ကြယ်တံခွန်(ခ) ရွဲ့ကြီး
ကြယ်တံခွန်(ခ) ရွဲ့ကြီးသည် စစ်ကြိုခေတ် ဟိုက်စကူးကျောင်းတွင် ပညာသင်ကြားပြီး အေဝမ်းဦးတင်မောင်၊ ဦးလှဘူး၊ ဦးမောင်မောင်စိုး၊ ဒဂုန်မြတ်လေးနွယ်တို့နှင့် ကျောင်းနေဖက် သူငယ်ချင်းများဖြစ်ကြသည်။ ကျောင်းမှထွက်ပြီး စတီးဘရားသားတွင် အလုပ်ဝင်ရောက်လုပ်ပြီး အလုပ်လုပ်နေစဉ် လေဖြတ်၍ ပါးတစ်ခြမ်းရွဲ့သွားခဲ့သည်။ ကျန်းမာရေး ချို့ယွင်းမှုကြောင့် အလုပ်မှထွက်လိုက်ရပြီးနောက် သူငယ်ချင်းဖြစ်သူ အေဝမ်းဦးတင်မောင်က သူရိုက်ကူးသော ဇာတ်ကားများတွင် ဦးရွဲ့ကြီးဟူသော အမည်ပေးကာ ဇာတ်ကားပေါင်းများစွာတွင် ပါဝင်သရုပ်ဆောင်စေခဲ့၍ နာမည်ကျော်ကြားခဲ့ပါသည်။ တီးဝိုင်းတွင် အေဝမ်းဦးခင်မောင်၊ ပြည်လှဖေတို့နှင့်အတူ တယောထိုးပြီး တေးသီချင်းများ သွင်းခဲ့သည်။
ဦးကြယ်တံခွန်(ခ) ဦးရွဲ့ကြီး အေဝမ်းသဘက်ဓာတ်ပြားအတွက် ရေးစပ်ခဲ့သော သီချင်းများမှာ မေတ္တာလက်ဆောင်(မေမြင့်)၊ ချစ်ဝဲလည်(ဦးတင်မောင်)၊ ပျိုအိပ်ချိန်(ခင်နှင်းရီ)နှင့် လေညင်းခံ(ခင်နှင်းရီ) တို့ဖြစ်ပါသည်။
ချိန်တန်ပြီ ရုပ်ရှင်ဇာတ်ကားတွင် နောက်ဆုံးပါဝင်သရုပ်ဆောင်ခဲ့ပြီး အသက်(၅၁)နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။
ရည်ညွှန်းချက်
ကြယ်တံခွန်(ခေါ်) ရွဲ့ကြီး၏သား ဦးထွန်းအေး(ခေါ်)ဦးဝေလီ ရေးသားပေးပို့သည်-
ဦးချင်းစိန် (ရွှေညာမောင်)
အလင်္ကာကျော်စွာ ဦးချင်းစိန်ကို မန္တလေးတိုင်း၊ ညောင်ဦးမြို့တွင် အဖ အထက်တန်းရှေ့နေ ဦးဘိုးကြွင်း၊ အမိ ဒေါ်စောမြိုင်တို့က ၁၉၁၀ ပြည့်နှစ်၊ သြဂုတ်လ (၈)ရက်နေ့တွင် မွေးဖွားသည်။ ညောင်ဦးမြို့ အေဘီအမ်သာသနာပြုအလယ်တန်းကျောင်း၊ မြင်းခြံမြို့ အေဘီအမ်သာသနာပြုအထက်တန်းကျောင်းနှင့် ရန်ကုန်ယူနီဗာစီတီကျောင်း (ရန်ကုန်တက္ကသိုလ်) တွင် အိုင်အေထိ ပညာသင်ကြားခဲ့သည်။
၁၉၃၁ ခုနှစ်တွင် ညောင်ဦးမြို့၌ ညကျောင်းဖွင့်၍ အင်္ဂလိပ်စာပြခဲ့သည်။ ၁၉၃၃-၄၂ ခုနှစ်၌ ရန်ကုန်မြို့ အေ၀မ်းဖလင်ကုမ္ပဏီနှင့် ဆက်သွယ်မိပြီး ရုပ်ရှင်ဇာတ်ရံဇာတ်ပို့ သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့သည်။ ထို့နောက် ကြင်သက်ဝေ ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာရွှေညာမောင် အမည်ခံလျက် ကိုယ်တိုင်ဇာတ်ညွှန်းရေး၍ ပထမဆုံး ရိုက်ကူးခဲ့ရာ အောင်မြင်ခဲ့သည်။
ဦးချင်းစိန်သည် ဒဂုန်မဂ္ဂဇင်းအဖွဲ့ဝင် စာရေးဆရာ၊ အယ်ဒီတာတစ်ဦးလည်း ဖြစ်သည်။ ထို့ပြင် ရန်ကုန်မြို့ လူငယ်များ ကြီးပွားရေးအသင်း အကျိုးဆောင်အဖြစ် လုပ်ကိုင်ရင်း အင်္ဂလိပ်နယ်ချဲ့ အစိုးရကို ဆန့်ကျင်ဆန္ဒပြသော ၁၃၀၀ပြည့် အထွေထွေသပိတ်ကြီးတွင်လည်း ပါဝင်ခဲ့သူ ဖြစ်သည်။
၁၉၄၂-၄၈ ခုနှစ် အစိုးရဌာနတွင် ရုပ်ရှင်အထူးအရာရှိ ဖြစ်လာသည်။ ထိုမျ ဗမာ့ခေတ် သတင်းစာတိုက်တွင် မန်နေဂျာအဖြစ် ပြောင်းရွှေ့လုပ်ကိုင်နေစဉ် ဗမာ့တပ်မတော်မှ ပြန်လည်ခေါ်ယူသောကြောင့် ပြည်သူ့ဆက်ဆံရေးဌာန၊ ဌာနခွဲမှူးဗိုလ်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။
ဦးချင်းစိန်သည် အထောက်တော်၊ ချစ်ရဲဘော်၊ ချစ်မမ၊ ကေလာသနှင့် မြဟေ၀န်၊ ကိုယ့်ရင်သွေး၊ ဗိုလ်မြဒင်၊ ကောလိပ်ဂျင်ဇာတ်ကားများကို ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သည်။
ဦးချင်းစိန်သည် ကိုယ့်ရင်သွေးဇာတ်ကားဖြင့် အကောင်းဆုံး ဒါရိုက်တာဆုကို ၁၉၅၅ ခုနှစ်တွင် ရရှိခဲ့သည်။
ဦးချင်းစိန်သည် ခေတ်ဆန်းချိန်၊ အာဇာနည်၊ ချစ်ရဲဘော် စသော တိုင်းပြည်ပြု သီချင်းများနှင့် ရွှေပုပ္ပါး၊ ရှုတိုင်းယဉ်၊ ချစ်ချင်တယ် စသော သီချင်းများကို ကိုယ်တိုင်ရေးသားသီဆိုခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် ဆိုဗီယက်နိုင်ငံသို့ သွားရောက်ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် အလင်္ကာကျော်စွာဘွဲ့ ရရှိခဲ့သည်။
ဦးချင်းစိန်သည် ၁၉၈၅ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်မြသိန်းနှင့် သားသမီးနှစ်ယောက် ကျန်ရစ်သည်။
ရည်ညွှန်းချက်
မြန်မာ့စွယ်စုံကျမ်း
Encyclopedia Myanmar 1998-1999
ချိုတေးဆက် ကိုအောင်ကိုး
By Aye M. Kyaw in မြန်မာဂန္တ၀င်သီချင်းများ (Files)ချိုတေးဆက် ကိုအောင်ကိုး
ချိုတေးဆက် ကိုအောင်ကိုးသည် အဘ ဦးဘိုကြီး(ပွဲစားကြီး)၊ အမိဒေါ်ရှင်တို့မှ မွေးဖွားသောမွေးချင်းငါးဦးအနက် ၁၂၈၈ခုနှစ်၊ တပို့တွဲလဆန်း ၅ရက်နေ့တွင် မွေးဖွားသည့် တတိယမြောက်သားဖြစ်သည်။ ညောင်တုန်းမြို့၊ ၁၂လမ်းတွင် မွေးဖွားပြီး ၁၉၄၅-၄၆ခုနှစ်တွင် ရန်ကုန်သို့ရောက်ရှိပြီး တပ်မတော်မှတ်တမ်းရုံးတွင် အမှုထမ်းစဉ် ဆာဂျင်မင်းဇော် အမည်ခံပြီး မှတ်တမ်းရုံးတီးဝိုင်းအတွက် အသံလွှင့်ရန် တေးသီချင်းများ ရေးပေးခဲ့သည်။ သူကိုယ်တိုင် ဆာဂျင်မင်းဇော် အမည်ဖြင့် သီချင်းဆိုသည်။ ထိုဝိုင်းတွင် ဆာဂျင်ကိုသောင်း၊ ဆာဂျင်ကိုလှကြူ၊ ရဲဘော်ထွန်းသောင်တို့နှင့် အသံလွှင့်ခဲ့သည်။ “တိုင်းပြည်အတွက် သင့်ကိုအလိုရှိသည်”သီချင်းကို ရဲဘော်ထွန်းသောင်အတွက် ရေးပေးရာ ဓာတ်ပြားရရှိခဲ့သည်။
တပ်မတော် မှတ်တမ်းရုံးတွင် တာဝန်ထမ်းဆောင်နေချိန်အတွင်း ချိုတေးဆက်ဝိုင်းကို တည်ထောင်ပြီး နှစ်ဆယ့်ငါးနှစ်တိုင်တိုင် (ငွေရတု) အထူးအစီအစဉ်ဖြင့် မြန်မာ့အသံတွင် အသံလွှင့်ခဲ့သည်။ ချိုတေးဆက်တူရိယာဝိုင်းသည် အပျော်တမ်းဝိုင်းဖြစ်ပြီး ကိုအောင်ကိုး၏ သီချင်းစာသားရေးမှု၊ သုံးစွဲသည့်သံစဉ် လှပသာယာမှု၊ အသံ (Key) ချိန်းမှုများသည် လူတကာနားဝင်ချိုပြီး ပရိသတ်စွဲလန်းနှစ်သက်ကြသည်။
ယင်းအချိန်သည် RECORDER CASSETTE များ မပေါ်သေးဘဲ ရေဒီယိုပင် အိမ်တိုင်းမရှိသေးသည့် အချိန်ဖြစ်ပြီး လက်ဖက်ရည်ဆိုင်များတွင် တိုးဝှေ့နားထောင်ကြရသည့်အချိန်ဖြစ်သည်။
စန္ဒရားလှထွတ် မကွယ်လွန်မီ ပြောသွားသော စကားတစ်ခွန်း မှတ်မိသေးသည်။ သီချင်းများကို Key ချိန်းတဲ့နေရာမှာ အဆင်ပြေဆုံးနဲ့ ချောမွေ့လှပခြင်းတွင် စန္ဒရားဆရာထဲမှာ အလွန်ရှားသည်။ သူကိုယ်တိုင်လည်း ကိုအောင်ကိုး၏ ပညာကို တလေးတစား အတုယူကြောင်းပြောဖူးသည်။
ချိုတေးဆက်ဝိုင်းတွင် အဆိုတော် များပြားမှုကြောင့် သီချင်းကောင်းများ အများအပြား ရေးသားနိုင်သည်။ ချိုတေးဆက်တွင် သီဆိုကြသော အဆိုတော်များမှာ ကိုကြည်ထွေး၊ တက္ကသိုလ်သိန်းလွင်၊ တက္ကသိုလ်ဘုန်နွယ်၊ ကိုမင်းနောင်၊ ကိုသစ်လွင်၊ ကိုလွမ်းဝေ၊ မောင်မောင်ကြီး၊ ခင်မောင်လွင်၊ မောင်သိန်းဝင်း၊ စန္ဒရားချစ်ဆွေ၊ မေကြာညွန့်၊ လီလီကြာညွန့်၊ ဂရေ့စ်ကြာညွန့်၊ မဉ္ဇူမြင့်၊ ရီလေး၊ နွဲ့လေး၊ သိင်္ဂီအေး၊ သဇင်ကြူ၊ အေဝမ်းတင်တင်လှ၊ နွယ်နီကျင်၊ နွယ်နီမြင့်၊ ခင်မျိုးတင့်တို့ ဖြစ်ကြသည်။
ကိုအောင်ကိုးသည် ရန်ကုန်သို့ ပြောင်းလာချိန်တွင် အခန်းအမှတ်(၃)၊ တိုက်အမှတ်(၇)၊ ရန်ကင်းမြို့နယ်တွင် နေထိုင်သော ပြည့်သူ့လွှတ်တော်ရုံးတွင် တာဝန်ထမ်းဆောင်သော ညောင်တုန်းသူ ဒေါ်ခင်ဖြူနှင့် အိမ်ထောင်ကျပြီး သမီး၆ဦး မွေးဖွားခဲ့သည်။ ခင်မမ (မမ)၊ အေးအေးအောင် (တူးတူး)၊ နွယ်နီအောင် (ဂျူးဂျူး)၊ နှင်းနှင်းအောင် (ထူးထူး)၊ သင်းသင်းအောင် (ဇူးဇူး)၊ နွယ်မျိုးအောင် (ကုကျူး) တို့ ဖြစ်သည်။
ကိုအောင်ကိုးသည် ရေဒီယိုသီချင်းများသာမက လွတ်လပ်ရေး၊ ပြည်ထောင်စု၊ တောင်သူလမ်းသမား၊ အလုပ်သမား၊ တပ်မတော်နေ့ စစ်ရေးစစ်ချီ သီချင်းများ၊ မြေပဒေသာ (သစ်သီးဝလံ ပန်းမာလ်ပြပွဲ) အစရှိသောသီချင်းများကို ရေးစပ်ခဲ့သည်။ ရုပ်ရှင်တေးသီချင်း အများဆုံး ရေးသားခဲ့သူလည်းဖြစ်သည်။ ရှုမဝရုပ်ရှင်၊ တော်ဝင်ထွန်းရုပ်ရှင်၊ မော်လမြိုင်ရုပ်ရှင်၊ သာဓုရုပ်ရှင်၊ပုသိမ်ရုပ်ရှင်၊ မဟာဗောဓိရုပ်ရှင်၊ ပန်းသာဖလင် ရွေဟင်္သာရုပ်ရှင်ကုမ္ပဏီမှ အများဆုံးသုံးသော ဂီတစာဆိုဖြစ်သည်။
သူရေးသားခဲ့သော သီချင်းများအနက် အဆိုတော် ကိုကြည်ထွေးအတွက် “ပြုံးမျက်ရည်”၊ တက္ကသိုလ် ဘုန်းနွယ်အတွက် “စိမ်းလဲ့ညို”၊ တက္ကသိုလ် သိန်းလွင်အတွက် “ဘယ်မှာလဲ အချစ်ရယ်”၊ “မေပုလဲ”၊ ကိုမင်းနောင်အတွက် “ဖော်မဲ့တေးသံ”၊ “ဘဝဟူသည်”၊ ကိုသန်းလှိုင်အတွက် “မမေ့တဲ့နိုင်”၊ စန္ဒရားချစ်ဆွေအတွက် “ချစ်သူ့ဝိညာဉ်”၊ အေဝမ်းတင်တင်လှအတွက် “ခင်တို့အရွယ်”၊ တင်မိုးခိုင်အတွက် “ရွှေရင်တံခါး”၊ မောင်မောင်ကြီးအတွက် “တန်ပါ့မဖုရား”၊ ခင်မောင်လွင်အတွက် “နှောင်းဝသန်၏ ဇာတ်သိမ်းခန်း”၊ လွမ်းဝေအတွက် “မူပိုင်မေတ္တာ”၊ မဉ္ဇူမြင့်အတွက် “စေချင်ရဲ့မယ့်စာခွေ”၊ ရီလေးအတွက် “ဘာရမလဲ သာဝရာ”၊ “သိပ်ချစ်”၊ ဂရေ့စ်ကြာညွန့်အတွက် “သီတာကြောမှာ”၊ ခင်သန်းနုအတွက် “နှောင်”၊ လီလီကြာညွန့်အတွက် “တရူမော”၊ နွဲ့လေးအတွက် “မောင်ကြီးသစ္စာ”၊ သဇင်ကြူအတွက် “မောင်ဟာမေ့အတွက်ပါကွယ်”၊ သိင်္ဂီအေးအတွက် “ဆောင်းရက်နွေဝင်”၊ မာမာအေးအတွက် “တင့်တင့်တို့အရွယ်” စသည့် သီချင်းများကို ရေးပေးခဲ့သည်။
ကိုအောင်ကိုးသည် လွတ်လပ်ရေး မော်ကွန်းဝင် ဒုတိယအဆင့်ဖြစ်ပြီး ရန်ကင်းမြို့နယ် တရားသူကြီးအဖွဲ့ဝင်၊ မြန်မာ့အသံ ခေတ်ပေါ်တေးဂီတစိစစ်ရေးအဖွဲ့ဝင် ဖြစ်သည်။
၁၂ရက်၊ ၁လ၊ ၁၉၉၇ခုနှစ်တွင် အထက်ပါ နေအိမ်၌ပင် ကွယ်လွန်ခဲ့သည်။ ရေးသမျှ သီချင်းများထဲတွင် “မမေ့တဲ့နိုင်” သီချင်းကို အကြိုက်ဆုံးဖြစ်ပြီး သူသေဆုံး၍ ဂူသွင်းသည့်အခါ “မမေ့တဲ့နိုင်”စာတမ်းထိုးပေးရန် မှာထားခဲ့သည့်အတွက် ရေဝေးသုဿာန်တွင် ဂူသွင်းကမ္ဗည်းထိုးထားကြောင်း သိရပါသည်။
ဂီတနက်သန်ကိုစောညိန်း
မြင်းခြံမြို့ နယ်၊ နွားထိုးကြီးအပိုင် ရွာသာရွာ ဇာတိ ဖြစ်သည်။ အဘ ဦးမောင်ကြီး၊ အမိ ဒေါ်တင်တို့မှ ၁၉၂၅ ခု၊ မတ်လ ၃၁ ရက်နေ့တွင် မွေးဖွားသည်။
မိဘများ လုပ်ငန်းအရ ရန်ကုန်သို့ ပြောင်းရွှေ့လာသဖြင့် ရန်ကုန်မြို့၊ ၂၁ လမ်းရှိ ဦးဘိုးအေး၏ မြန်မာကျောင်းတွင် ပညာသင်ကြားသည်။ (၇) တန်း အောင်မြင်သောအခါ သရက်တောကျောင်းတိုက် ဦးပရမ၏ တိုင်းရင်းသားဘာသာကျောင်းတွင် ကျောင်းဆက်တက်ပြီး (၁၀) တန်း အောင်မြင်သည်။ (၁၀) တန်း အောင်မြင်ပြီးနောက် ဆောင်းပါး ကဗျာများ ရေးသားသည်။ ဒုတိယ ကမ္ဘာစစ် ဖြစ်သည့်အခါ ရန်ကုန်မှ ခရမ်းဘက်သို့ စစ်ပြေးတိမ်းရှောင်နေစဉ် ရေလုပ်သားကြီး ဦးငွေစိုးထံမှ တယော၊ မယ်ဒလင်နှင့် သီချင်း သင်ယူသည်။
၁၉၄၈ ခုနှစ်တွင် ရန်ကုန်သို့ ပြန်လည်ရောက်ရှိလာသည့်အခါတွင် မြန်မာညွန့် ဦးချစ်မောင်၊ ဒေါ်အောင်ကြည်၊ စန္ဒရားဆရာမြိုင်၊ စောင်းဦးဘသောင်း၊ ဂီတာဦးစိမ်းမောင်၊ ရွှေတိုင်အေးတို့ထံတွင် တပည့်ခံယူကာ ဂီတပညာများ ဆည်းပူးခဲ့သည်။
၁၉၅၀ ပြည့်နှစ်တွင် စန္ဒရား ကိုလှသွင် ဦးစီးသော ဆန်းသစ်စ အပျော်တမ်း တူရိယာအဖွဲ့၌ သီချင်းများ စတင်ရေးသားသည်။ ဆန်းသစ်စအဖွဲ့မှ အသံလွှင့်သော သီချင်းများမှာ ၀ဿန်ခါဦး (မုတ်သုန်လေဦး)၊ ငွေဝန်းသော်တာ၊ ဆောင်းနတ်မယ်၊ နွေဦး စသည့် သီချင်းများ ဖြစ်သည်။ ထိုနောက် ဂီတနက်သန် အပျော်တမ်း တူရိယာအဖွဲ့ သီးခြား ဖွဲ့စည်းပြီး ကိုလှထွန်း၊ စာရေးဆရာ သန်းဆွေ၊ အောင်လင်း၊ မသန်းမြင့်၊ စန်းစန်းတင့်၊ လှလှထွန်း စသည့် အဆိုတော်များဖြင့် အသံလွှင့်ခဲ့သည်။
အေ၀မ်းရုပ်ရှင် သက်ဝေဇာတ်ကား၊ ဗြိတိသျှဘားမား ရုပ်ရှင်၊ သည်ဆောင်းဟေမန် ဇာတ်ကားများတွင် ဇာတ်ဝင်တေးသီချင်းများ ရေးသားခဲ့သည်။
ကိုစောညိန်း ရေးသားခဲ့သော တေးသီချင်းများမှာ သပြေရွက်ရေ၊ နွေနှောင်းဝသန်၊ စံပယ်၊ ကောက်စိုက်မယ်၊ စိမ်းသစ္စာ၊ နွေဦး၊ မိုးသက်လေနှင်၊ ငွေဝန်းသော်တာ၊ ပွင့်ဦး၊ သစ္စာတော်ဦး၊ ၀သန်ခါဦး (မုတ်သုန်လေဦး)၊ ဆည်းဆာ၊ ရတုဘုရင်၊ ၀ိဇယ၊ ချစ်ကန္တာရ၊ မဗေဒါ၊ ချစ်တိုင်းမညား၊ ချစ်ပြုံးနှင်းဆီ၊ ၀ဏ္ဏပဘာ၊ အရုဏ်၊ အရုဏ်ဦးမှာ၊ သည်းကြွေလုပြီ၊ ဆည်းဆာ၊ သိင်္ဂီ၊ မြနဒီ၊ စာဆိုရှင်၊ မေတ္တာနှောင်ကြိုး၊ မယ့်ကြမ္မာ၊ ဆောင်းညဥ့်၊ မှာလိုက်စမ်းပါရစေ၊ ရွှင်မြူးညိုညို၊ လှိုင်းရေယာဉ်ဦး၊ လွမ်းဓလေ့၊ သည်ဆောင်းဟေမန်၊ မြန်မာ့တေးသံ၊ မိုး၊ နှုတ်ခွန်းဆက်လွှာ စသည်တို့ ဖြစ်သည်။ စာရင်းကောက်ယူရသမျှ အပုဒ် (၄၀)ခန့် ရှိသည်။
သီချင်းအများအပြား ကိုယ်တိုင် သီဆို အသံလွှင့်ခဲ့ပြီး၊ ဂီတနက်သန် ကိုအုန်းလွင်၏ ဂီတာတစ်လက်တည်းဖြင့် တွဲဖက်သီဆိုခဲ့သည်။
၁၉၅၂ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ၂၈ နှစ်အရွယ်၌ ကွယ်လွန်သည်။
တေးသီချင်းများသာမက ကဗျာ၊ ၀တ္ထုဆောင်းပါးများ ရေးသားခဲ့ပြီး ကိုစောညိန်း ရေးသားသော မရဏစောင်းသံဝတ္ထုသည် ထိုခေတ်က နာမည်ရခဲ့သည်။
ဂီတစာဆို၊ ပြဇာတ်နှင့်ရုပ်ရှင်ဒါရိုက်တာ၊ စာရေးဆရာ ဗိုလ်ကလေးတင့်အောင်
အဖဦးဘသင်၊ အမိဒေါ်ဖွားသိမ်းတို့မှ ၁၉၂၂ ခုနှစ်တွင် ဖျာပုံခရိုင်၊ ဘိုကလေးမြို့၌ မွေးဖွားသည်။ သားသမီးခြောက်ယောက်အနက် ဒုတိယသားဖြစ်ပြီး၊ ဂီတလုလင်မောင်ကိုကိုမှာ စတုတ္ထသား ဖြစ်သည်။ ဘိုကလေးမြို့ ၊ ကျုံမငေးမြို့ နှင့် ကျိုက်လတ်မြို့ အမျိုးသားအထက်တန်းကျောင်းတို့တွင် ပညာသင်ကြားခဲ့သည်။ ၁၉၃၈ ခုနှစ် (၁၃၀၀ ပြည့် အရေးတော်ပုံ) ကျောင်းသားသပိတ်မှောက်ရာမှ ကျောင်းပြန်မတက်တော့ဘဲ တခါတည်းထွက်ခဲ့၍ အင်္ဂလိပ်-မြန်မာ အဋ္ဌမတန်းအထိသာ ပညာသင်ကြားခဲ့ရဖူးသည်။ ရဲတပ်၊ ဗမာ့လက်ရုံးတပ်၊ သံမဏိတပ်တွင် ပါဝင်ဆောင်ရွက်ခဲ့၍ ၁၉၄၀-၄၁ ခုနှစ်တွင် နယ်ချဲ့အား တော်လှန်ရန် ဖွဲ့စည်းရာ၌ ပါဝင်ခဲ့၏။ ၁၉၄၂ ခုနှစ်တွင် ဘီအိုင်အေတပ် ဖွဲ့စည်းရာ ဗိုလ်အောင်မြတ်၊ ဗိုလ်စံရှား၊ ဗိုလ်သန်းတို့နှင့်အတူ ပါဝင်ထမ်းရွက်ခဲ့ပြီး ဘီအိုင်အေတပ် ဖျက်သိမ်းပြီးသည့်နောက် နိုင်ငံရေး လုံးဝမလုပ်တော့ဘဲ အနုပညာနယ်အတွင်းသို့ ၀င်ခဲ့သည်။ နိုင်ငံရေးအသင်းအဖွဲ့ဟူ၍ တို့ဗမာအစည်းအရုံးတွင်သာ ပါဝင်ခဲ့ဖူးသည်။ ၁၉၄၀ ပြည့်နှစ်တွင် သီချင်းစ၍ ရေးသည်။ ၁၉၄၇ ခုနှစ်တွင် စတင်၍ အသံလွှင့်ခဲ့၏။ ၁၉၄၉ ခုနှစ်တွင် ရန်ကုန်သို့ ပြောင်းရွှေ့လာပြီး မောင်ကိုကိုတူရိယာအဖွဲ့တွင် ဂီတာတီးသူအဖြစ် ပါဝင်ရ၏။ ပြဇာတ်ဝိဇ္ဇာ ဒဂုန်ဆရာတင်၏ တပည့်ဖြစ်ခဲ့ရာ ပြဇာတ် သီချင်းရေး၊ ဇာတ်ညွှန်းရေး၊ တွဲဘက်ဒါရိုက်တာအဖြစ် တဆင့်ပြီးတဆင့်တက်၍ ၁၉၅၀ ပြည့်နှစ်တွင် “အပြုံးလက်ဆောင်” ပြဇာတ်ဖြင့် ဒါရိုက်တာ ဖြစ်ခဲ့သည်။ ပြဇာတ်ကြီး (သုံးနာရီခန့် ပြရသည်) ပေါင်း ၄၀ ကျော်၊ ပြဇာတ်တို၊ တခန်းရပ် ပြဇာတ်၊ တေးသရုပ်ဖော် ပြဇာတ်ပေါင်း ၁၀၀ ခန့် စီစဉ် ညွှန်ကြားခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် မြတ်မွန်ရတနာပြဇာတ်ကို စီစဉ်တင်ဆက်ခဲ့၍ မြတ်မွန်ရတနာ ပြဇာတ်စာအုပ်ကို စာပေဗိမာန်မှ ဖြန့်ချိထုတ်ဝေခဲ့သည်။
၁၉၆၁ ခုနှစ်တွင် ရုပ်ရှင်ဇာတ်ညွှန်းအဖြစ် ရေးထားသည်ကို ၀တ္ထုအသွင် ပြန်လည်ရေးသားထုတ်ဝေသော “မမမိုး” စာအုပ်ထွက်ရှိခဲ့သည်။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများတွင် စာပေ၀ါသနာအလျောက် ဆောင်းပါးများ ရေးခဲ့ပြီး “ပန်းဝင်္ကပါ” အမည်ဖြင့် ဆောင်းပါးရှည်ကို ၁၉၈၀ မှ ၁၉၈၂ ခုနှစ်အထိ ဂီတပဒေသာမဂ္ဂဇင်းတွင် ရေးသားခဲ့ပါသည်။ ထိုပန်းဝင်္ကပါစာအုပ်မှာ ၁၉၉၆ ခုနှစ်အတွက် အမျိုးသားစာပေဆု ရရှိခဲ့ပါသည်။ လူမှုထူးချွန် (ပထမအဆင့်) တံဆိပ်၊ ၀ိဇ္ဇာထူးချွန် (ပထမအဆင့်) တံဆိပ်တို့ အပ်နှင်းခြင်းခံရသည်။ ရုပ်ရှင်အစည်းအရုံး၏ နာယက၊ ဂီတအစည်းအရုံး၏ နာယက၊ ဘိုကလေးမြို့နယ်အသင်း၊ ကျိုက်လတ်မြို့နယ်အသင်းနှင့် ကျုံမငေးမြို့နယ်အသင်းတို့တွင်လည်း နာယကအဖြစ် လူမှုရေးကိစ္စများကို ဆောင်ရွက်နေပါသည်။
ဗိုလ်ကလေးတင့်အောင် ရေးသားခဲ့သည့် ကျော်ကြားခဲ့သော တေးသီချင်းအချို့ကို ယနေ့တိုင် အဆိုရှင်အမျိုးမျိုးတို့က သီဆိုနေကြဆဲ ဖြစ်သည်။ ၁၉၅၃ ခုနှစ်တွင် ကြည်ကြည်ဌေးသီဆို၍ ဓာတ်ပြားရခဲ့သော သက်ဆိုင်သူသို့ သီချင်းကို တိမ်ဦးလေပြေမောင့်ကိုစေ ရုပ်ရှင်ဇာတ်ကားတွင် ခင်ယုမေက ပြန်လည်သီဆိုခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် ပြဇာတ်သီချင်းဖြစ်သော နှစ်သစ်ချစ်ဦး၊ ၁၉၅၈ ခုနှစ်တွင် မေမြတ်နွယ် ဇာတ်ကား၌ ထားသီဆိုခဲ့သော သံယောဇဉ်၊ မွန်တို့ဌာနေ၊ မှုန်ရွှေရည်ဇာတ်ကား၌ ၀င်းဦးသီဆိုခဲ့သော မျက်ဝန်းလဲ့ပြာပြာ၊ ၁၉၆၈ ခုနှစ်တွင် မင်းနောင်သီဆိုသည့် ဇရာ၊ ဂျင်မလေးဂျမ်း၊ ၁၉၇၀ ပြည့်နှစ်တွင် စန္ဒရားချစ်ဆွေ သီဆိုခဲ့သည့် မွှေးလွန်းသည့်ပန်း စသည့် သီချင်းများမှာ ယနေ့တိုင် ခေတ်စားဆဲ ဖြစ်သည်။
ဗိုလ်ကလေးတင့်အောင်သည် သီချင်းများ ရေးသားခဲ့ရုံမက ရုပ်ရှင်ဘက်တွင်လည်း ၁၉၆၂ ခုနှစ်က ဆောင်းတည၀ယ် ဇာတ်ကားနှင့် “ငယ်ကျွမ်းဆွေ” ပြဇာတ်ကို ၁၉၅၀ ပြည့်နှစ်တွင်လည်းကောင်း၊ ယင်းရုပ်ရှင်ဇာတ်ကားကို ၁၉၇၅ ခုနှစ်တွင်လည်း ဒါရိုက်တာအဖြစ်လည်းကောင်း ရိုက်ကူးခဲ့သေးသည်။
ယခု အသက် (၈၄) နှစ်အရွယ်အထိ ဂီတ၊ ပြဇာတ်၊ စာပေတာဝန်များကို ထမ်းဆောင်ဆဲ ဖြစ်သည်။ ဇနီးဖြစ်သူ ဒေါ်ခင်ရီ၊ သားသမီးလေးဦး၊ မြေး ငါးယောက်တို့ဖြင့် ကျန်းမာရွှင်လန်းစွာ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ လှည်းတန်းလမ်း၊ အမှတ် ၉၁ အပေါ်ဆုံးထပ်တွင် နေထိုင်လျက်ရှိပါသည်။
ဂီတလုလင်မောင်ကိုကို(အကယ်ဒမီ)
ဘိုကလေးမြို့နေ အဖဦးဘသင် အမိဒေါ်ဖွားသိန်းတို့မှ ၁၉၂၈ ခုနှစ်တွင် မွေးဖွားခဲ့သည်။ မွေးချင်းခြောက်ယောက်ရှိသည်။ မောင်ကိုကိုမှာ စတုတ္ထသားဖြစ်သည်။ ဒုတိယသားမှာ ဗိုလ်ကလေးတင့်အောင် ဖြစ်သည်။
၁၉၃၉ ခုနှစ်တွင် မောင်ကိုကိုသည် ဂီတပညာရပ်များကို မြန်မာညွန့် ဦးချစ်မောင်နှင့် ၀ဏ္ဏကျော်ထင် ဒေါ်အောင်ကြည်တို့ထံတွင် သင်ယူခဲ့သည်။ ၁၉၄၀ ခုနှစ်မှစ၍ အသံလွှင့်ခြင်းနှင့် ကိုလံဘီယာဓာတ်ပြားများတွင် အသံသွင်းခဲ့သည်။
၁၉၄၃ ခုနှစ်တွင် အသံတိတ်ရုပ်ရှင်များတွင် တီးဝိုင်းခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၄၇ ခုနှစ် အသံထွက် ရုပ်ရှင်များတွင်လည်း တီးဝိုင်းခေါင်းဆောင်အဖြစ် လုပ်ကိုင်ခဲ့သည်။
၁၉၅၀ ပြည့်နှစ်၊ ပြဇာတ်ခေတ်တွင် “၀င်းဝင်းပြဇာတ်အဖွဲ့”၏ တေးဂီတတာဝန်ခံ ပြဇာတ်ဒါရိုက်တာအဖြစ် လုပ်ကိုင်ခဲ့သည်။ ဂီတလုလင် မောင်ကိုကိုသည် ဂီတပညာရပ်များကို နှံ့စပ်ကျွမ်းကျင်တတ်မြောက်သူ တဦးဖြစ်ပြီး ခေတ်ဟောင်းဂီတပညာရှင်ကြီးများကို ရင်းနှီးသိရှိသူဖြစ်၍ ခေတ်ဟောင်းခေတ်သစ်တေးဂီတများကိုလည်း ထောက်ပြရှင်းလင်းခဲ့သူ ဖြစ်ပါသည်။ မောင်ကိုကိုသည် အောင်မြင်ကျော်ကြားသော တေးသီချင်းများ ရေးသားသီဆိုသူတစ်ဦး ဖြစ်ပြီး ရေဒီယို၊ ဓာတ်ပြား၊ ရုပ်ရှင်၊ စီးရီးများစွာတို့ကို ဦးဆောင် အသံသွင်းခဲ့သူ ဖြစ်သည်။
မြန်မာ့ဂီတကို ကမ္ဘာ့ဂီတနှင့် ဆက်စပ်ဆောင်ရွက်ပေးနေသူတဦးလည်း ဖြစ်ပါသည်။ ၁၉၆၀ ခုနှစ်တွင် တရုတ်ပြည်သို့ အနုပညာအဖွဲ့အား ဦးဆောင်၍ သွားရောက်ခဲ့သည်။ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ အလုပ်သမားနေ့၊ တောင်သူလယ်သမားနေ့၊ တပ်မတော်နေ့ မြေပဒေသာကပွဲများတွင် ဖျော်ဖြေရေးလုပ်ငန်းများတွင် ကိုယ်တိုင်သီချင်းများ ရေးစပ်သီကုံးပေးခြင်း၊ စင်တင်ဂီတ၊ စင်တင်ပြဇာတ်များကို ဦးဆောင်၍ တင်ပြခဲ့သည်။
၁၉၆၆ ခုနှစ်၊ မြန်မာနိုင်ငံဂီတအစည်းအရုံး ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် ၀ဇီရာပြဇာတ်အဖွဲ့ကြီးအား ဦးဆောင်ဖွဲ့စည်းကပြခဲ့သည်။
၁၉၉၃ ခုနှစ်တွင် အမေရိကန်နိုင်ငံ တက္ကသိုလ်များနှင့် ကနေဒါနိုင်ငံ တက္ကသိုလ်များတွင် ဂီတဘာသာရပ်ဆိုင်ရာ၌ မြန်မာ့ဂီတပညာရပ်များကို ဟောပြောပို့ချခဲ့လေသည်။ ဗုဒ္ဓဘာသာဆိုင်ရာ ဓမ္မပူဇာတေးများ ပူဇော်ရေးအဖွဲ့ကို ဦးဆောင်၍ ၁၉၆၆ ခုနှစ်တွင် မလေးရှား၊ စင်ကာပူ၊ ထိုင်းနိုင်ငံများသို့ ဦးဆောင်၍ သွားရောက်ခဲ့သည်။
၁၉၉၇ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ အာဆီယံတေးဂီတပွဲတော်သို့ သွားရောက်ခဲ့လေသည်။ ၁၉၉၈ ခုနှစ်တွင် ဂျာမဏီနိုင်ငံ ဘာလင်မြို့တွင်လည်းကောင်း၊ ဗြိတိန်နိုင်ငံ လန်ဒန်မြို့များတွင်လည်းကောင်း မြန်မာ့ဂီတနှင့် ပတ်သက်၍ ဟောပြောပို့ချခြင်းများကို ဆောင်ရွက်ခဲ့သည်။ မြန်မာ့ရုပ်ရှင်နှင့် ပြဇာတ်ပညာရှင်များအား ဦးဆောင်၍ ဂျပန်နိုင်ငံသို့ သွားရောက်လေ့လာခဲ့သည်။ ဂီတလုလင်မောင်ကိုကိုသည် ဂီတ၊ ရုပ်ရှင်၊ ပြဇာတ်ဆိုင်ရာ တေးဂီတပညာရပ်များအတွက် အလုပ်အကျွေးပြုနေဆဲ ပညာရှင်တဦး ဖြစ်လေသည်။
ယခုအခါ ပြန်ကြားရေးဝန်ကြီးဌာန အကြံပေး၊ ယဉ်ကျေးမှုတက္ကသိုလ်ကောင်စီ၊ ရုပ်ရှင်အစည်းအရုံးနှင့် ဂီတအစည်းအရုံးတို့၏ နာယက၊ ပြန်ကြားရေးဝန်ကြီးဌာန တေးဂီတ စစ်ဆေးရေးအဖွဲ့ဝင်၊ ပြဇာတ် ကဇာတ် အနုပညာရပ်များ စိစစ်ရေးအဖွဲ့ဝင်၊ ကျေးလက်တေးများ ရှာဖွေဖော်ထုတ်ရေးခေါင်းဆောင် စသည့် တာဝန်များကို ထမ်းဆောင်လျက်ရှိသည်။
ရုပ်ရှင်တေးဂီတဆိုင်ရာ အကောင်းဆုံး အကယ်ဒမီဆုကို ၁၉၉၁၊ ၁၉၉၄၊ ၂၀၀၂ ခုနှစ်များတွင် သုံးကြိမ် ရရှိခဲ့သူ ဖြစ်သည်။ နိုင်ငံတော်မှ ချီးမြှင့်သည့် လူမှုထူးချွန်တံဆိပ် (ပထမဆင့်)ကို ၁၉၉၆ ခုနှစ်တွင် ရရှိခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် ၀ိဇ္ဇာပညာထူးချွန်ဆု (ပထမဆင့်)ကို ထပ်မံရရှိခဲ့ပါသည်။
ယခုအခါ အမှတ်-၂၃၇၊ ၀ိဇ္ဇာလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့တွင် မိသားစုနှင့်အတူ နေထိုင်လျက်ရှိပါသည်။
ဂျူဗလီစိန် (အတွဲ ၁ မှ)
ဂျူဗလီစိန် (အတွဲ ၁ မှ)
နာမည်ရင်း ဦးဝင်းမောင်ဖြစ်သည်။ စစ်ကြိုခေတ်က (၁၀)တန်း အောင်မြင်ခဲ့သော်လည်း အစိုးရဝန်ထမ်း မလုပ်ဘဲ အနုပညာနယ်ပယ်တွင် ကျင်လည်ခဲ့သည်။ ဂီတစာဆို သဟာယဆရာတင် ထံတွင် တေးသီချင်း ရေးစပ်မှုကို နည်းနာခံယူပြီး တေးသီချင်းများ စပ်ဆိုခဲ့သည်။
အေဝမ်းဓာတ်ပြားကုမ္ပဏီမှ ထုတ်လုပ်သည့် အဆိုတော်ပြည်လှဖေ၏ နဂါးနိုင်မင်း သီချင်း၊ မင်းမဟာဂီရိသီချင်းနှင့် ဣန္ဒာနွယ် သီချင်းများ { အတွဲ(၁) စာအုပ်တွင်ပါရှိပြီး } ဂျူဗလီစိန်၏ ကျော်ကြားသော လက်ရာများဖြစ်သည်။
ဂျူဗလီစိန်သည် စစ်ကြိုခေတ်မှာသာမက စစ်ပြီးခေတ်တွင်လည်း အရှေ့ပိုင်းတူရိယာအဖွဲ့တွင် အဆိုတော် တင်တင်မြ၊ ခင်စန်းကြည်၊ ရုပ်ရှင် မင်းသမီး ဘေဘီနွဲ့၊ နုနုဝေ၊ တင်တင်အောင်၊ ရုပ်ရှင်မင်းသားမြင့်စိုး၊ တင်မောင်လှ၊ ကိုကျော်စိန်၊ မယ်ဒလင်တိုးဝင်း၊ ကိုလှဝင်းတို့အတွက် ရေဒီယိုသီချင်း အပုဒ်ရေ (၇၀)ကျော် ရေးသားပေးခဲ့သည်။
ရုပ်ရှင်ကားများတွင်လည်း အရန်သရုပ်ဆောင် အဖြစ်ပါဝင်ခဲ့ဘူးသည်ဟု သိရသည်။ ၁၉၆၁ ခုနှစ် ဇွန်လ (၂၂)ရက်နေ့တွင် ကွယ်လွန်သွားသည်။ မွေးသက္ကရာဇ် အတိအကျ မသိရသောလည်း အသက်(၅၄)နှစ် အရွယ်ခန့်တွင် ကွယ်လွန်သဖြင့် ၁၉၀၇ ခုနှစ်ခန့်တွင် မွေးဖွားသည်ဟု ခန့်မှန်းရသည်။
ဂျူဗလီစိန် ကွယ်လွန်စဉ်က ဇနီးနှင့် သား(၁)ယောက်၊ သမီး(၂)ယောက် ကျန်ရစ်ခဲ့သည်။
ဒေါ်စောမြအေးကြည်
ဒေါ်စောမြအေးကြည်
မန္တလေးနေပြည်တော်မှ ဆွေတော်အုပ်မင်းသားကြီး၏ သမီးဖြစ်သော ထိပ်တင်ရွှေသည် ဒေါ်စောမြအေးကြည်၏ ဖွားလေးပင်ဖြစ်သည်။ အဖမှာ သီပေါမင်းလက်ထက် ဗြဲတိုက် သံတော်ဆင့်ရာထူးကို ထမ်းရွက်ရသော ဦးမောင်မောင်တင်ဖြစ်ပြီး၊ အမိမှာ စောလှထိပ်ခေါင်တင်၏ ဘဏ္ဍာစိုး ဒေါ်ခင်ဖွာတို့ပင်ဖြစ်သည်။ ဒေါ်စောမြအေးကြည်သည် (၁၂၅၃)ခုနှစ်၊ တပေါင်းလတွင် မန္တလေးမြို့၌ ဖွားမြင်ပြီး “ခင်စိန်ကြည်” မည်၏။ အသက်(၁၂)နှစ် အရွယ်တွင် သီဆိုမှုပညာကို သင်ကြားသည်။
ရှေးဦးစွာ အဆိုကျော်ဦးလူကြီး (သီပေါမင်းလက်ထက် ဝဲဘက်အဆိုတော် အဖြစ်နှင့် အမှုထမ်းခဲ့သူ) ထံတွင် စတင်သင်ကြားခဲ့ရာ ပေါက်ပေါက်ရောက်ရောက် ရှိလှသည်ဟူ၏။ (၁၃)နှစ်အရွယ်တွင် ရှမ်းပြည်မြောက်ပိုင်း သီပေါစော်ဘွားဆာစောချယ်က ဆွေစဉ်မျိုးဆက်ကို စုံစမ်းပြီး နှစ်သက်သဖြင့် ကောက်ယူလေသည်။ ဂီတပညာရှင်ကြီးများကိုလည်း သီပေါဟော်နန်း၌ အသုံးတော်ခံကြရသော ပညာရှင်ကြီးများထံမှ ဆက်လက်သင်ယူ လေ့လာစေခဲ့သည်။ (၁၆)နှစ်အရွယ်ရောက်သော် စော်ဘွားကြီးက စောမြအေးကြည်ဟူသော အမည်ကို ပေးအပ်ခြင်းခံခဲ့ရသည်။ အသက်(၂၀)နှစ်ကျော်တွင် ရတု၊ ဘောလယ်၊ တေးထပ်၊ ပတ်ပျိုး တို့ရေးသားသီကုံးနိုင်ပြီဖြစ်သည် နှင့်အညီ ရေးသားဆက်သွင်းခဲ့ရာ စော်ဘွားကြီးက သဘောကျလေသောကြောင့် စောဥက္ကာဘွဲ့ ပေးအပ်ခြင်းခံရသည်။ ၁၂၈၉ခုနှစ်၊ တန်ခူးလပြည့်ကျော်(၈)ရက်နေ့တွင် စော်ဘွားကြီး၏ တိုက်ဟော်နန်း သိမ်းပိုက်ပွဲ၌ စောဥက္ကာသည် သီရိဥက္ကဌ်ဝတီ ဟူသောဘွဲ့ကို ထပ်မံချီးမြင့်ခြင်း ခံယူရရှိပြန်၏။ ထိုဟော်နန်းတွင်း၌ပင် ဆိုခဲ့ပြီးသည့်အတိုင်း ယိုးဒယားအကကို ရာမစင်တော်ဦးစီး ဆရာမောင်နှင့် ယိုးဒယားသီးခြားတတ်ကျွမ်းသည့် ဆရာဦးအုန်းပွင့်တို့ထံမှ လည်းကောင်း၊ အဆိုပညာကို တပယ်မင်းသား၏ ကိုယ်လုပ်တော်တပယ်ခင်ဥကြီး ဆရာဦးလူကြီး၊ ဘီးလစ်စာရေးကြီး ဦးအောင်လှနှင့် ဆရာခန့်ကြီးတို့ထံမှ လည်းကောင်း နည်းယူမှတ်သားခဲ့ရ၏။
၁၉၅၂ ခုနှစ်တွင် အလင်္ကာကျော်စွာဘွဲ့ရ၏။ ၁၉၅၄ ခုနှစ်တွင် ကံဘဲ့ဆရာအတတ်သင်ကျောင်းတွင် တာဝန်ထမ်းဆောင်စဉ် အနုပညာနှင့် ဆိုင်သော ဝိဇ္ဇာဘွဲ့ကို ထပ်မံရရှိပြန်သည်။ နောက်ပိုင်းတွင် သမိုင်းကော်မရှင်ဌာနမှ ဂီတသုတေသနရာထူးဖြင့် အမှုထမ်းနေခဲ့သည်။ မြန်မာ့အသံ မဟာဂီတ သီချင်းကြီဘုတ်အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၃၂၉ ခုနှစ်၊ တပို့တွဲလဆန်း (၁၂)ရက်တွင် ကွယ်လွန်သည် ။
ရည်ညွှန်းချက်
မြန်မာ့တူရိယာဂီတပညာကျော်များ - ၁၉၆၂ ပန်တျာမြင့်အောင်
စောင်းဦးဘသန်း
By Yar Ma in မြန်မာဂန္တ၀င်သီချင်းများ (Files)စောင်းဦးဘသန်း
စောင်းဦးဘသန်းအား ၁၂၇၀ ပြည့်နှစ်၊တန်ဆောင်မုန်းလပြည့်ကျော်(၁၃)ရက်၊သာယာဝတီခရိုင်၊
အုတ်ဖိုမြို့နယ် မိုးညိုတန်းတွင် အဘ မင်းလှမြို့နယ်ပိုင် ရုံးစာရေးဦးငယ်၊ အမိ ဒေါ်ဖွားမှီတို့မှ မွေးဖွားခဲ့သည်။
မွေးချင်း(၅)ယောက်အနက် ဒုတိယ မြောက်သားဖြစ်သည်။ဖခင်က ဂီတ၀ါသနာ ပါသည့် အလျောက် အုပ်ဖိုမြို့မှ
ဆိုင်းဆရာ ဦးဖိုးချစ်၊ဦးဖိုးကြံတို့ထံတွင် ပတ္တလား မှ စ၍ ဆိုင်းဝိုင်းပညာသင်ယူခဲ့ ရသည်။ လက်ထောက်ပတ်တီးဘဝ
ငယ်ရွယ်စဉ်ကပင် ပေါင်းတည်မြို့မှ ဆရာရှင်း ထံမှ စောင်းပညာ ကို ဖခင်ဖြစ်သူ၏ အစီအမံဖြင့် သင်ယူခဲ့ရသည်။ဦးဘသန်း
၏ဂီတ ဆရာများမှာ ဆရာရှင်း၊စာသင်ဦးဘအုန်း၊ စောင်းဦး အောင်လှ၊ ဆရာဦးကြည်တို့ဖြစ်သည်။ အဆိုပညာ ကို ကြည့်မြင်တိုင်
ဆရာဦးဖိုးလှကြီးနှင့် ဆရာမြစ်ကြီးတို့ထံမှ လည်းကောင်း၊သင်္ကေတရေးနည်းကို စန္ဒရား ဆရာဒီဇူဇာ နှင့် ကရင်မ ဆရာမကြီး မစ္စက်စိန်ဌေး
တို့ထံမှ လည်းကောင်း သင်ယူခဲ့လေသည်။ ဦးဘသန်းသည် ဂီတ၊အငြိမ့်နှင့် ဇတ်သဘင်လောကများတွင် ကျင်လည်ခဲ့ရာမှ စစ်ကြိုခေတ်ပန်းချီ
နှင့် တူရိယာ ကျောင်း တွင် တူရိယာ သင်တန်းနည်းပြ ဆရာ အဖြစ်ခန့်အပ်ခြင်းခံရသည်။ လွတ်လပ်ရေးရပြီးနောက် ကိုယ်ပိုင်တူရိယာ ကျောင်း၊
ကိုယ်ပိုင်စန္ဒရား၊အငြိမ့်များတည်ထောင်ခဲ့ပြီးဆရာအတတ်သင်သိပ္ပံ ဂီတကထိက၊၄င်းမှ ယဉ်ကျေးမှူဌာန အထက်တန်းအရာရှိ အဖြစ် လုပ်ကိုင်
ဆောင်ရွက်ခဲ့ပေသည်။ ယဉ်ကျေးမှူဝန်ကြီးဌာနတွင် တာဝန်ပျေးချက်အရ ရွှေပြည်ဦးဘတင်၊ဆရာဘလေး၊ဦးချစ်မောင်၊ဦးဟန်ပ၊ဒေါ်စောမြအေးကြည်
ဒေါ်ဒေလီညွန့်၊ဦးဝန်(မင်းသုဝဏ်)၊ ဦးသိန်းဟန်(ဇော်ဂျီ)၊ဒေါ်တင်အုန်း၊မန္တလေးဦးကျော်၊သံလျင်ဦးမြဦးတို့နှင့် အတူ မဟာဂီတသင်ရိုး သီချင်းကြီးများ ကို
ပန်တျာ မူမှန် ပြုစုခဲ့သည်၊အခြေခံကြိုးသီချင်း (၁၃)ပုဒ်ကို ထုတ်ဝေခဲ့သည်၊အနုပညာ ဖလှယ်ရေးအစီအစဉ်အရ ၁၉၅၂ ခုနှစ်တွင် တရုတ်ပြည်သူ့ “
သမ္မတနိုင်ငံသို့ လည်းကောင်း၊၁၉၅၄ ခုနှစ်တွင် ယိုးဒယား နိုင်ငံသို့လည်းကောင်း၊၁၉၅၅ ခုနှစ်တွင် ဒုတိယအကြိမ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ
သို့လည်းကောင်း ၁၉၅၆ ခုနှစ်တွင် အိန္ဒိယ၊ဆိုဗီယက်၊ယူဂိုဆလပ်၊ဂျာမဏီ၊ချက်ကိုဆလိုဗက်ကီးယားနှင့် ပိုလန်နိုင်ငံများသို့ သွားရောက်ခဲ့ပါ
သည်။၁၉၈၇ ခုနှစ် ဇွန်လ (၆) ရက်နေ့၊ အသက်(၈၀) အရွယ်တွင် ကွယ်လွန်သည်။
ရည်ညွန်းချက်
မြန်မာတူရိယာ ဂီတပညာ ကျော်များ (ပန်တျာ မြင့်အောင်)
စာပေဗိမာန်စာအုပ်တိုက် ၁၆-၇-၆၂
ဦးစိန်ကတုံး
ဦးစိန်ကတုံး
ဦးစိန်ကတုံးသည် အဖ ဆိုင်းဆရာဦးကျော်ဦး၊ အမိ ဒေါ်သစ်တို့၏ သားဖြစ်၏။ ၁၂၃၇ခုနှစ်၊ ဝါခေါင်လဆန်း(၁၃)ရက်၊ စနေနေ့တွင် ညောင်တုန်းမြို့်၌ ဖွားမြင်၍ ငယ်မည်မှာ မောင်ထွန်းလှဟူ၍၄င်း၊ မောင်ထွန်းမြိုင် ဟူ၍၄င်း ခေါ်ကြ၏။ ငယ်ရွယ်စဉ်ကပင် ပလွေ၊ ပတ္တလား၊ ဒိုးပတ်၊ အိုးစည်၊ ဗုံရှည်က တို့တွင် အရွယ်နှင့် မမျှအောင်ကပြတတ်သည်။ ဆယ့်နှစ်နှစ်သား အရွယ်မှစ၍ ညောင်တုန်းမြို့အရပ်ဇာတ်များတွင် မင်းသားအဖြစ်ဖြင့် ကပြခဲ့၏။
၁၂၅၂ခုနှစ်မှစ၍ ဇာတ်ပွဲထောင်သည်ဟု အဆိုရှိသည်။ တစ်နှစ်တွင် မော်လမြိုင်မြို့သို့ သွားရောက်ကပြခဲ့ရာ ငှက်ဖျားမိသဖြင့် ပျောက်ကင်းသည့်အခါ ဆံပင်များကျွတ်သောကြောင့် ခေါင်းတုံးရိတ်လိုက်ရ၏။ ဇာတ်ပွဲကပြရာတွင် နာလန်ထစမင်းသား မောင်ဖိုးကွန်းသည် ပဝါအုပ်ပေါင်းနှင့်ထွက်လာ၍ ခွန်းထောက် အဆိုချမှာ “ကျန်းမာကာလူ့ကိုယ်ဖြင့် ချုံးလျက်ပါပဲ ပွဲတော်မှာ အားကုန်ရုန်းရတယ် ကျွန်တော့ကိုရူပါတော့ ဟောဗျာ့ကတုံး” ဟုဆိုပြီးလျှင် ဦးခေါင်းပေါ်က ပဝါကိုချွတ်လိုက်ရာ ပရိတ်သတ်များ ပွဲကျသွားလေသည်။ “ကတုံးမင်းသားဟေ့ ဖန်ကတုံးဟေ့ စိန်ကတုံးဟေ့” ဟူ၍လည်း မော်လမြိုင်မြို့သူမြို့သားများ ပါးစပ်တွင် ခေတ်စားသွားသဖြင့် ကွယ်လွန်သည့်တိုင်အောင် “စိန်ကတုံး” ဟူ၍အမည်တွင်လေသည်။ အီနောင် ဦးစံတုတ်ထံတွင် ယိုးဒယားကနည်းများကိုလည်း သင်ယူသည်ဆိုရှိ၏။
၁၂၈၀ပြည့်နှစ်မှစ၍ ကိုယ်ပိုင်ရွက်ထည်ရုံကြီး တည်ထောင်ကာ ခေတ်ဆန်သော ဓာတ်မီးမောင်းထိုး၍ ကပြသည်။ အစိုးရပိုင်းကပါ ရွှေတဆိပ်ဘွဲ့စသော ဆုလာဘ်အမျိုးမျိုးဖြင့် ချီးမြှင့်ခဲ့ကြသည်။
ဦးစိန်ကတုံးသည် အတီးအမှုတ် ဂီတဘက်တွင်လည်းကျွမ်းကျင်၏။ ကြေးတီးရာ၌ အလွန်ကောင်း၏။ ဆိုင်းဆရာလောင်းများသည် သူ့ထံတွင်လာရောက်နည်းယူကြရသည်။ ထိုအခါက ရန်ကုန်မြို့နာမည်ကြီး တီးဝိုင်းဆရာများဖြစ်သော ဆရာစိုး၊ ကိုဘလှ၊ တယောဘရီ၊ ပြည်မောင်ကြီး စသည်တို့သည် ဦးစိန်ကတုံးထံ ချဉ်းကပ်၍ တီးကွက်ဆိုကွက်များကို နည်းယူကြသည်။
ဦးစိန်ကတုံးနှင့်တွဲဖက်ကပြခဲ့သော မင်းသမီးများမှာ အောင်ဗလ၊ မစမ်းကြည်၊ မကျော်ဗလ၊ မစိန်နွဲ့၊ မသိန်းညွန့် စသည်တို့ဖြစ်ကြ၏။ ပထမဇနီးမှာ မင်းသမီးမစမ်းကြည်ဖြစ်၍ ဦးစိန်ကတုံးသည် ဒေါ်ရှင်ဆိုသူ အမျိုးသမီး တစ်ဦးနှင့်ဒုတိယအကြိမ် လက်ထပ်ခဲ့၏။ ဦးစိန်ကတုံး၏ တတိယဇနီးမှာ ဒေါ်စောတင်ဖြစ်လေသည်။
ဦးစိန်ကတုံးသည် ဇာတ်ပွဲလှည့်လည်ကပြစဉ် မုံရွာမြို့၌ ၁၂၉၂ ပြာသိုလဆုတ်(၂)ရက်နေ့၌ အနိစ္စရောက်လေသည်။
ရည်ညွှန်းချက်
ဦးစိန်ကတုံး - ဦးသော်ဇင်(စာပေဗိမာန် ၁၉၅၈-၆၀)
Encyclopedia Myanmar 1998-1999
ဆရာဉာဏ်
By Maung Maung Than and Khaing Su Latt in မြန်မာဂန္တ၀င်သီချင်းများ (Files)ဆရာဉာဏ်
ဆရာဉာဏ်သည် သက္ကရာဇ် ၁၂၆၆ခုနှစ်၊ စစ်ကိုင်းခရိုင်၊ သင်းတွဲရွာတွင် ဖွာမြင်သည်။ အချုပ်တန်းဆရာဖေ၏ တပည့်ဖြစ်ပြီး အသက် ၂၅နှစ်အရွယ် ၁၉၀၀ပြည့်နှစ်တွင် “ပြည်ကုန်းဘောင်”သီချင်းကိုရေးစပ်ခဲ့ပြီး ရုပ်သေးစင်တော်မင်းသမီးကြီး အမေပုခေါ် ဆရာပုမှ သီဆိုခဲ့သည်။ အင်္ဂလိပ်အစိုးရက သီချင်းစာသားများအတွက် စစ်ဆေးမေးခြင်းခံခဲ့ရသည်။ ဗြိတိသျှအစိုးရက စာသားများကို စိစစ်ကန့်သတ်ပြင်ဆင်ပြီးမှ သီဆိုခွင့်ပြုခဲ့သည်။ ၄င်းနောက် “ပါတော်မူ” စည်တော်သံ သီချင်းကိုရေးဖွဲ့ခဲ့သည်။
ရည်ညွှန်းချက်
မြန်မာ့လွတ်လပ်ရေးနှင့် တေးဂီတ(မေမြို့မိုးကြည်)
၁၉၇၈ (စာပေဗိမာန်)
ဆရာတောက်
ဆရာတောက်
ဆရာတောက်အား အဖဦးသော့၊ အမိဒေါ်ဖော့တို့မှ ၁၂၆၁ ခုနှစ်၊ ဝါဆို လပြည့်၊ ဗုဒ္ဓဟူးနေ့တွင် မြန်အောင်မြို့၊ ဆယ်ရွာတွင် ဖွားမြင်သည်။
ဆရာတောက်သည် မွေးချင်းသားသမီး ခြောက်ယောက်အနက် ဒုတိယသားဖြစ်သည်။ နာမည်ကျော်မင်းသားကိုတောက် လွန်စွာခေတ်စားချိန်ဖြစ်၍ အဆိုပါအမည်ကို အစွဲပြု၍ မောင်တောက်ဟု အမည်မှည့်ခေါ်ခဲ့သည်။ သံဖြူအတတ်၊ ပန်းထိမ်အတတ်တို့ သင်ကြားခဲ့ရာမှ ဦးသန်း၊ ဦးကြင်၊ ပဲခူးမြို့မှ ဆိုင်းဆရာ ဦးချစ်လှတို့ထံတွင် လေ့လာ ဆည်းပူးခဲ့ရပြန်သည်။ ဆိုင်းပညာသင်ကြားရာတွင် ရှေးရိုးစနစ်အတိုင်း ပတ္တလား တီးခတ်နည်းကိုပါ ပူးတွဲသင်ကြားခဲ့ရပေသည်။ ၄င်းမှ စန္ဒယားဦးသိန်းဖေထံမှ စန္ဒယားတီးနည်းကို သင်ယူခဲ့ပြီး မြန်မာအဆွေရုပ်ရှင် ကုမ္ပဏီမှ ရိုက်ကူးသော “တောင်မြိုင်စွန်းက လွမ်းအောင်ဖန်” ဇာတ်ကားတွင် စန္ဒယားစတင်တီးခဲ့ရသည်။ ရုပ်ရှင်တေးများအား စန္ဒယားဖြင့် အသံသွင်းခဲ့ပြီး တေးရေးခြင်းအတတ်ကို လှည်းတန်းဦးလူလေးထံမှ သင်ယူခဲ့သည်။ ဆရာတောက်ရေးသားခဲ့သော သီချင်းများအနက် “နိဂြောဓသမင်” ၊ “စိတ်” ၊ နှင့် “ဥပေါသထ” သီချင်းများသည် ထင်ရှားသော ဓါတ်ပြားတေးများဖြစ်သည်။
စစ်ပြီးခေတ်တွင် ကံဘဲ့ဆရာအတတ်သင်ကျောင်း၌ ဂီတနည်းပြအဖြစ်မှ အငြိမ်စားယူပြီးနောက် မြန်မာ့အသံ သီချင်းကြီး စိစစ်ရေးအဖွဲ့ဝင်အဖြစ်နှင့် ဂီတအကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၇၈ ခုနှစ်၊ အသက်(၇၉) နှစ်အရွယ်တွင် ကွယ်လွန်သည်။
ရည်ညွှန်းချက်
မြန်မာတူရိယာဂီတပညာကျော်များ (ပန်တျာမြင့်အောင်)
စာပေဗိမာန်စာအုပ်တိုက် ၁၆-၇-၆၂
ဆရာထာ
ဆရာထာ
အဘ ဦးစံခိုင်၊ အမိ ဒေါ်မတို့မှ မြန်မာသက္ကရာဇ် ၁၂၆၃ ခုနှစ်၊ တော်သလင်းလဆုတ် (၃) ရက်နေ့တွင် ဖွားမြင်သည်။ ဆရာထာငယ်စဉ်က အင်းကန်တိုက်ရွှေကျောင်းတွင် မြန်မာစာသင်ကြားခဲ့ပြီးနောက် ဦးထွန်းရင်ထံမှ သီချင်းရေးခြင်းနှင့် အကပညာကိုပါ သင်ကြားခဲ့သည်။ သူဒအစ်မဖြစ်သူ နာမည်ကျော် အငြိမ့်မင်းသမီး မစိန်သုံ (ဦးချစ်ဖွယ်+မစိန်သုံ) အငြိမ့်တွင် စည်တီး၊ ဒိုးတီး လုပ်ကိုင်ရင်း ထိုအငြိမ့်၌ပင် စန္ဒယားတီးသူ ဆရာမောင်ထံ စန္ဒယားသင်ယူပြန်သည်။
ဆရာထာသည် သရဲဦးအောင်စိန်၊ ဦးစိန်အုပ်၊ ဦးအောင်မောင်း၊ ဦးစိန်ကတုံးနှင့် ဦးစိန်အောင်မင်း တို့အတွက် ဇာတ်သီချင်းများ ရေးစပ်ပေးခဲ့သည်။ ဦးစိန်အောင်မင်း၏ နာမည်ကျော် ဘဒ္ဒကလျာဏီသီချင်းသည် ဆရာထာ ရေးစပ်ခဲ့သော သီချင်းဖြစ်သည်။ အငြိမ့်မင်းသမီးများဖြစ်ကြသော ယူနီဗာစီတီ မြသန်းကြည်၊ ရွှေလိပ်ပြာနှင့် မကြည်အောင်တို့အတွက် အငြိမ့်သီချင်းများ ရေးစပ်ပေးခဲ့သည်။ မန္တလေးမှ အငြိမ့်မင်းသမီးများ ဖြစ်ကြသော ဥသြမယ်တင်၊ ဥက္ကလာ အေးကြည်၊ သြဘာသောင်း၊ လေဘာတီမြရင်၊ လှကလေးစိန်၊ ပျော်တော်ဆက်မတင်အောင်တို့ အငြိမ့်များတွင် ပတ္တလားဝင်တီးပေးရင်း သီချင်းရေးစပ်ပေးခဲ့သည်။
ဆရာထာသည် ရွှေမန်းဇာတ်သဘင်အဖွဲ့တွင် မန်နေဂျာအဖြစ် ဝင်ရောက်ရင်း ရွှေမန်းဇာတ်အတွက် သီချင်းပေါင်းများစွာ ရေးစပ်ပေးခဲ့သည်။ ဆရာထာသည် ဒေါ်မမလေးနှင့် အိမ်ထောင်ကျခဲ့ပြီး မင်းသမီးရွှေမန်းသူ ခင်အုန်းမြိုင်၊ သား စန္ဒယားအေးကို၊ သမီး ကောလိပ်ခင်ဝင်းမေ နှင့် မင်းသမီးဇာနည်ဝင်းမော် သားသမီးလေးယောက်ထွန်းကားခဲ့သည်။
၁၃၄၀ပြည့်နှစ်၊ ပြာသိုလဆုတ်(၁၂)ရက်နေ့တွင် ကွယ်လွန်သည်။
ဆရာပု
By Aye M. Kyaw and Zaw Kant Lant in မြန်မာဂန္တ၀င်သီချင်းများ (Files)ဆရာပု
ရုပ်သေးမင်းသမီး ဆရာပု(ခေါ်) အမေပုကို အဖဦးထိုက်၊ အမိဒေါ်အေးတင်တို့မှ သက္ကရာဇ် ၁၂၂၂ခုနှစ်တွင် တဘက်ဆွဲရွာ၌ မွေးဖွားခဲ့ပါသည်။ (တဘက်ဆွဲရွာမှာ ကျောက်ဆည် လယ်တွင်း ကိုးခရိုင်နယ်အတွင်းဖြစ်၍ ပန်းလောင်မြစ်၏ အရှေ့ဘက်ကမ်းတွင် ရှိလေသည်။) မောင်ပု (၅)နှစ်သားအရွယ်တွင် မိခင်ဖြစ်သူ
ဒေါ်အေးတင် အနိစ္စရောက်ပြီး (၂)နှစ်အကြာ ဖခင်ဖြစ်သူက နောက်အိမ်ထောင်ပြုသဖြင့် (၇)နှစ်သားအရွယ်
ကတည်းက မိထွေးနှင့်နေခဲ့ရပြီး နောက်အိမ်ထောင်မှ ပေါက်ဖွားလာသော ကလေးများကို ထိန်းရသည်။
တစ်နေ့သောအခါ မိထွေးဖြစ်သူက မန်ကျည်းရွက်ခူးခိုင်းသဖြင့် ပန်းလောင်မြစ်ကမ်းပါးရှိ မန်ကျည်းပင်ကြီးပေါ်တက်၍ မန်ကျည်းရွက်ခူးရင်း စိတ်ညစ်ညစ်နှင့် ရရာ အလွမ်းသီချင်းကို
ဟစ်၍ ဟစ်၍ ငိုသံပါကလေးနှင့် ဆိုမိ၏။ သူ၏အသံကို မြစ်ကမ်းပါးရှိ ရုပ်သေးလှေကြီးမှ ဦးသာပြောနှင့် ဦသာဇံတို့က ကြားကြသောကြောင့် သဘောကျပြီး ၎င်းတို့၏ ရုပ်သေးအဖွဲ့နှင့် လိုက်ပါလိုသည်လားဟု လိုလိုလားလား မေးမြန်းကြရာ နဂိုက မိထွေးနှင့်နေရပြီး စိတ်အားငယ် စိတ်ညစ်နေသော မောင်ပုမှာ လိုက်ခဲ့မည်ဟုဆိုကာ လိုက်ပါသွားတော့၏။ ဦးသာပြော၊ ဦးသာဇံတို့ မင်္ဂလာစင်တော်ကြီးမှာ ဘုရင့်အသုံးတော်ခံ စင်တော်မဟာဖြစ်၍ ဘုရင်နှင့်မိဘုရား ရှုစားလိုသည့်အခါတွင် တောင်စမုတ် အနောက်ဘက် ပွဲကြည့်ဆောင်၏တောင်ဘက်တွင် စင်ဆောက်၍ ကပြရမြဲဖြစ်သည်။ ဆရာပုဖြစ်လာမည့် မောင်ပုမှာ ပညာဆည်းပူးရင်း နောက်ပါးမှ ပါခဲ့ရပေသည်။ အသက် (၁၄)နှစ် အရွယ်သို့ရောက်သောအခါ ဆီးသီးကောက်မင်းသမီးအဖြစ် စ၍ နေရာပေးကြ၏။ (ဆရာပု၏အသံမှာ မိန်းကလေး၏အသံနှင့် တူလွန်းလှ၍ ယောက်ျားစင်စစ်က ရုပ်သေးမင်းသမီးဘဝ ရောက်ရခြင်းဖြစ်ပါသည်။ ထိုခေတ်ထိုအခါက ရုပ်သေးစင်မြင့်ပေါ်သို့ မိန်းမများ တက်ရောက်အသုံးတော်ခံရခြင်းမရှိဟု မှတ်သားရပါသည်။) ဦးသာပြောနှင့် ဦးသာဇံတို့၏ စင်ပေါ်သို့ရောက်လာချိန်တွင် မောင်ပုကို
မြေတောင်မြှောက်ကာ အနုပညာရပ်များ သင်ကြားပေးကြ၏။ နဂိုက အနုပညာဗီဇပါလာသော
မောင်ပုမှာ တစ်နေ့တခြား ရုပ်သေးမင်းသမီး အဆိုအငို အပြောပညာများ ပြည့်ဝလာတော့၏။
မောင်ပု၏ ဆရာ့ဆရာကြီးများမှာ မင်းသမီးဦးပါတူ၊ ကျောက်ကာမှ မင်းသားဆရာမိုး၊ အာလကပ္ပမှ မင်းသမီးဆရာမူ၊ မင်းသားဆရာရိုက်တို့ဖြစ်ကြ၏။
အရွယ်ရောက်၍ ပညာစုံလာပြီဖြစ်သော ဆရာပုသည်၎င်း၏ဆရာကြီးများ မရှိကြတော့သည့်အခါ ကိုယ်တိုင် မဟာစင်တော်ကြီး တည်ထောင်ကပြလေတော့သည်။ မင်းတုန်းမင်းလက်ထက်တော်တွင် ဆရာပုမှာ စင်တော်ကလေးအဖြစ် ကပြ၍ ၎င်းနောက် စုဘုရားလတ်၏ စင်တော်၊ ထို့နောက် သီပေါဘုရင်၏ စင်တော်ကြီးအဖြစ် ကပြလေသည်။ ဆရာပုကို “နေမျိုးသီရိ မဓုသဒ္ဒရွှေတောင်”ဟူသော ဘွဲ့နှင့် ချီးမြှောက်ကာ မြင်းခြံအနီး သမုန်းကိုင်း(၁၂)ရွာကို စားစေပါသည်။
ဆရာပုသည် ခေတ်အဆက်ဆက်ကိုမီ၍ မင်းသားအမျိုးမျိုးနှင့် တွဲခဲ့ပါသည်။ ပြည်မြို့သို့ ရုပ်သေးသွားကရင်း ဦးဘညွန့် (နောင်အခါ မြန်မာအဆွေ သူဌေးကြီး ဦးဘညွန့်)နှင့် တွေ့ဆုံ၍ ခေတ်ပေါ်အသံသွင်းဓာတ်လုံးဖြင့် သီချင်းများ၊ ဇာတ်ထုပ်များ သွင်းခဲ့ရပါ၏။ မကြာမီပင် ဓာတ်ပြားခေတ် ပေါ်ပေါက်လာပြီး အမေပု(ခေါ်)
ဆရာပု မင်းသားဦးဘကျော့နှင့် တွဲစဉ်အခါ ခွေးတံဆိပ်ဓာတ်ပြားကုမ္ပဏီက ဓာတ်ပြားသွင်းရန် ရန်ကုန်သို့ခေါ်၏။ ဆရာပုတို့အဖွဲ့က ပွဲလက်ခံများရှိနေသဖြင့် ရန်ကုန်မလာနိုင်ကြသောအခါ မန္တလေးသို့ လိုက်လာကြပြီး ဇာတ်တစ်ထုပ်ကို ငွေ၃၀၀၀ိ/- ပေး၍ ဓာတ်ပြားသွင်းယူကြ၏။ ဇာတ်ထုပ်တစ်ထုပ်လျှင် ဓာတ်ပြားချပ်ရေ (၃၅)ပြား၊ (၃၆)ပြားခန့် ရှိသည်။ သွင်းယူသည့် ဇာတ်ထုပ်များမှာ ဖိုးထောင်ဝါနုဇာတ်၊
အောင်ဖြူဇာတ်၊ မင်းထင် ရွှေမှန်ဇာတ်ထုပ်များ ဖြစ်ပါသည်။
ဆရာပုမှာ အသက်(၅၄)နှစ် သဘင်သက် (၄၀)အရ (၁၉၁၄)ခုနှစ်တွင် အနိစ္စရောက်ရှိပါသည်။ ဇနီး ဒေါ်လေးကြီးနှင့် သားသမီးများမှာ ဦးကြင်၊ ဦးတင်၊ ဦးရှင်၊ ဒေါ်အုန်းတင်၊ ဒေါ်အမ၊ ဦးသွင်၊
ဦးအောင်ဘတို့ ကျန်ရစ်ခဲ့ပါသည်။ အထူးသဖြင့် ဆရာပု(ခေါ်) အမေပုမှာ မြန်မာနိုင်ငံသို့ ပထမဆုံးရောက်ရှိလာသော အသံသွင်းဓာတ်လုံးကို သွင်းဖူးသည့် ရုပ်သေးပညာရှင်ကြီးဖြစ်ကြောင်း မှတ်တမ်းတင်ရမည် ဖြစ်ပါသည်။
ရည်ညွှန်းချက်
လူထုဒေါ်အမာရေးသားသော ပြည်သူချစ်သောအနုပညာသည်များ စာအုပ်ပါ အချက်အလက်များ ဖြစ်ပါသည်။
ဆရာမြိုင်ကလေး (စန္ဒရား)
By Aye M. Kyaw in မြန်မာဂန္တ၀င်သီချင်းများ (Files)ဆရာမြိုင်ကလေး (စန္ဒရား)
ဆရာမြိုင်ကလေး၏ မိဘများမှာ ပဲခူးမြို့ ရွှေပန်းထိမ်ဆရာ ဦးဖိုးဆင်၊ ဒေါ်သော့ တို့ဖြစ်ကြပါသည်။ ၁၉၀၃ခုနှစ်တွင် ပဲခူးမြို့အနီး မင်းရွာတွင်မွေးဖွားသည်။
ရွှေနန်းထွက်မဟာဂီတကျမ်းပြုစုသူ၊ ဥက္ကလာပမြို့ဘွဲ့ ပတ်ပျိုးရေးသူ စန္ဒရားဆရာ မြိုင်ကြီးနှင့် အမည်တူသဖြင့် ဆရာမြိုင်ကလေးဟုလည်းကောင်း၊ ပဲခူးမြို့သားဖြစ်သောကြောင့် ပဲခူးဆရာမြိုင်ဟုလည်းကောင်း ခေါ်ကြသည်။ ၁၉၅၂ခုနှစ်တွင် ရန်ကုန်မြို့ပန်တျာကျောင်း၌ စန္ဒရားနှင့်ပတ္တလား နည်းပြအဖြစ် ဆောင်ရွက်ခဲ့သည့်အတွက် ပန်တျာဆရာမြိုင်ဟုလည်း ခေါ်သည်။
ဆရာမြိုင်၏ ပထမဆရာအရင်းမှာ အပျော်တမ်း ပတ္တလားဆရာကြီး ပဲခူးဦးမောင်တင်ဖြစ်သည်။ ရန်ကုန်သို့ရောက်သောအခါ စောင်းနှင့်ပတ္တလားပညာရှင် ဦးထွန်းဖေထံတွင် ဆက်လက်ပညာဆည်းပူးသည်။ ထို့ပြင် စောင်းဆရာကြီး ဦးမောင်မောင်လတ်၊ ဆိုင်းဆရာကြီး ပတ္တလားဆရာနွဲ့နှင့် စောင်းဆရာမကြီး အုပ်ဆက် ဒေါ်ခင်ခင်လေးတို့ထံမှ မဟာဂီတသီချင်းများ သင်ယူခဲ့ပါသည်။
၁၉၃၆ခုနှစ်တွင် ခွေးတံဆိပ်ဓာတ်ပြားကုမ္ပဏီ၌ စန္ဒရားနှင့်ပတ္တလား ဆရာအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ဗြိတိသျှဘားမားရုပ်ရှင်ကုမ္ပဏီက ဓာတ်ပြားကုမ္ပဏီထူထောင်သည့်အခါ ခွေးတံဆိပ်ကုမ္ပဏီမှ နုတ်ထွက်ပြီး ဗြိတိသျှဘားမားသို့ ကူးပြောင်းလာသည်။ ၁၉၃၇ခုနှစ် ဗြိတိသျှဘားမား၏ ပွဲဦးထွက် ဓာတ်ပြားများဖြစ်သော ခင်ခင်ရီ၏ အောင်စေတီ၊ ဣဋ္ဌာရုံ၊ မေမေဝင်း၏ မာလာမြိုင်၊ မြတ်သာ၏ မုန့်ပေါင်းစုံ၊ လှတင်ကြီး၏ အပွေးမြင်အပင်သိတို့တွင် ဆရာမြိုင်၏ စန္ဒရားလက်သံများကို စတင်ကြားရသည်။
စန္ဒရားဆရာမြိုင်ဟု ကျော်ကြားသော်လည်း ဆရာရင်းမှာ ပတ္တလားဆရာဖြစ်သည့်အလျောက် ပတ္တလားလည်း အလွန်ကောင်းသည်ဟု သိရသည်။ ခင်မောင်ရင်၏ တောသားကြီးနှင့် မေမေဝင်း၏ ဆယ့်နှစ်လရာသီ သီချင်းများတွင် ကြားရသည့် ပတ္တလား လက်သံမှာ ဆရာမြိုင်၏လက်သံဖြစ်သည်။
၁၉၅၁ခုနှစ်တွင် ဗြိတိသျှဘာမားမှ ဒါရိုက်တာဆရာခန့်၏ တောပန်းလေးမို့ ရုပ်ရှင်ဇာတ်ကားတွင် ဂီတမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ပန်တျာကျောင်းတွင် နည်းပြဆရာ လုပ်ကိုင်နေစဉ် အသက်၆၀ မပြည့်မီ ကွယ်လွန်သွားခဲ့သည်။
ရည်ညွှန်းချက်
ဦးမောင်မောင်လတ်(နောင်)ပြုစုသည်။
ဒဂုန်ဆရာတင်
By Yar Ma in မြန်မာဂန္တ၀င်သီချင်းများ (Files)ဒဂုန်ဆရာတင်
သက္ကရာဇ် ၁၂၆၅ ခုနှစ်တွင် အဘ ရွေပန်းတိမ် ဆရာကြီး ဦးဖိုးကြင် အမိ ဒေါ်ဖွားရှင်တို့မှ ကွမ်းခြံ
ကုန်းမြို့ အပိုင် ကော့မူးရွာ တွင် ဖွားမြင်သည်။ မွေးချင်း လေးယောက်အနက် ဒုတိယမြောက်သားဖြစ်သည်။
ငယ်မည်မှာ မောင်ညွန့်ဖြစ်ပြီး ဆရာတင် (၃) နှစ်သားအရွယ်တွင် မိဘများရန်ကုန်မြို့ ရွှေတောင်တန်း သို့ေ ပြာင်း
ရွေ့ကြသည်။ ဘုန်းကြီးလမ်း ဒေါ်မယ်မ အလွတ်ပညာ သင်ကျောင်းမှ တစ်ဆင့် စိန်ဂျွန်း ကျောင်းသို့ပြောင်းရွေပညာ
သင်ကြားခဲ့သည်။လေးတန်းအရောက် မိဘနှစ်ပါးကွယ်လွန် သွားသဖြင့် ကျောင်းဆက် မတက်နိုင်တော့ဘဲ
ကော့မူး၇ွာသို့ပြန်ခဲ့ရသည်။ရွာတွင် ဘုန်းကြီးဦးသြသဓကျောင်း၌ သင်္ကန်းဝတ်၍ ပရိယတ္တိစာဝါတက်ခဲ့သည်။
အသက်(၁၈) နှစ်အရွယ်တွင်လူထွက်၍ ရန်ကုန်မြို့ အစိုးရရုံးတွင် စာရေးကြီးလုပ်ရာမှ ဒီးဒုတ်ဦးဘချို၏
အစီအမံဖြင့် ဘားမားရီဗျူးဂျာနယ် တွင် စာပြင်ဆရာအဖြစ် ၀င်ရောက် လုပ်ကိုင်ခဲ့သည်။၎င်း မှ ဂီတလောက
သို့ရောက်ရှိလာပြီးမူလ အချစ်သီချင်းများမှ အမျိုးသားရေး သီချင်းများကိုစာတင်ရလောက်အောင်
ရေးဖွဲ့ခဲ့သည့်အပြင် စင်တင် ပြဇတ်လောကတွင်လည်း ပြဇတ်ဝိ ဇ္ဇာ ဟူသောဘွဲ ၇ရှိလောက်အောင် ထူးချွန်
ခဲ့သော ပုဂ္ဂိုတစ်ဦးဖြစ်ပါသည်။နိုင်ငံတော်က အလင်္ကာကျော်စွာဘွဲ့ချီးမြှင့်ခြင်းခံရသည်။၁၉၇၆ ခုနှစ်၊ဧပြီလ(၂)
ရက် အသက်(၇၃)နှစ်အရွယ် တွင် ကွယ်လွန်သည်။
Wednesday, May 22, 2013
တေးရေးဆရာများ အတ္ထုပတ္တိ (၁)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
Note: Only a member of this blog may post a comment.