်ကြားသည်။
၁၉၄၈ ခုနှစ် အသက် (၃၈)နှစ်တွင် ကွယ်လွန်သည်။ သဟာယဆရာတင် ကွယ်လွန်သောအခါ ဇနီးဒေါ်သောင်း၊ သားမောင်ခင်ညွန့်၊ မောင်ထွန်းမြင့်၊ သမီးမာချိုနှင့် မာ တို့ ကျန်ရစ်ခဲ့သည်။



သောတမောင်

သောတမောင်

ကိုတင်မောင် (ခ) သောတမောင်သည် ဝါးခယ်မမြို့နယ်၊လမ်းသမိုင်ရွာ၊ ရွှေပန်းထိမ်ဆရာကြီး ဦးချစ်နှင့် ဒေါ်စိုးတို့မှာ ၁၂၈၁ခုနှစ်တွင် မွေးဖွားခဲ့သည်။

ဆယ်တန်းအထိ ပညာသင်ကြားခဲ့ပြီး ဂီတဘက် စိတ်သန်နေမှုကြောင့် ကျောင်းမတက်တော့ဘဲ တယော၊ ဘင်ဂျို၊ မယ်ဒိုလင်တို့ကို သင်ကြားတတ်မြောက်သည်။ ဆရာရင်းများမှာ ဆရာရွှေပြည်အေး၊ အေဝမ်းခင်မောင်၊ ဂီတာစိမ်းမောင်တို့ဖြစ်ပြီး ရုပ်ရှင်ပြဇာတ်များ၊ အသံလွှင့်တီးဝိုင်းများ၊ တယောထိုးပေးခြင်းနှင့် ဂီတနယ်သို့ ရောက်ရှိလာခဲ့သည်။

ရုပ်ရှင်တေးများ လိုအပ်သလို ရေးပေးရသည်။ ရန်ကုန်ရုပ်ရှင်မှ ခင်ရဲ့ဝါသနာဇာတ်ကားတွင် “မြင်းလှည်းလေးနဲ့ခေါ်” သီချင်းကို ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်ဆိုပေးခဲ့သည်။ ပထမပိုင်းတွင် သောတမောင်သည် “ခေတ်စမ်းတင်” ဟူသောအမည် သုံးခဲ့သော်လည်း နောက်ပိုင်းတွင် သောတမောင် ကလောင်အမည်ဖြင့် အေဝမ်းကုမ္ပဏီသို့ ပြောင်းရွှေ့ရေးပေးသည်။ “မြဲတဲ့သစ္စာ”၊ “ချစ်သက်ဝေ” ဇာတ်ကားများတွင် မေသစ်၊ ကြည်ကြည်ဌေးတို့အတွက် သီချင်းများ ရေးပေးသည်။

ဆရာသောတမောင်၏ သီချင်းများသည် စာသားဖွဲ့ဆိုမှု လွယ်ကူသောသံစဉ်ကို အလေးထားရေးသားသည့်အတွက် လူအများ ကြိုက်နှစ်သက်ပြီး ယခုအချိန်အထိ လူတကာလိုက်ဆိုနေကြသော သီချင်းများအဖြစ် ကျော်ကြားလျက်ရှိသည်။

သီချင်းအချို့ ဖော်ပြရလျှင် မေသစ် သီဆိုသော ပစ်တိုင်းထောင်၊ စမ်းရေအိုင်၊ လမင်းကြီးသာစမ်းပါ၊ နွားညီနောင်၊ ငွေဗျိုင်းဖြူ၊ ရွှေကျီးလေး၊ လီလီကြာညွန့်သီဆိုသော တွေးရခက်ကြီး၊ မေလှမြိုင်၏ ဆောင်းအမီ၊ ခင်ခင်ညွန့်၏ ရွှေနှင်းဆီ၊ သဲလွန်းတယ်၊ ကျေးဇူးရှင်မျောက်မင်း၊ ပဒေသာပင်၊ ခင်ယုမေ၏ ရိုင်းတဲ့စင်ရော်၊ ကိုမျိုးလှိုင်+ခင်ယုမေတို့၏ မြင်းလှည်းလေးနဲ့ခေါ် သီချင်းတို့ ဖြစ်ပါသည်။

ဆရာသောတမောင်သည် ၁၉၄၆ခုနှစ်တွင် ဥက္ကံသူ ဒေါ်တင်တင်နှင့် အိမ်ထောင်ကျပြီး ၁၉၅၅ခုနှစ်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်သည်။ ကွယ်လွန်ချိန်၌ ဇနီးဒေါ်တင်တင်နှင့် သားနှစ်ယောက်၊ သမီးတစ်ယောက် ကျန်ခဲ့သည်။



ဦးသက်တင် (မန္တလေး)

ဦးသက်တင် (မန္တလေး)

ဦးသက်တင် (မန္တလေး)မှာ ဝိုင်အမ်ဘီအေဆရာတင်၏ တပည့်ဖြစ်၍ နေမျိုးဗလကျော်သူဘွဲ့ရ ရွာစားကြီး ဦးစိန်ဗေဒါ၏ဓာတ်ပြားသီချင်းများ ရေးသားပေးရပါသည်။ ဦးစိန်ဇေဒါအတွက် ပထမဆုံးရေးပေးသောသီချင်းမှာ “မြန်မာ့တူရိယာ”သီချင်း ဖြစ်ပါသည်။ ဦးသက်တင် ရေးသားသောသီချင်းများမှာ ၂၅ပုဒ်လောက်ရှိခဲ့သည်ဟု သိရပါသည်။ တိမ်မြုပ်နေသည့် ပန်တော်ချင်း (ခေါ်) ထန်းဖိုထန်းလျက်သီချင်းကို ဦးစိန်ဗေဒါကိုယ်တိုင် သီဆိုဓာတ်ပြားသွင်းခဲ့ကြောင်းနှင့်  ဘို့နှစ်ဘို့၊ အလှူတော်၊ လူပျိုစင်၊ ပဉ္စသိင်္ခ၊ မင်္ဂလာရကင်း၊ ကျေးဇူးလည်ပြန်၊ မင်္ဂလာယင်မည့်သတို့သား၊ အလှပြိုင်ပွဲ စသောသီချင်းများမှာ ဓာတ်ပြားလောက၌ ကျော်ကြားပါသည်။

ဦးသက်တင်သည် အငြိမ့်မင်းသမီးများဖြစ်ကြသော ဒဂုန်ခင်လှကြည်၊ လေဘာတီမမြရင်၊ ပျော်တော်ဆက် မတင်အောင်၊ နေပြည်တော်မြရီ၊ ဥသြမယ်တင်၊ ဒီးဒုတ်သန်းရီ၊ အာဇာနည်ညွှန့်ရီ၊ မြန်မာအဆွေ မအေးခင်၊ ပဟိုရ်စည်မြလေး၊ ဗန္ဓုလ မြသန်းရီ၊ ဒေါ်သြဘာသောင်းတို့အတွက် သီချင်းများကို ရေးသားခဲ့သူဖြစ်ပါသည်။ ဦးသက်တင်၏ မိဘများမှာ မန္တလေးမြို့ ချမ်းမြသာစည် မြောက်ရွာသစ်ပိုင်းနေ ဦးပေါက်၊ ဒေါ်ထူးတို့ဖြစ်ပြီး ၁၂၆၁ခုနှစ် ဝါဆိုလပြည့်ကျော် ၁၃ရက်တွင် မွေးဖွားပါသည်။ မွေးချင်းလေးဦးရှိသည့်အနက် တစ်ဦးတည်းသော သားယောက်ျားလေးဖြစ်သည်။ အသက်၈၀ကျော်အထိ မန္တလေးမြို့မ တူရိယာအဖွဲ့နှင့် မခွဲတမ်းလိုက်ပါ၍ ဂီတဝါသနာကြီးသူပီပီ ပျော်ရွှင်စွာ နေထိုင်လျက်ရှိကြောင်း သိရပါသည်။


ရည်ညွှန်းချက်


ဗိုလ်ကလေးဦးတင့်အောင်ပြုစုပါသည်။



အရှေ့ပိုင်းဆရာချစ်

အရှေ့ပိုင်းဆရာချစ်

အရှေ့ပိုင်း ဆရာချစ်သည် သိချင်းရေးဆရာ လှည်းတန်း ဦးလူကလေး၊ဦးအောင်ချင်း ၊၁၂ လမ်းဆရာဖောင်၊
မန္တလေး ဆရာထာ တို့ နှစ် အတူ ခွေးတံဆိပ် ဓာတ်ပြားကုမ္ပဏီ၏ ပင်တိုင် စာရေး ဆရာတစ်ဦးဖြစ်သည်။
ဦးစွာ ပထမ အငြိမ့်များတွင် သီချင်းရေးပြီး ၁၉၀၉ ခု၊ခွေးတံဆိပ်ဓာတ်ပြား ပေါ်ပေါက်လာသည့်အခါ ဓာတ်ပြား သီချင်း
များ ရေးသားခဲ့သည်။ အရှေ့ပိုင်း ဆရာချစ်သည် နန်းတော်ရှေ့ ဆရာတင် ထက်အသက်ကြီး သည်၊နန်းတော်ရှေ့ ဆရာတင်ကို
အရှေ့ပိုင်းဆရာချစ်က ခွေးတံဆိပ်ဓာတ်ပြား ကုမ္ပဏီ နှု အဆက်အသွယ် ပြုပေးသဖြင့် သီချင်းများရေးရသည်၊
အဆိုတော်မကြည်အောင်သည် အရှေ့ပိုင်းဆရာချစ်ကြောင့်ပင် အဆိုတော် ဖြစ်လာရသည် ဟု ဆိုရမည်၊မကြည်အောင်အား
ဆရာချစ်ကပင် ခွေးတံဆိပ်ဓာတ်ပြားကုမ္ပဏီ နှင့် ဆက်သွယ်ပေး ပြီး ဆရာချစ်၏ ကိုလေအိုးသီချင်းဖြင့် မကြည်အောင်
နာမည်ကြီးလာသည်။ ကိုလေအိုးသီချင်းကို ဓတ်ပြား ထွက်လာသည်နှင့်ရောင်း၍ မလောက်အောင်စွံခဲ့သည်။
ဆရာချစ်သည် သီချင်းရေး ဆရာသာ မဟုတ်သေး၊လန်ဒန်အတ်ဦးအုန်းမောင် ကိုအကြောင်းပြု၍ ရုပ်ရှင် လောကတွင် သီချင်းလည်းရေး၊
သရုပ်ဆောင်လည်းလုပ် ခဲ့သည်၊ ဗိုလ်ဝ၊ဗိုလ်ကျော် စသည့် စတန့် ဇတ်ကားများတွင် ဒါရိုက်တာ ဦးတုတ်ကြီး၊ဦးချစ်ဖေ၊ဆားဘထွန်းတို့နှင့်အတူ သရုပ်ဆောင်ခဲ့ဘူးသည်။





အလင်္ကာကျော်စွာစိန်ဝေလျှံ

ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့အပိုင်၊ ရင်းဆွေရွာနေ ဦးပေါ၊ ဒေါ်တုတ်တို့၏ သားသမီးခြောက်ယောက်အနက်မှ စတုတ္ထမြောက်သားတစ်ဦး ဖြစ်သည်။ ငယ်စဉ် (၆)နှစ်သားမှအပြု၍ ရန်ကုန်မြို့ ပုသိမ်ညွန့်၊ ၀ိဇယာမကျောင်းတိုက် ဆရာတော် ဦးသုမနနှင့် သရက်တောကျောင်းတိုက် ကျောက်ပန်းတောင်းဆရာတော်ကြီးတို့ထံတွင် ကိုးနှစ်တာကာလပတ်လုံး ရှင်သာမဏေဘ၀ဖြင့် တပည့်ခံခဲ့ပေသည်။ ခေတ်ပညာကိုလည်း ကိုးတန်းအထိ သင်ကြားဖူးသည်။ ဆရာစိန်ဝေလျှံသည် ဂီတပညာကို တယောဦးဘရီ၊ တယောဦးဘတူတို့ထံတွင် ဆည်းပူးခဲ့သည်။ (၁၉)နှစ်သားတွင် ခွေးတံဆိပ်ဓာတ်ပြားကုမ္ပဏီတွင် ဂီတမှူးအဖြစ် သုံးနှစ်တာမျှ တာဝန်ယူ ဆောင်ရွက်ခဲ့ပေသည်။ အဆိုတော် စိန်ဂျွန်းခင်မေနှင့် အိမ်ထောင်ပြုသည်။ စိန်မဟာသဘင်တွင် သီချင်းရေးဆရာအဖြစ်၊ ရှေ့ပိုင်းမင်းသားအဖြစ် သိပ္ပံမြိုင်နှင့်တွဲကာ ရှစ်နှစ်တာမျှ ကပြခဲ့ဖူးလေသည်။ သိမ်ချောင်းသူ ဒေါ်လှကြည်နှင့် အိမ်ထောင်သစ်ထူကာ သားသမီးနှစ်ယောက် ထွန်းကားလေသည်။ ၁၉၅၆ ခုနှစ်တွင် ယဉ်ကျေးမှုဌာန၌ တာဝန်ခံအရာရှိအဖြစ်ဖြင့် တရုတ်ပြည်၊ ရုရှားပြည်၊ ချက်ကိုစလိုဗေးကီးယားပြည်တို့ကို ခရီးလှည့်ရပြီးနောက် “အလင်္ကာကျော်စွာ”ဘွဲ့ ချီးမြှင့်ခြင်း ခံရသည်။ အစိုးရဌာနမှ ပင်စင်ယူပြီး ရုပ်ရှင်ကုမ္ပဏီများနှင့် တက်တိုး ဓာတ်ပြားကုမ္ပဏီတွင် ကန်ထရိုက်ယူ၍ တေးဂီတများကို ထုတ်လုပ်ခဲ့သည်။
ဆရာစိန်ဝေလျှံ၏ ဆရာအရင်းများမှာ ဘုရားဒကာကြီး ဦးဖိုးစိန်၊ ကောလိပ်စိန်၊ ရွှေမန်းစင်တော်ဆရာကြည်၊ စာရေးဆရာကြီး ဆရာသောင်း၊ ဆရာအောင်၊ ဆရာဘကြီး (မန်း)၊ ဆရာဘကလေး (အလင်္ကာကျော်စွာ၊ မန်း)၊ စန္ဒရားဆရာညွန့်ကြီး၊ ဦးစံဝင်း (မန်းကုန်ရုံဝန်ထောက်)၊ ရွာစားကြီးဦးဘမောင် (အလင်္ကာကျော်စွာ)၊ နှဲဦးဖိုးကာ၊ ဦးဟန်ပ (အလင်္ကာကျော်စွာ)၊ ဆရာရွှေပြည်အေး (အလင်္ကာကျော်စွာ)၊ စန္ဒရားဆရာမြိုင်၊ ဒေါ်စောမြအေးကြည် (အလင်္ကာကျော်စွာ) နှင့် စောင်းဆရာငြိမ်း တို့ ဖြစ်ကြသည်။ စန္ဒရားအေ၀မ်ခင်မောင်ထံတွင် ရုပ်ရှင်စန္ဒရားတီးပညာကို သင်ကြားခဲ့သည်။ ၁၉၇၄ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့၊ အသက် (၆၁)နှစ် တွင် ကွယ်လွန်သည်။

ရည်ညွှန်းချက်
     အခြေခံ ဆိုရေးတီးပညာနှင့် ခေတ်သုံးခေတ် ဂီတသမိုင်း  -  စန္ဒရားလှမိုး



အေ၀မ်းဆရာညှာ

ဆရာညှာကို ၁၉၀၃ ခုနှစ်၊ မန္တလေးမြို့ မင်းတဲအီကင်းရပ်တွင် အဖဦးခန့်ကြီး၊ အမိ ဒေါ်လှတို့မှ ဖွားမြင်သည်။ အမည်ရင်းမှာ စိန်ဖိုး ဖြစ်သည်။ (၁၀)နှစ်သား အရွယ်တွင် မျက်စိကွယ်ခဲ့သည်။
ဆရာညှာသည် ဘ၀ကို အရှုံးမပေးဘဲ ပလွေဆရာကြီး ဦးလှထံတွင် ပလွေမှုတ်သင်ကြားခဲ့သည်။ ပလွေမှုတ်တတ်လာပြီးနောက် နှဲဆရာဦးဌေး၊ ဦးစိုးဘူးနှင့် ဦးချစ်မောင်တို့ထံတွင် နှဲမှုတ်ပညာကို သင်ယူခဲ့ပြန်သည်။ နှဲမှုတ်ပညာ တတ်မြောက်လာသောအခါ မန္တလေးမြို့ ဆိုင်းတန်းရုပ်ရှင်ရုံ၌ အသံတိတ် ရုပ်ရှင်တီးဝိုင်းတွင် နှဲဆရာ ဖြစ်လာသည်။
ဆရာညှာသည် တေးရေးဆရာ ရတီစိန်ထံတွင် သီချင်းရေးစပ်နည်း သင်ကြား၍ မန္တလေးမြို့ သီပေါရုပ်ရှင်ရုံတွင် ပြသသည့် အသံတိတ်ကားများအတွက် ကြော်ငြာသီချင်း၊ နောက်ခံသီချင်းများ ရေးစပ်ပေးသည်။ ယင်းရုပ်ရှင်ရုံတွင် တီးဝိုင်းဆရာ ဦးကျော်အေး၏ တီးဝိုင်းတွင်လည်း နှဲဆရာကြီး ဖြစ်လာသည်။ နောင်အခါတွင် ရုပ်ရှင်တီးဝိုင်းအဖွဲ့၌ သီချင်းရေးဆရာအဖြစ်လည်းကောင်း၊ တီးဝိုင်းအုပ်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ဆရာညှာသည် နှဲအတတ်ပညာသာမက တယော၊ ထရမ်းပက်နှင့် ကလဲရီနက်များကိုလည်း တီးမှုတ်တတ်ပြီး မန္တလေးမြို့မ တီးဝိုင်း၌ နာယကအဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သည်။
ဆရာညှာသည် စစ်ကြိုခေတ်၊ ဂျပန်ခေတ်၊ စစ်ပြီးလွတ်လပ်ရေးခေတ်မှစ၍ မျက်မှောက်ခေတ်တိုင် အောင်မြန်မာရုပ်ရှင်၊ ဓာတ်ပြား၊ မြန်မာအငြိမ့်ဇာတ်သဘင်၊ ပြဇာတ် အရပ်ဇာတ်နှင့် ရေသဘင်တီးဝိုင်းများအတွက် တေးသီချင်း အမြောက်အမြား ရေးသားပေးခဲ့လေသည်။
ဆရာညှာသည် အေ၀မ်းကုမ္ပဏီတွင်လည်း ဂုဏ်တော်ဖွင့်၊ သုဝဏ္ဏသျှံ၊ မေတ္တာဂုဏ်၊ ချစ်ဗျူဟာ၊ မဟာမြတ်မုနီ၊ အနန္တငါးဖြာ၊ တေမိယ၊ ရွှေအင်းဝ၊ မဂ္ဂင်ရှစ်ပါး၊ မြတ်ဒါန၊ မဟာဇနက၊ တို့သာသနာနှင့် ချစ်ပန်းပွင့် စသော သီချင်းများ ဓာတ်ပြားသွင်းရာတွင် အေ၀မ်းဆရာညှာအဖြစ် အမည် ထင်ရှားခဲ့သည်။
ဂျပန်ခေတ် စစ်ကာလတွင် မန္တလေးမြို့၌ အမျိုးသားလှုံ့ဆော်ရေး တေးသီချင်းများ ရေးစပ်ခဲ့သည့်အပြင် ရွှေမန်းတင်မောင် ဇာတ်အဖွဲ့နှင့် တွဲဖက်ကာ ပြဇာတ်၊ ကဇာတ် တေးသီချင်းများ ရေးသားစပ်ဆိုပေးခဲ့ရာ မျက်မှောက်ခေတ်တိုင်အောင်ပင် ဖြစ်လေသည်။ ဆရာညှာသည် စစ်အောင်နိုင်ရေး တေးသီချင်းများနှင့် အလုပ်သမား အငြိမ့်သီချင်းများကိုလည်း မလွတ်တမ်း ရေးသားစပ်ဆိုပေးခဲ့သည်။
ရွှေမန်းတင်မောင် ညဥ့်ဝက်စနစ်တီထွင် ကပြသည့်အခါ ဆရာညှာသည် တီးဝိုင်းနှစ်ဝိုင်းတွင် ၀ိုင်းအုပ်အဖြစ် တာဝန်ယူ၍ ကိုယ်တိုင်ပါဝင် နှဲမှုတ်ခဲ့သည်။ ထိုအတောအတွင်း ပြည်ထောင်စုမြန်မာနိုင်ငံတော် ယဉ်ကျေးမှုဌာနမှ ဆရာညှာကို ဂီတအကြံပေးနည်းပြ ပုဂ္ဂိုလ်အဖြစ် ခန့်ထားခဲ့သည်။
ဆရာညှာသည် ၁၉၇၈ ခု၊ နိုဝင်ဘာလ (၄) ရက်နေ့၊ အသက် (၇၅)နှစ်အရွယ်တွင် မန္တလေးမြို့ အီကင်းရပ်ကွက် နေအိမ်၌ ကွယ်လွန်ခဲ့သည်။

ရည်ညွှန်းချက်
   သမီးကြီးဖြစ်သူ ဒေါ်တင်အုန်းမှ ပေးပို့သည်။



ဧရာဝဏ် ဦးအောင်ဒွန်း

ဧရာဝဏ် ဦးအောင်ဒွန်း (အတွဲ ၁မှ )

မန္တလေးမြို့ မြောက်ပြင် ဇာတိဖြစ်သည်။ (၁၈) နှစ်သားအရွယ်တွင်
စာရေးဆရာ ဖြစ်လာသည်။ ရုပ်သေးအဖွဲ့တွင် ဧရာဝဏ် ဇတ်ခင်းလျှင် ဆင်ရုပ်ဆွဲသူဖြစ်၍
ဧရာဝဏ်ဦးအောင်ဒွန်း ဟု ခေါ်တွင်သည်။ ဦးဖိုး စိန် ဇတ်၌ ဇတ်ကြီး(၁၀) ဘွဲ့၊အီနောင်ဇတ်
စသည့်တို့ ကပြရာတွင် ဇတ်လမ်း၊ဇတ်ကွက် ငိုချင်းနှင့် တေးသီချင်းများ တာဝန်ယူ ရေးပေးရသည်။
ကာရန် နဘေထပ်စကား များ၊တေးသီချင်းများကို မျက်မြင်လက်တန်း စပ်ဆိုတတ်ပြီး တင်ကြိုရေးပေးလေ့
မရှိကြောင်းမှတ်သားရသည် ။ ဦးအောင်ဒွန်း သည် မြစ်ဝကျွန်းပေါ် ဖျာပုံခရိုင် ဒေးဒရဲအပိုင်၊ ဆီးဖြူ ကုန်းရွာ ၊
(၁၀) ရွာ အုပ်သူကြီးဖြစ်သည်။ဦးဖိုး စိန်က မိမိ၏ ဇတ်အတွက် လိုအပ်သည့်အခါမှကိုယ်ပိုင်မော်တော်ဖြင့်
ဦးအောင်ဒွန်းအား သွားရောက်ခေါ်ယူပြီး ဇတ်သီချင်းများ ရေးခိုင်းရသည် ဟု ဆိုပါသည်။



ဦးဥာဏ

ဦးဥာဏ
အမည်ရင်းမှာ ဦးအုန်းမောင်ဖြစ်သည်။၁၉၀၁ ခုနှစ်၊ နတ်တော်လကွယ်၊ တနင်္ဂနွေ နေ့တွင် ဖွားမြင်
သည်။ ဇနီးအမည်မှာ ဒေါ်မြဖြစ်ပြီး သမီးများ၏ အမည်မှာ မလှမြင့်၊မြမြ၀င်း၊ဖြူဖြူဝင်း၊နီနီဝင်း ဖြစ်သည်။
သားများ၏အမည်မှာစောထွဋ်၊ရဲထွဋ်၊ငွေထွဋ် တို့ဖြစ်သည်။ဒေါ်မြ နှင့် (၁၆) နှစ် အရွယ်တွင် အိမ်ထောင်ကျပြီးနောက်
ရန်ကုန်သို့ တက်လာကာဒဂုန်ဥာဏ ကလောင်အမည်ဖြင့် စာရေး၍ အသက်မွေး ၀မ်းကျောင်း ပြုလုပ်သည်။
ထို့နောက် ဇတ်ညွန်းဆရာ၊သီချင်းရေးဆရာ၊ရုပ်ရှင်ဒါရိုက်တာဖြစ်လာသည်။၁၉၄၆ ခုနှစ်တွင် ပြန်ကြားရေး ဌာနတွင်
ညွန်ကြားရေးဝန်အဖြစ် ဖြင့် ခန့်အပ်ခြင်းခံရလေသည်။ထို့နောက်ရုပ်ရှင် နှင့်ပြဇတ်ဌာန ခွဲကို တည်ထောင်သောအခါ
ရုပ်ရှင်နှင့်ပြဇတ်ဌာန ပထမဆုံး ညွန်ကြားရေးဝန် အဖြစ်ဖြင့် ခန့်အပ်ခြင်းခံရလေသည်။ဒုတိယ ကမ္ဘာစစ် အပြီးတွင် သတင်း
စာ ဆရာဖြစ်လာသည်။ဂျိုကာ အမည် ဖြင့်မြန်မာ့ အလင်းသတင်းစာတွင် ဆောင်းပါးများ ကို ရေးခဲ့သည်။ သို့သော်သူ၏
အသက်မွေးဝမ်းကျောင်းအလုပ်ကား ရုပ်ရှင်ဇတ်ညွန်းရေးခြင်းနှင့် ရုပ်ရှင် ဇတ်ကားရိုက်ကူးခြင်းသာ ဖြစ်နေပေသည်။
သတင်းစာ နှင့် နိုင်ငံရေးတို့ကား ၀ါသနာ အလုပ်များသာဖြစ်ပြီး ဇတ်ညွန်းရေးခြင်းသည် သူ၏ထာဝစဉ် အလုပ်ဖြစ်ခဲ့၏။
သူ၏အတွေးအခေါ်များမှာသိပ္ပံနည်းကျသည်။အမျိုးသားလွတ်မြောက်ရေးနှင့် နယ်ချဲ့ဆန်ကျင်ရေးတွင်လည်း တစ်တပ်တစ်အား
ပါဝင်ခဲ့သော မျိုးချစ်ပုဂ္ဂိုလ်ကြီးလည်းဖြစ်လေသည်။ ၁၉၆၈ ခုနှစ်၊ဇွန်လ (၁) ရက်နေ့၊ တနင်္ဂနွေနေ့တွင် ကွယ်လွန်သည်။

ရည်ညွန်းချက်
ဥာဏနိဒါန်း ပြည်သူ့ စာတိုက်ကြီး

ဦးဥာဏ

ဦးဥာဏ
အမည်ရင်းမှာ ဦးအုန်းမောင်ဖြစ်သည်။၁၉၀၁ ခုနှစ်၊ နတ်တော်လကွယ်၊ တနင်္ဂနွေ နေ့တွင် ဖွားမြင်
သည်။ ဇနီးအမည်မှာ ဒေါ်မြဖြစ်ပြီး သမီးများ၏ အမည်မှာ မလှမြင့်၊မြမြ၀င်း၊ဖြူဖြူဝင်း၊နီနီဝင်း ဖြစ်သည်။
သားများ၏အမည်မှာစောထွဋ်၊ရဲထွဋ်၊ငွေထွဋ် တို့ဖြစ်သည်။ဒေါ်မြ နှင့် (၁၆) နှစ် အရွယ်တွင် အိမ်ထောင်ကျပြီးနောက်
ရန်ကုန်သို့ တက်လာကာဒဂုန်ဥာဏ ကလောင်အမည်ဖြင့် စာရေး၍ အသက်မွေး ၀မ်းကျောင်း ပြုလုပ်သည်။
ထို့နောက် ဇတ်ညွန်းဆရာ၊သီချင်းရေးဆရာ၊ရုပ်ရှင်ဒါရိုက်တာဖြစ်လာသည်။၁၉၄၆ ခုနှစ်တွင် ပြန်ကြားရေး ဌာနတွင်
ညွန်ကြားရေးဝန်အဖြစ် ဖြင့် ခန့်အပ်ခြင်းခံရလေသည်။ထို့နောက်ရုပ်ရှင် နှင့်ပြဇတ်ဌာန ခွဲကို တည်ထောင်သောအခါ
ရုပ်ရှင်နှင့်ပြဇတ်ဌာန ပထမဆုံး ညွန်ကြားရေးဝန် အဖြစ်ဖြင့် ခန့်အပ်ခြင်းခံရလေသည်။ဒုတိယ ကမ္ဘာစစ် အပြီးတွင် သတင်း
စာ ဆရာဖြစ်လာသည်။ဂျိုကာ အမည် ဖြင့်မြန်မာ့ အလင်းသတင်းစာတွင် ဆောင်းပါးများ ကို ရေးခဲ့သည်။ သို့သော်သူ၏
အသက်မွေးဝမ်းကျောင်းအလုပ်ကား ရုပ်ရှင်ဇတ်ညွန်းရေးခြင်းနှင့် ရုပ်ရှင် ဇတ်ကားရိုက်ကူးခြင်းသာ ဖြစ်နေပေသည်။
သတင်းစာ နှင့် နိုင်ငံရေးတို့ကား ၀ါသနာ အလုပ်များသာဖြစ်ပြီး ဇတ်ညွန်းရေးခြင်းသည် သူ၏ထာဝစဉ် အလုပ်ဖြစ်ခဲ့၏။
သူ၏အတွေးအခေါ်များမှာသိပ္ပံနည်းကျသည်။အမျိုးသားလွတ်မြောက်ရေးနှင့် နယ်ချဲ့ဆန်ကျင်ရေးတွင်လည်း တစ်တပ်တစ်အား
ပါဝင်ခဲ့သော မျိုးချစ်ပုဂ္ဂိုလ်ကြီးလည်းဖြစ်လေသည်။ ၁၉၆၈ ခုနှစ်၊ဇွန်လ (၁) ရက်နေ့၊ တနင်္ဂနွေနေ့တွင် ကွယ်လွန်သည်။

ရည်ညွန်းချက်
ဥာဏနိဒါန်း ပြည်သူ့ စာတိုက်ကြီး






No comments:

Post a Comment

Note: Only a member of this blog may post a comment.