Wednesday, May 22, 2013

အဆိုတော်များအတ္ထုပတ္တိ ( ၂ )




မေသန်း

မေသန်း

              ဒေါ်မေသန်း၏ အမည်ရင်းမှာ ဂရေစီ ခေါ် မသန်းတင်ဖြစ်၏ ။ မြင်းခြံမြို့ မီးပေါင်(မီးအာမခံ) ကိုယ်စားလှယ် မစ္စတာတီအမ် တာတီယပ်စ်နှင့် ဒေါ်စောနန်းညွှန့် (ရှမ်းအမျိုးသမီး) တို့မှ ၁၉၁၆ ခုနှစ်တွင် မွေးဖွားသည်။ သားသမီး ခြောက်ယောက်အနက် စတုတ္ထမြောက်သမီးဖြစ်သည်။ မြင်းခြံမြို့ အေဘီအမ်ကျောင်းမှ အင်္ဂလိပ်မြန်မာ ခုနှစ်တန်းအောင်မြင်ခဲ့သည်။

              မြန်မာအဆွေ အေဝမ်းရုပ်ရှင်ကုမ္ပဏီတွင် ရုပ်ရှင်မင်းသမီးလျှောက်ရာတွင် ရွေးချယ်ခြင်းခံရပြီး ဒါရိုက်တာဆရာရွှေ ရိုက်ကူးသည့် စိုးပါနှင့်မေ အသံတိတ် ရုပ်ရှင်ကားတွင် မင်းသားကျော်အေးနှင့်တွဲ၍ ခေါင်းဆောင်မင်းသမီးအဖြစ် မေသန်းအမည်ခံယူကာ စတင်သရုပ်ဆောင်ခဲ့သည်။ ထိုစဉ်က အသက်(၁၃) နှစ်ကျော်ကျော်သာ ရှိသေးသည်။ ရုပ်ရှင်တစ်ကားလျှင် (၃၅၀) ကျပ်ရရှိသည်။

              စိုးပါနှင့်မေ ရုပ်ရှင်ဖြင့် နာမည်တစ်ဟုန်ထိုး ကျော်ကြားသွားခဲ့သည်။ အေဝမ်းရုပ်ရှင်တွင် မင်းသားမောင်မောင်လေးနှင့် တွဲဖက်၍ ခိုင်သစ္စာ ၊ တောင်ညိုညို ၊ မင်းသားကျော်အေး နှင့် တွဲဖက်လျက် ရွှေတံငါ ၊ မင်းသားဘမြင့် နှင့်တွဲဖက်ပြီး စမ်းရေယဉ်၊ ချစ်မယ်ဆို၊ ဝေဘာဂီ၊ မင်းသားဘချစ် နှင့် အတူမှော်စက်ရောင် စသည့် အသံတိတ်ဇာတ်ကားများ ရိုက်ကူးခဲ့သည်။

              ထို့နောက် အိစတင်းရုပ်ရှင်ကုမ္ပဏီတွင် ဒါရိုက်တာဆရာရွှေ၏ တို့အောင်လံ ဇာတ်ကား၌ မင်းသားဘချစ်နှင့်လည်းကောင်း၊ ဒါရိုက်တာဦးချစ်ဖေ၏ ဇာတိမျိုးဇာတ်ကား၌ မင်းသားကျော်အေး နှင့် လည်းကောင်း၊ တွဲဖက်သရုပ်ဆောင်ခဲ့သည်။ ဇာတိမျိုးဇာတ်ကားရိုက်ကူးနေစဉ်တွင် ရန်ကုန်တက္ကသိုလ်မှ သချာင်္ပါမေက္ခ ဦးအောင်လှ နှင့် အိမ်ထောင်ကျသည်။

              မေသန်းသည် စစ်ကြိုခေတ်ရုပ်ရှင်လောကတွင် နာမည်ထင်ရှားလူကြိုက်များသလို ဂီတလောက၌လည်း ဓာတ်ပြားများသွင်းပြီး အဆိုတော်အဖြစ် အောင်မြင်ကျော်ကြားခဲ့သည်။ ၁၉၃၈ ခုနှစ်မှစ၍ ကိုလံဘီယာဓာတ်ပြားကုမ္ပဏီတွင် အကျီ င်္ပါး၊ ရွှေချိုးဖြူ၊ Love You၊ ညီအစ်မခုနှစ်ဖော်၊ နွယ်သိ င်္ဂီ၊ မြသီတာ၊ ဇာတ်လိုက်၊ ပျို့ချစ်ဆွေ၊ ဖိုးရွှေလှ၊ ချစ်ပန်းပင် ၊ ဆီမီးပွဲတော် သီချင်းများ ဓာတ်ပြားသွင်းခဲ့သည်။ အင်္ကျီပါးသီချင်းမှာ စာရေးဆရာ ရွှေတိုင်ညွန့်၏ လက်ရာဖြစ်ပြီး ကျန်သီချင်းအားလုံးကို အလင်္ကာကျော်စွာ ရွှေပြည်အေး ရေးစပ်ပေးသည်။

              ဂျပန်ခေတ် ရုပ်ရှင်လုပ်ငန်းများ ရပ်ဆိုင်းသွားချိန် ပြဇာတ်များတွင် ပါဝင်သရုပ်ဆောင်ကပြခဲ့ပြီး စစ်ပြီးခေတ်တွင် အောင်ဇေယျရုပ်ရှင်မှ သူပုန်မ၊ ရွှေမြင်းမိုရ် ရုပ်ရှင်မှ ဂျမဒါကိုကိုကြီး၊ ကန်တော်မိတ်ရုပ်ရှင်မှ ရွှေဘိုသား အသံတိတ်ရုပ်ရှင်များတွင်လည်း သရုပ်ဆောင်ခဲ့သေးသည်။

              ဒေါ်မေသန်းသည် (၁၉၃၈) ခုနှစ်ကတည်းကပင် ဆရာမကြီး ဒေါ်ဒေလီညွှန့်ထံ၌ မဟာဂီတသီချင်းကြီးများကို သင်ယူခဲ့သည့်အလျောက် စစ်ပြီးခေတ်နောက်ပိုင်းတွင် ခင်ပွန်းဖြစ်သူ ဦးအောင်လှ(စောင်း) ဒေါ်မေသန်းသီချင်းကြီး တူရိယာအဖွဲ့အမည်ဖြင့် မြန်မာ့အသံမှနေ၍ မဟာဂီတသီချင်းအများအပြား သီဆိုအသံလွှင့်ခဲ့သည်။

              (၁၉၈၃) ခုနှစ် ခင်ပွန်းဖြစ်သူ ဦးအောင်လှ ကွယ်လွန်ပြီးနောက် သားသမီးမြေးများနှင့် အတူ အမှတ်(၁၆) ရွှေတောင်ကြားနေအိမ်တွင် ယခုထက်တိုင်နေထိုင်လျက်ရှိသည်။

ရည်ညွန်းချက် ။    ။ သပြေမဂ္ဂဇင်း၊ တက္ကသိုလ် ခင်မောင်ဇော်၏ နှောင်းအတိတ်က မဟောင်းသောပုံရိပ်လွှာများ ဆောင်းပါးမှ ထုတ်နှတ်ဖော်ပြသည်။




မေနု

မေနု

              မေနု၏ အမည်ရင်းမှာ မကျင်နု ဖြစ်သည်။ ၁၉၂၀ ခုနှစ်တွင် ပဲခူးမြို့ အဘဦးရွှေလှ အမိဒေါ်သိန်းတို့မှ မွေးဖွားသည်။ သားသမီး ငါးယောက်အနက် စတုတ္ထမြောက်သမီးဖြစ်သည်။ ခုနှစ်တန်းအထိ ကျောင်းပညာသင်ကြားခဲ့သည်။ ၁၆နှစ်အရွယ်တွင် ဒါရိုက်တာဦးပါကြီး ဇနီးဒေါ်ရင်ရင်တို့နှင့် ပတ်သက်ပြီး အေဝမ်းရုပ်ရှင်ကုမ္ပဏီတွင် တစ်လ(၃၀)ကျပ်ဖြင့် သုံးနှစ်စာချုပ်ချုပ်၍ ရုပ်ရှင်မင်းသမီးအဖြစ် ခန့်ထားခြင်းခံရသည်။

              မေနုသည် ဒါရိုက်တာဦးလွန်းဖေ ရိုက်ကူးသော အိမ်တွင်းမင်းမဟာဂီရိ အသံတိတ် ဇာတ်ကားတွင် မင်းသားညွှန့်မောင်၊ မင်းသမီးမေမြင့်၊ မေညွှန့်တို့နှင့် တွဲဖက်၍ စတင်ကာ ဇာတ်ရံသရုပ်ဆောင်သာ ပါဝင်ရ၏ ။ ဆက်လက်ပြီး မိုးကြိုးဇာတ်ကားအပါအဝင် အသံတိတ်ရုပ်ရှင်ကား(၅)ကားတွင် ဇာတ်ရံအဖြစ် ပါဝင်ရိုက်ကူးပြီးမှ ဒါရိုက်တာဦးချင်းစိန်(ရွှေညာမောင်) ရိုက်ကူးသော ကေလာသ အသံတိတ်ဇာတ်ကား၌ ခေါင်းဆောင်မင်းသမီး အဖြစ် ပထမဆုံးသရုပ်ဆောင်ခွင့်ရသည်။ ဆက်လက်၍ ဒါရိုက်တာ ဦးဘရှင်၏ ကေလာသဇာတ်ကားတွင် သဘင်ဝန်ခင်မောင်နှင့်လည်းကောင်း၊ ဒါရိုက်တာ ဦးလွန်းဖေ၏ မြတ်ဂုဏ်တော်ဇာတ်ကားတွင် ဖာတစ်လုံးခင်မောင်နှင့် လည်းကောင်း တွဲဖက်သရုပ်ဆောင်ခဲ့သည်။ သည့်နောက်ပိုင်း မနှင်းစိန်၊ မြစိမ်းတောင် စသည့် အသံတိတ် ဇာတ်ကားပေါင်း(၁၀)ကားကျော် အေဝမ်းရုပ်ရှင်ကုမ္ပဏီတွင် စာချုပ်ဖြင့်ရိုက်ကူးခဲ့သည်။

              စစ်ပြီးခေတ်တွင် တွေးရခက်ကြီး၊ မြဟေဝန်၊ ယျလေးလုံး၊ ချစ်ခွင့်မကြုံ၊ ချစ်စေတနာ၊ ဝေဘူဝေဘာ၊ စလေမင်းခွေး၊ သားရွှေဒေါင်းတောင်၊ ဖိုးကော် စသည့်အသံတိတ်၊ အသံထွက်ကားများ ဆက်လက်ရိုက်ကူးပြီး ၁၉၆၀ပြည့်နှစ်ခန့်တွင် စူဠာသမ္ဘဝ မဟာသမ္ဘဝ ဇာတ်ကားကို နောက်ဆုံးရိုက်ကူးပြီးခဲ့သည်။

              အသက်(၅၀) ကျော်အရွယ်တွင်လည်း ဒါရိုက်တာရုပ်ရှင်မင်းသား ဝင်းဦး ရိုက်ကူးသော မုန်းပါတယ်မောင့်ကို၊ တစ်ကျော့နှစ်ကျော့တေးကိုသီ၊ အတွယ်အတာ၊ နွေမှာဝေသောနှင်း၊ လယ်လယ်၊ စေ့စပ်ကြောင်းလမ်းလက်ထပ်ခြင်း ဇာတ်ကားများတွင် ဇာတ်ရံသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့သေးသည်။

              စစ်ကြိုခေတ်ရိုက်ကူးနေစဉ်အတွင်း ၁၉၄၀ - ၄၁ ခုနှစ် အသက် (၂၀) အရါယ်တွင် အေဝမ်းရုပ်ရှင်ကုမ္ပဏီမှ စာရေးဆရာကြယ်တံခွန် (လူရွှင်တော် ရွဲ့ကြီး) ရေးသည့် လိပ်ပြာမောင်နှံ၊ တက္ကသိုလ်စိုးရေးသည့် အုံးစက်ရာ၊ စန်းသော်တာရေးသည့် သစ္စာနွယ် သီချင်းများ သီဆိုအသံသွင်းခဲ့ရာ ဂီတလောက၌လည်း ထင်ရှားကျော်ကြားခဲ့သည်။

              ၁၉၄၁ခုနှစ် ဒုတိယကမ္ဘာစစ်ဖြစ်ခါနီး စန္ဒရားအေဝမ်းခင်မောင်၊ ပြည်လှဖေ တို့နှင့်အတူ မြဗိမာန် သီချင်းကို ဓာတ်ပြားသွင်းခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ထွက်မလာခဲ့ပေ။

              ၁၉၅၀ ပြည့်နှစ်တွင် မြန်မာ့အသံ ဦးဇော်ဝင်း(ကွယ်လွန်) နှင့် အိမ်ထောင်ကျပြီး သမီးတစ်ယောက်ထွန်းကားခဲ့သည်။ ဒေါ်မေနုသည် ၁၉၉၉ ခုနှစ် ဇွန်လတွင် ကွယ်လွန်ခဲ့သည်။



မေမြင့်

မေမြင့်

              ဒေါ်မေမြင့်၏ အမည်ရင်းမှာ မခင်မြင့်ဖြစ်သည်။ ပျဉ်းမနားမြို့ အဖ ဆရာဝန် ဦးဖြေး၊ အမိ ဒေါ်သက်တို့၏ သားသမီးငါးယောက်အနက် ဒုတိယမြောက်သမီးဖြစ်သည်။ ပျဉ်းမနားဇာတိဖြစ်သော်လည်း မိဘတို့၏ အလုပ်တာဝန်အရ ထိုင်းနိုင်ငံတွင် ရှစ်နှစ်သမီးအထိ နေထိုင်ခဲ့ရပြီးမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည်။ ဖခင်ဖြစ်သူ ကွယ်လွန်ပြီးနောက် စီးပွားရေးအခြေအနေကြောင့် အေဝမ်းရုပ်ရှင် မင်းသမီးမေသန်းက အေဝမ်းရုပ်ရှင်ကုမ္ပဏီနှင့် ဆက်သွယ်ပေးခဲ့ရာ တစ်လလျှင် လစာ (၃၀) ကျပ် မင်းသမီးခန့်ထားခြင်း ခံရသည်။

              ဒါရိုက်တာဦးတင်နွယ်ရိုက်ကူးသော ကြယ်တာရာ အသံတိတ်ဇာတ်ကားမှ စတင်သရုပ်ဆောင်ရသည်။ အေဝမ်းကုမ္ပဏီမှ မခင်မြင့်အား မေမြင့်ဟု နာမည်တပ်ပေးလိုက်သည်။ ဆက်လက်၍ အေဝမ်းရုပ်ရှင်မှပင် ရိုက်ကူးသော မဝိဇ္ဇာ၊ မြခွာညို အသံတိတ်ဇာတ်ကားများတွင် ဇာတ်ရံမင်းသမီးအဖြစ် ပါဝင်ခဲ့ရသည်။ ထို့နောက် ဒါရိုက်တာဦးချင်းစိန် ရိုက်ကူးသော ကြင်သက်ဝေဇာတ်ကားမှစ၍ မင်းသားချစ်ရွှေ နှင့်တွဲဖက်ပြီး ခေါင်းဆောင်မင်းသမီးအဖြစ် သရုပ်ဆောင်ရသည်။

              မေမြင့်သည် အေဝမ်းရုပ်ရှင်မှာပင် ဒါရိုက်တာဦးချင်းစိန်၏ မြမျက်ခြယ် အသံတိတ်ကားတွင် ချစ်ရွှေ၊ ညွန့်မောင် တို့နှင့်လည်းကောင်း၊ ဒေါင်းစကြာ အသံတိတ် ဇာတ်ကားတွင် တင်ဆွေ၊ ညွန့်မောင်တို့နှင့်လည်းကောင်း၊ ဒါရိုက်တာ ဦးတင်မောင်၏ အောင်သပြေ အသံတိတ်ဇာတ်ကားတွင် ချစ်ရွှေ၊ ညွန့်မောင်တို့နှင့် လည်းကောင်း၊ ဒါရိုက်တာ ဦးလွန်းဖေ၏ မြတ်ဂုဏ်တော် ဇာတ်ကားတွင် မင်းသား ခင်မောင်နှင့်လည်းကောင်း၊ တွဲဖက်သရုပ်ဆောင်ခဲ့သည်။

              အေဝမ်းရုပ်ရှင်မှ ရိုက်ကူးသော မြိုင်ယံဘွားဇာတ်ကားတွင် မင်းသား ညွန့်မောင်နှင့် တွဲဖက်သရုပ်ဆောင်ခဲ့ရာ ယင်းဇာတ်ကားမှာ ထိုခေတ်က အလွန်လူကြိုက်များခဲ့သည်။ မြိုင်ယံဘွားရိုက်ကူးပြီးနောက် မေမြင့်သည် မင်းသား ညွန့်မောင်နှင့် လက်ထပ်ခဲ့သည်။

              မေမြင့်ပါဝင်သရုပ်ဆောင်ပြီး လူကြိုက်အလွန်များခဲ့သော အခြားဇာတ်ကားနှစ်ကားမှာ ရန်ကုန်မြို့တွင် လပေါင်းများစွာ ရုံတင်ပြသခဲ့ရသော ခါဇံချီ အသံထွက် အိန္ဒိယရုပ်ရှင်ကားကို ဒါရိုက်တာဦးချင်းစိန် မြန်မာမှုပြူရိုက်ကူးသည့် ချစ်သွေးဟုန် (မောင်မောင်ခင်၊ မေမြင့်) ဇာတ်ကားနှင့် ဇာတ်ညွန်းစာရေးဆရာသုခ ၊ ဒါရိုက်တာ မောင်တင်မောင် ရိုက်ကူးသော ချစ်အမျှ (မင်းသား မောင်တင်မောင်၊ မေရှင်၊ မေမြင့်) ဇာတ်ကားများဖြစ်သည်။

              မေမြင့်သည် အေဝမ်းရုပ်ရှင်တွင် ရုပ်ရှင်ရိုက်ကူးနေစဉ်မှာပင် အေဝမ်း ဓာတ်ပြားကုမ္ပဏီမှ သီချင်းလေးပုဒ် သီဆို ဓာတ်ပြားသွင်းခဲ့ရာ သဟာယ ဆရာတင် ရေသားသော မေတ္တာလက်ဆောင်နှင့် ခလေးစိတ်သီချင်းများမှာ ထိုအစဉ်က အလွန်ကျော်ကြားခဲ့သည်။ မေတ္တာလက်ဆောင် သီချင်းမှာ ယနေ့ခေတ်ပြန်ဆိုတေး အဖြစ် ကျော်ကြားနေဆဲ ဖြစ်သည်။

              မေမြင့်သည် မင်းသားချစ်ရွှေနှင့် စုံတွဲတေးသီချင်း နှစ်ပုဒ်ဓာတ်ပြားသွင်းခဲ့သည်။ သဟာယဆရာတင်ရေးသားသော မုန်းပါလားနှင့် ချစ်ညွတ်ကွင်း သီချင်းတို့ဖြစ်သည်။

              ဂျပန်ခေတ်တစ်ခေတ်လုံး ဒဂုန်ဆရာတင်ဦးစီးသော ပြဇာတ်အဖွဲ့နှင့် နယ်လှည့်ကပြ ဖျော်ဖြေခဲ့ပြီး ၊ စစ်ပြီးခေတ်တွင် နယူးဘားမားဖလင် ဒါရိုက်တာ ဦးလွန်းဖေ၏ ဗမာသစ်( မင်းသားညွန့်မောင်၊ ညွန့်ရွှေ) ၊ အေဝမ်းရုပ်ရှင်ကုမ္ပဏီ ဒါရိုက်တာဦးချင်းစိန်၏ အထောက်တော် (မင်းသားကျော်ရွှေ)၊ ဇောတိကရုပ်ရှင် ဒါရိုက်တာဦးဖိုးဟန်၏ သေကံမရောက်သက်မပျောက် (မင်းသားတင်ဆွေ)၊ တင်ဝင်းရုပ်ရှင်ဒါရိုက်တာ မင်းသားတင်ဖေ၏ မိုက်သွေး (မင်းသားတင်ဖေ၊ တင်ဆွေ)၊ ရန်ပုံခွင်းဖလင် ဒါရိုက်တာဦးမျိုးအောင်၏ သားနှင့်သွေး (မင်းသားဇေယျ၊ ကျော်ဖေ)၊ ဘီးသုံးလုံးဖလင် ဒါရိုကတာ မောင်လှတင်၏ လှလေခက်လေ (မင်းသားဇေယျ၊ ရွှေကို၊ မြင့်မြင့်ဋ္ဌေး) နှင့် အခြားဇာတ်ကားများစွာ ရိုက်ကူးခဲ့သည်။

              ၁၉၅၃ ခုနှစ်တွင် ဗြိတိသျှဘားမား (ညွှန့်မြန်မာ) ရုပ်ရှင် ဒါရိုက်တာ ရွှေဒုံးဘီအောင် ရိုက်ကူးသည့် ပွဲခါညောင်ရေ အသံထွက်ဇာတ်ကား၌ ကျော်ဆွေ၊ ဂျော်လီဆွေ၊ မေမြတို့နှင့် တွဲဖက်သရုပ်ဆောင်ခဲ့သည်။ အကောင်းဆုံးအမျိုးသမီး သရုပ်ဆောင် အကယ်ဒမီဆု ရရှိခဲ့သည်။ ဗြိတိသျှဘားမားရုပ်ရှင်မှပင် ဒါရိုက်တာလှဦး ရိုက်ကူးပြီး လူကြိုက်အလွန်များခဲ့သည့် မေ့ဘူးကွယ့်သက်လှယ် အသံထွက် ဇာတ်ကားတွင်လည်း မင်းသားကျော်ဖေနှင့်အတူ သရုပ်ဆောင်ခဲ့သေးသည်။

              မေမြင့်သည် လူမော် ဇာတ်ကားနှင့် အင်္ဂုလိမာလ ဇာတ်ကားနှစ်ကားကို နောက်ဆုံးရိုက်ကူးပြီး ရုပ်ရှင်မင်းသမီးအဖြစ်မှ အနားယူလိုက်ကာ ခင်ပွန်းဖြစ်သာနှင့်အတူ မင်္ဂလာတောင်ညွန့်ဖလင် ကုမ္ပဏီတည်ထောင်၍ ရာဇဝင်ဇာတ်ကားများ ရိုက်ကူးထုတ်လုပ်ခဲ့သည်။ သားသမီး (၅)ယောက်ရှိပြီး အသက်(၇၀)ကျော်တွင် ကွယ်လွန်သည်။




မောင်တင်မောင်

မောင်တင်မောင်

              မောင်တင်မောင်ကို အဖ မြန်မာအဆွေ ကုမ္ပဏီတိုက်ကြီးကို တည်ထောင်ဖွင့်လှစ်ခဲ့သူ ဦးဘညွှန့်၊ အမိဒေါ်ငြိမ်းရှင် တို့က ၁၂၇၀ ပြည့်နှစ် ဝါခေါင်လဆန်းတွင် ပြည်မြို့ ၌ မွေးဖွားခဲ့သည်။ သားသမီး(၉)ယောက်အနက် သတ္တမမြောက်သားဖြစ်သည်။ မြန်မာအဆွေ အေဝမ်းရုပ်ရှင်မှ ဒါရိုက်တာ၊ မင်းသား၊ ဇာတ်ညွှန်းရေးသူ အဆိုတော် အေဝမ်းဦးတင်မောင်သည် ဦးတင်နွယ်၊ ဦးညီပု၊ ဦးမောင်မောင်စိုးတို့၏ ညီငယ်ဖြစ်သည်။ ရန်ကုန်မြို့ အစိုးရဟိုက်စကူးကျောင်းမှ (၁၀)တန်းအောင်၍ တက္ကသိုလ် ဥပစာအထက်တန်းရောက်ချိန်တွင် ရုပ်ရှင်ပညာကို လေ့လာခဲ့ပြီး (၁၉၃၄) ခုနှစ်တွင် မြဂနိုင် ဇာတ်ကားကို ရိုက်ကူးအောင်မြင်ခဲ့သည်။ ဆက်လက်၍ ပျိုတို့မောင်၊ နီလာရောင်၊ ဖူးစာရှင်၊ အောင်သပြေ၊ ချစ်စနိုး၊ လပြာသို၊ မြားနတ်မောင်၊ တစ်လိမ်နှစ်လိမ်၊ ချစ်အမျှ၊ ချစ်ရေစင်၊ ချိန်တန်ပြီ အပါအဝင် ဇာတ်ကားပေါင်း(၄၀)ကျော် ရိုက်ကူးခဲ့သည်။ ရုပ်ရှင်တေးများကိုလည်း ကိုယ်တိုင်ဆို ဓာတ်ပြားသွင်းခဲ့၍ အဆိုတော်တစ်ဦးအဖြစ် ပရိသတ်က အသိအမှတ်ပြုကာ ကျော်ကြားခဲ့သည်။ ရုပ်ရှင်ရိုက်ကူးခဲ့ရာတွင် ၁၉၅၂ ခုနှစ်တွင် ကိုယ်တိုင်ဒါရိုက်တာ မင်းသားအဖြစ် ရိုက်ကူးသော ချစ်သက်ဝေ ဇာတ်ကားဖြင့် နိုင်ငံတော်က ပထမဆုံးချီးမြှင့်သည့် အကယ်ဒမီဆုကို လည်းကောင်း၊ ၁၉၅၃ ခုနှစ် ရတနာပုံဇာတ်ကားတွင် သရုပ်ဆောင်မင်းသားဆုနှင့် ဒုတိယအကြိမ် ဇာတ်ကားဆုကိုလည်းကောင်း၊ ၁၉၆၇ ခုနှစ်တွင် ကိုယ်ရယ်တိုးရယ်စိုးစိုးရယ် ဇာတ်ကားဖြင့် ဒါရိုက်တာဆုနှင့် မင်းသမီးဆိုကိုလည်းကောင်း၊ ၄င်းနှစ်မှာပင် နှစ်မွှာအသဲ ဇာတ်ကားရိုက်ကူးခဲ့ရာ မင်းသမီးအကယ်ဒမီဆု များရရှိခဲ့ပါသည်။
              မောင်တင်မောင်ရိုက်ကူးသည့် ကားများအနက် ၁၉၆၃ခုနှစ်တွင် မိဘမေတ္တာ ကြီးမားပုံသရုပ်ဖော် ရာဇဝင်ဇာတ်ကား (ဗိမ္ဗိသာရ) မှာ အလွန်လူကြိုက်များခဲ့သည်။ အေဝမ်းသံစုံတီးဝိုင်းအဖွဲ့ကြီးကို ဒုတိယကမ္ဘာစစ်မတိုင်မီက ဖခင်ကြီး ဦးဘညွှန့် ဦးစီး၍ တေးသီချင်းများစွာ ဓာတ်ပြားထုတ်လုပ်ခဲ့သည်။ ဒုတိယ ကမ္ဘာစစ်အတွင်းက ဗိုလ်ရန်နိုင်တပ်တွင် အမှုထမ်း ခဲ့သည်။ မောင်တင်မောင်သည် ၁၉၅၈ ခုနှစ်တွင် အလင်္ကာကျော်စွာဘွဲ့ကို လည်းကောင်း၊ ၁၉၅၉ ခုနှစ်တွင် မော်ကွန်းဝင် တတိယအဆင့်ကို လည်းကောင်း၊ ဂုဏ်ပြုချီးမြှင့်ခြင်းခံခဲ့ရသည်။ ရုပ်ရှင်ကောင်စီ ဥက္ကဌကြီးအဖြစ် ၁၉၆၂ ခုနှစ်မှစ၍ ဆောင်ရွက်ကာ ရုပ်ရှင်ပညာလေ့လာရေး အပါအဝင် နိုင်ငံခြားခရီစဉ်များအဖြစ် အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဂျပန်၊ အမေရိကန်၊ အနောက် ဂျာမဏီ၊ ဆွီဇာလန်၊ ပြင်သစ်၊ အီတလီ၊ ကမ္ဘောဒီးယား၊ အရှေ့ဂျာမဏီ၊ ဆိုဗီယက်ရုရှား၊ မြောက်ကိုရီးယား နိုင်ငံများသို့ သွားရောက်ခဲ့သည်။
              ၁၉၃၄ ခုနှစ်တွင် ဇနီးသည် ဒေါ်တင်တင်နှင့် အိမ်ထောင်ပြု၍ သားသမီး(၆)ယောက်ထွန်းကားပြီး၊ ရန်ကုန်မြို့ မေခလမ်းတွင် ဇနီး၊သားသမီးမြေးများဖြင့် ကျန်းမာပျော်ရွှင်စွာဖြင့် နေထိုင်လျက်ရှိပါသည်။

ရည်ညွှန်းချက် - အေဝမ်းဦးတင်မောင်၏ မိသားစုက ပြုစုသည်။




မေမေဝင်း

မေမေဝင်း

              ရုပ်ရှင်သရုပ်ဆောင် မေမေဝင်းကို အဖ ဦးဖိုးစိန်၊ အမိ ဒေါ်အေးခင်တို့မှ မြန်မာသက္ကရာဇ် ၁၂၇၀ပြည့်နှစ်တွင် မွေးဖွားသည်။ မြစ်ဝကျွန်းပေါ်ဒေသ မလက်တိုရွာ ဇာတိဖြစ်သည်။ အမည်ရင်းမှာ ဒေါ်ခင်မြမြ ဖြစ်သည်။
              ငယ်ရွယ်စဉ်အခါကပင် ရုပ်ရှင်လုပ်ငန်းတွင် ဝါသနာထုံသည်။ ဒါရိုက်တာဆရာခန့်၏ ယူနိုက်တက် အတ်တစ်ကုမ္ပဏီမှ ထုတ်လုပ်သော ထိပ်ထိပ်ကြဲ ဇာတ်ကားတွင် စတင်ပါဝင် သရုပ်ဆောင်ခဲ့သည်။
              မြမြအမည်နှင့် အေဝမ်းရုပ်ရှင် ၌ ညဉ့်ဦးယံ (၁၉၃၃)၊ စိမ်းရွှေရွှေ (၁၉၃၄)၊ ဒွေးညီနောင် (၁၉၃၄)၊ အောင်ပင်လယ် (၁၉၃၄)၊ သံခမောက် (၁၉၃၅) စသည့် ရုပ်ရှင်ဇာတ်ကားများတွင် သရုပ်ဆောင်ပါဝင်ခဲ့သည်။
              တဖန် ဗြိတိသျှဘားမား ရုပ်ရှင်ကုမ္ပဏီသို့ ဝင်ရောက်ပြီး ခေတ်ဆန်သူ အသံထွက်ဇာတ်ကားကို ၁၉၃၆ ခုနှစ်တွင် ရိုက်ကူးခဲ့သည်။ ထိုအချိန်မှစ၍ မေမေဝင်းဟူသော အမည်သို့ ပြောင်းလဲခေါ်သည်။
              အချစ်ဆုံးနှင့် ဗိုလ်အောင်ဒင် အသံထွက် ရုပ်ရှင်ဇာတ်ကားများသည် မေမေဝင်း၏ သရုပ်ဆောင်အကောင်းဆုံးသော ဇာတ်ကားများအဖြစ် အသိအမှတ်ပြုကြသည်။
              အချစ်ဆုံးဇာတ်ကားနှင့် ဗိုလ်အောင်ဒင် ရုပ်ရှင်ဇာတ်ကား နှစ်ကားစလုံးပင် ညွှန့်မြန်မာရုပ်ရှင် (ဗြိတိသျှဘားမားရုပ်ရှင်ကုမ္ပဏီ) ကပင် ၁၉၃၉ ခုနှစ်နှင့် ၁၉၄၀ ပြည့်နှစ်တွင် ရိုက်ကူးခဲ့သည်။
              မေမေဝင်းသည် ရဲအရာရှိ ဦးမောင်ဝင်းနှင့် ငယ်ရွယ်စဉ်ကပင် အိမ်ထောင်ကျခဲ့ပြီး တစ်ဦးတည်းသောသမီး ဘေဘီဝင်း ကျန်ရှိခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်းက မအူပင်မြို့ မလက်တိုရွာသို့ ပြန်လည်ရောက်ရှိ ခိုလှုံနေပြီးနောက် စစ်ပြီးခေတ်တွင် ဦးစိန်အောင်မင်းဇာတ်နှင့်လိုက်၍ ရှေ့ပိုင်းပြဇာတ်များတွင် ပါဝင်ကပြခဲ့သည်။ ရုပ်ရှင်များတွင်လည်း လူကြီးခန်းမှ ပါဝင်သရုပ်ဆောင်ခဲ့သည်။
              မေမေဝင်းသည် အသက်(၇၃)နှစ် (၁၃၄၃ ခုနှစ် နှစ်ဆန်းတစ်ရက်နေ့) တွင် ရန်ကုန်မြို့ ၌ ကွယ်လွန်ခဲ့သည်။

ရည်ညွှန်းချက် - မြန်မာစွယ်စုံကျမ်း နှစ်ချုပ် (၁၉၈၂)





မန္တလာမြင့်

မန္တလာမြင့်

ခေတ်ဟောင်းဓာတ်ပြား အဆိုတော်ကြီး ဒေါ်မန္တလာမြင့်ကို မန္တလေးမြို့ ရေကြည်ရပ်၌ အဖဦးမှင်၊ အမိဒေါ်ဆင့်တို့က ၁၉၀၀ပြည့်နှစ် မတ်လ(၁၆)ရက်နေ့တွင် မွေးဖွားသည်။ အမည်ရင်း ဒေါ်ငွေဖြစ်သည်။ မွေးချင်းငါးယောက်အနက် တတိယမြောက်သမီးဖြစ်ပြီး ခုနှစ်လသမီးအရွယ်ကတည်းက မျက်စိကွယ်ခဲ့သည်။

ဒေါ်မန္တလာမြင့်သည် (၁၁)နှစ်သမီးအရွယ် ဈေးချိုရုံ၊ ပိုးတန်း၌ သီချင်းဆိုပြခဲ့ဖူးသည်။ ထို့နောက် အသက်(၂၅)နှစ်အရွယ်တွင် မန္တလေးမြို့ ရိုးကုမ္ပဏီတိုက်ခွဲမှတစ်ဆင့် ရန်ကုန်မြို့ရှိ ကိုလံဘီယာဓာတ်ပြားကုမ္ပဏီသို့ ရောက်ရှိခဲ့ပြီး အဆိုပါ ဓာတ်ပြားကုမ္ပဏီအတွက် သီချင်းဆိုခဲ့သည်။ ၁၉၃၅ခုနှစ်ခန့်မှစ၍ ဓာတ်ပြားသွင်းခဲ့ရသည်။

ဒေါ်မန္တလာမြင့် ပထမဆုံးသီဆိုခဲ့သည့်သီချင်းမှာ ဆရာရွှေတိုင်ညွန့်ရေးစပ်သော ဘောလယ်သံဆန်းဖြစ်ပြီး ထိုသီချင်းဖြင့်ပင် မန္တလာမြင့်ဟူသော အမည်သည် ဂီတလောကတွင် ထင်ရှားကျော်ကြားလာခဲ့သည်။ ဒေါ်မန္တလာမြင့် သီချင်းဆိုရာတွင် မသီဆိုမီ အဆိုတော် ဒေါ်ကြည်အောင်က အဆိုချပေးသည်။

နန်းတော်ရှေ့ဆရာတင် ရေးစပ်ပြီး ဒေါ်မန္တလာမြင့်၏ အကျော်ကြားဆုံးသီချင်းဖြစ်သည့် ရွှေဘိုသနပ်ခါးသီချင်းကို ၁၉၃၈ခုနှစ်၊ ဇွန်လတွင် ဓာတ်ပြားသွင်းခဲ့သည်။ ဆက်လက်၍ နန်းတော်ရှေ့ဆရာတင်၏ သာသနာ့ဒါယကာသီချင်းကို ၁၉၃၈ခုနှစ်၊ အောက်တိုဘာလတွင် ဓာတ်ပြားသွင်းခဲ့သည်။ ပုဗ္ဗမင်္ဂလာရတုကိုလည်း ဓာတ်ပြားသွင်းခဲ့သည်။

ဒေါ်မန္တလာမြင့်သည် အဆိုအတီး ပညာရှင်များဖြစ်သော ရွှေပြည်အေး၊ ဂီတာစိမ်းမောင်၊ ဦးသောင်းဖေ (ဂီတာသောင်း)၊ စောင်းဦးဘသန်း၊ ဦးဘထင်၊ ဦးအုန်းမောင်၊ ဦးအောင်ချင်း (ဂီတာဦးစိမ်းမောင်၏ ဖခင်) စသည့် ပုဂ္ဂိုလ်များနှင့် တွဲဖက်သီဆိုခဲ့ရသည်။

သီဆိုခဲ့သော သီချင်းများမှာ ဘောလယ်သံဆန်း၊ ဘာသာတရား၊ အပျော်ဆုံးနေ့၊ သောင်းသောင်းညံ (ယိုးဒယား)၊ တင်လွှာတော်၊ အပျို့ဂုဏ်ရည်၊ မြိုင်တောစွယ်၊ နတ်ပန်းမဉ္ဇူ၊ ထမနဲပါတီ၊ မေတ္တာရေး၊ ကိန္ဒရီမောင်နှံ၊ ငါးပွင့်ဆိုင်၊ ဝေဿန္တရာ၊ လွတ်လပ်ရေး၊ ပါတော်မူ၊ အညာသားစုံတွဲ (ဥသြဘသောင်းနှင့် စုံတွဲဆို)၊ ဗိမ္မိသာရ၊ ရွှေဘိုသနပ်ခါး၊ ရွှေပြည်ကြီး၊ ရွှေနန်းတော်၊ လယ်သမား၊ ရက်ရာဇာ၊ အပျိုကြီးစိတ်ကူး၊သာသနာ့ဒါယကာ နှင့် ပုဗ္ဗမင်္ဂလာ (ရတု) စသည်တို့ ဖြစ်သည်။

ခေတ်ဟောင်းအဆိုတော်ကြီး ဒေါ်မန္တလာမြင့်သည် တူ၊ တူမများနှင့် နေထိုင်ရင်း မျက်မမြင်ဘဝမှာပင် လှည့်လည်သီချင်းဆို အသက်မွေးရင်း အသက်(၉၁)နှစ်အရွယ် ၁၉၉၀ပြည့်နှစ် မေလ(၃)ရက်နေ့ မန္တလေးမြို့ ပြည်ကြီးကျက်သရေအနောက်၊ မြင်းစာရေးကြီးဝင်းနေအိမ်တွင် ကွယ်လွန်သည်။


ရည်ညွှန်းချက်

မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၁၉၉၁)



မောင်မောင်ကြီး

မောင်မောင်ကြီး

              ငယ်နာမည် မောင်မောင်ဟုခေါ်သော အဆိုတော် မောင်မောင်ကြီးကို ဖခင် ဦးခင်စိန်နှင့် မိခင်ဒေါ်ခင်ညွှန့်ရင်တို့မှ ၁၉၃၁ ခုနှစ်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ မောင်မောင်ကြီးသည် ဂီတနယ်သို့ ၁၉၄၇ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့သည်။

              မောင်မောင်ကြီး၏ ဂီတဆရာများမှာ ဆရာကြီး ဦးလှဖေနှင့် ဆရာကြီး ဦးအလီတို့ဖြစ်ကြသည်။ ဆရာကြီးများထံတွင် မဟာဂီတကို လေ့လာ ဆည်းပူးခဲ့သည်။ ၁၉၅၃ခုနှစ်တွင် ကျင်းပသည့် ယဉ်ကျေးမှုအနုပညာ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မဟာဂီတ အဆိုပထမ ရွှေတံဆိပ်ဆု ရရှိခဲ့သည်။

              မောင်မောင်ကြီး ပထမဆုံး သီဆိုခဲ့သော သီချင်းမှာ ၁၉၅၀ ခု BSC ကောလိပ်ကျောင်း သင်္ကြန်အဖွဲ့အတွက် ဆရာရွှေပြည်အေး ရေးစပ်ပေးသည့် သီချင်းတပုဒ်ကို အေဝမ်းခင်မောင်အဖွဲ့နှင့် တပ်မတော် အသံလွှင့်ရုံမှ အသံလွှင့်ခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် ဂီတလုလင်အပျော်တမ်း တူရိယာအဖွဲ့တွင် ပင်တိုင် အဆိုတော်အဖြစ် မြန်မာ့ အသံမှ အသံလွှင့်ခဲ့သည်။

              မဟာဂီတသီချင်းကြီးများကို စောင်းဦးခင်မြင့်၊ ရွာစား စိန်ဗိုလ်တင့် အဖွဲ့တွင် သီဆို အသံလွှင့်ခဲ့သည်။ ကာလပေါ်သီချင်းများကို ဂီတလုလင် အဖွဲ့၊ ဂီတလုပ်လင်မောင်ကိုကိုအဖွဲ့၊ ချိုတေးဆက်၊ စစ်ရုံးအဖွဲ့၊ ကေသီပန်၊ စန္ဒရားနီနီ၊ စန္ဒာ၊ စန္ဒရားချစ်ဆွေ၊ ပျဉ်းမနားမြင့်လှိုင်အဖွဲ့များတွင် သီဆို အသံလွှင့်ခဲ့သည်။

              မောင်မောင်ကြီးသည် ရေဒီယိုရောင်းတမ်း ဓာတ်ပြားများ၊ ရုပ်ရှင် နောက်ခံတေးပေါင်းများစွာ သီဆိုအောင်မြင်ခဲ့သော အဆိုတော်ကြီး တစ်ဦး ဖြစ်ပါသည် ။

              မောင်မောင်ကြီး အောင်မြင်ကျော်ကြား လူကြိုက်များသော တေးသီးချင်းအချို့မှာ “တစ်ခုတည်းသော ရည်မှန်းချက်” “နှစ်ဆင့်မေတ္တာ” “နွဲ့နှောင်း” “ရွှေညာဆီသွားမယ်” “အကျည်းတန်ချစ်သူ” “ကွမ်းတောင်ကိုင်” “အိပ်မက်နိုင်ငံ” “မေတ္တာဇာတ်လမ်း” “ပင်တိုင်ကျော့မှူး” “ဝေးပြီမွှေးရယ်” “တန်ပါ့မဖုရား” “မေတ္တာနုနုစေလာရင်ကွယ်” “စိမ်းလဲ့ညို” “အချစ်ကို ဘယ်လိုပြောရမယ် ” “ကျမျက်ရည် မကြေညာစတမ်း” “အမိုက်မလေး ငှက်ငယ်” “သစ်ခြောက်ပင်အောက် ပန်းကောက်သူ” “လွမ်းအိပ်မက်က သံသရာရှည် ” “ကျိုက္ခမီသောင်ယံမှ မောင်းမကန်အိပ်မက် ” စသည်တို့ ဖြစ်ပါသည်။

              မောင်မောင်ကြီးသည် ဓာတ်ပြားကုမ္ပဏီများ၊ တေးသံသွင်းများတွင် သီချင်းများကို အသံသွင်းသူ တစ်ဦးဖြစ်ပါသည်။ ယခုအခါတွင် မြဝတီ ရုပ်မြင်သံကြား အကြံပေးအရာရှိ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ တေးဂီတ စီစစ်ရေး ဘုတ်အဖွဲ့ဝင်၊ မြန်မာနိုင်ငံဂီတအစည်းအရုံး နာယက၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဗဟိုအကဲဖြတ်ဒိုင်အဖြစ် ဂီတဆိုင်ရာ တာဝန်များ ဆောင်ရွက်လျက် ရှိပါသည်။

              နိုင်ငံတော်မှ ၂၀၀၄ ခုနှစ်တွင် လူမူထူးချွန်တံဆိပ် (ပထမဆင့်) ချီးမြှင့်ခြင်း ခံရပါသည်။

              ယခုအခါ တိုက် (H) အခန်း(၃၀၄) ဒုတိယထပ်၊ မနော်ဟရီရိပ်သာ၊ ဗဟိုလမ်း၊ အလုံမြို့နယ်တွင် ဇနီးဒေါ်ဝင်းဝင်းမြင့်၊ သား ကျော်ကျော်နိုင်၊ သမီးကေသီနိုင်တို့နှင့်အတူ နေထိုင်လျက်ရှိပါသည်။



  • မြခြေချင်း မငွေမြိုင်

    မြခြေချင်း မငွေမြိုင်

                  အငြိမ့်သမဘဝတွင် ၂နှစ်မျှသာနေပြီး ဇာတ်မင်းသမီးအဖြစ်နှင့် ဓာတ်ပြား လောက၌ပါ ထင်ရှားခဲ့သည့် မြခြေချင်း မငွေမြိုင်ကို လူကြမ်းမင်းသား ဦးအောင်ဘ နှင့် ဒေါ်ငြိမ်းဇံတို့က ရန်ကုန်မြို့ ကြည့်မြင်တိုင်ရပ်၌ ၁၂၅၇ ခုနှစ် ဝါဆိုလဆန်း ၁၃ ရက် ဗုဒ္ဓဟူးနေ့တွင် မွေးဖွားခဲ့ပါသည်။ အသက် ၁၁ နှစ် ၁၂ နှစ် သမီးအရွယ်၌ ကြည့်မြင်တိုင် သိမ်ကြီးလမ်းမှ ဇာတ်သဘင်ပညာရှင်ကြီး ဆရာစံက အကပညာ မျက်နှာပေးအမူအရာ မင်းသမီး အတတ်ပညာများကို သင်ကြားပေးရာမှ ပင်ကိုယ် အနုပညာဗီဇ ပိုမိုထက်မြက်လာကာ ထူးချွန်ပြောင်မြောက်သော အငြိမ့် ဇာတ်သဘင် မင်းသမီးဘဝသို့ ရောက်ခဲ့ရပါသည်။ ရန်ကုန် ကြည့်မြင်တိုင်သူပင် ဖြစ်လင့်ကစား မန္တလေးရွှေမြို့တော်ကို ခိုမှီ၍ အသက်မွေးဝမ်းကျောင်းပြုခဲ့ပါသည်။

                  မြခြေချင်းမငွေမြိုင်မှာ ကိုယ်စွမ်းကိုယ်စကို အားကိုး၍ ကပြသော မင်းသမီးဖြစ်ရာ တွဲ၍ကပြရသူ ဇာတ်မင်းသားများမှာ ဇာတ်မင်းသားများမှာ ဒုတိယခေါင်းဆောင်ဘဝသို့ ရောက်ရှိနေကြရသောကြောင့် ကြာရှည်မမြဲဘဲ သင့်တော်ရာဇာတ်အဖွဲ့များသို့ ပြောင်းတတ်ကြသဖြင့် မကြာခဏ မင်းသားအသစ်ရှာပြီးတွဲခဲ့ရသည်။ နာမည်ကျော် မင်းသား ဂရိတ်ဦးဖိုးစိန် မန္တလေးမြို့သို့ လာရောက်ကပြလျှင် မငွေမြိုင်ကို သူ၏ ဇာတ်၌ လာရောက်ကပြရန် ဖိတ်ခေါ်ကပြလေ့ရှိသည်။ မြခြေချင်းမငွေမြိုင် ၏ ဇာတ်သဘင်ပညာထူးချွန်ထက်မြက်မှု၊ မနားမနေ ကြိုးစားကပြမှုတို့ကို ကြည့်၍ ဦးဖိုးစိန်က သူ၏ မင်းသမီးများအား “မငွေမြိုင် အကကို မြင်ကြရဲ့လား၊ ကသွားလိုက်တာ သူ့ဇာတ်ကျနေတာပဲ အံဝင်ခွင်ကျ၊ နင်တို့နဲ့ ဘယ်လောက်ကွာသလဲ ” ဟု ပြောယူရသည်။

                  ပညာသင်တပည့်တပန်းကလည်း များလှသောကြောင့် အမေမြိုင်ဟုတွင်လာသည်။ နိုင်ငံကျော်အလင်္ကာကျော်စွာ ရွှေမန်းဦးတင်မောင်မှာ အမေမြိုင်၏ တပည့်ရင်းဖြစ်သည်။ မြခြေချင်း မငွေမြိုင်သီဆိုသည့် သီချင်းများကို ရန်ကုန်မှ အရှေ့ပိုင်းဆရာချစ်၊ ရုပ်သေးမင်းသား ဆရာကြည်၊ ဝိုင်အမ်ဘီ ဆရာတင်နှင့် နန်းတော်ရှေ့ ဆရင်တင်တို့က ရေးစပ်ပေးကြ၍ နန်းတော်ရှေ့ ဆရာတင်၏ သီချင်းများက အများစုဟန်ရှိသည်။ အမေမြိုင် ၂၁ နှစ်တွင် ရာဇဝတ်အုပ်ကိုကိုကြီး နှင့် အိမ်ထောင်ကျသည်။ သားသမီး မထွန်းကားဘဲ မွေးစားသားနှင့် သမီး မောင်မောင် နှင့် စိန်စိန် ဟူ၍ရှိသည်ဟု လူထုဒေါ်အမာ၏ ပြည်သူချစ်သော အနုပညာ စာအုပ်တွက် ဓာတ်ပုံတွေ့ရပါသည်။

                  နန်းတော်ရှေ့ ဆရာတင်ရေးသားသည့် ရွှေကျီးညိုသီချင်းမှာ အလွန်နာမည်ကျော်၍ ဓာတ်ပြားသွင်းကာ ရောင်းမလောက်အောင်စွံပြီး တစ်နိုင်ငံလုံးပျံ့နှံ့ သီဆိုခဲ့ကြပါသည်။ အောင်ပင်လယ် သီချင်း၊ ဝိုင်အမ်ဘီရေးသည့် အာကာသဇိုးသီချင်း၊၊ နန်းတော်ရှေ့၏ စန္ဒကူးမြိုင်သီချင်းတို့မှာလည်း အလွန်ကျော်ကြားခဲ့ပါသည်။ မြခြေချင်း မငွေမြိုင်မှာ အသက် ၁၅ နှစ် ၁၆ နှစ်မှစ၍ မန္တလေးမြို့ ရှမ်းပွဲရပ်တွင် နေထိုင်ခဲ့သည်မှာ ၁၃၂၁ ခု၊ အသက်၆၄ နှစ်အရွယ် ကွယ်လွန်သည်အထိ ဖြစ်ပါသည်။


    ရည်ညွှန်းချက် ။    ။ လူထုဒေါ်အမာ ရေးသားသော ပြည်သူချစ်သော အနုပညာသည်များ စာအုပ်ပါ အချက်အလက်များ ဖြစ်ပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.