ပလွေတို ရောင်မှာထိုးပါလို့
ရန်ဝင်း (တောင်တံခါး)
မေ ၈၊ ၂၀၁၁
မြန်မာ့ရိုးရာမှာ ‘ပလွေ’ ဆိုတာ ကျေးလက်က
ရောင်ပေစူးနဲ့ နွားကျောင်းသားတွေအတွက် အင်မတန် အသုံးတွင်ကျယ်တဲ့
တူရိယာပါပဲ။ ဝါးပလွေတလက်ကို ကိုယ်တိုင်လုပ်ချင်လုပ်၊ ဈေးက ဝယ်ချင်ရင်လည်း
တန်ဖိုးမများဘဲ ဝယ်ဖို့လွယ်ကူပါတယ်။ ဝါးပလွေတလက်ကို ကိုယ်ပိုင်ရပြီဆိုရင်
စမ်းသပ် မှုတ်ကြည့်ရင်းနဲ့ သိပ်မကြာခင်မှာပဲ တေးသံတခုကို
ဖန်တီးနိုင်တော့တာပါပဲ။
ပလွေတိုတချောင်းနဲ့ ခမောက်ကိုဆောင်းတဲ့ နွားကျောင်းသား
‘ပလွေတိုတချောင်းနဲ့ ခမောက်ကိုဆောင်းကာ
နွားကျောင်းသားတို့ ပြန်ချိန်မှာ
ဥသြပျို မြူးပျံလို့ဝဲကာ
ရွှေချိုးဖြူ ကူသံကိုလည်း ကြားရတာ’
ပျို့ကျေးရွာ
ရေး-စန်းသော်တာ၊ ဆို-ခင်နှင်းရီ
ပြုလုပ်ထားပုံ ရိုးစင်းသလောက်
ပညာရပ်က အင်မတန်ကျယ်ဝန်းတဲ့ မြန်မာ့ရိုးရာ ‘ပလွေ’ ကို နွားကျောင်းသားတွေကအစ
အိုးစည် ဒိုးပတ်ဝိုင်းအလယ်၊ မြန်မာ့ဆိုင်းဝိုင်းကြီးအဆုံး၊
မြန်မာ့သီချင်းကြီး ထိုင်ဆိုတီးဝိုင်း၊ အငြိမ့် ဇာတ်ပွဲပါမကျန်
သုံးနေကြဆဲပါပဲ။
ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ်
မြန်မာ့ရိုးရာ တူရိယာအုပ်စု ၅ မျိုးထဲက ‘လေ’ တူရိယာတံပိုး ၈ မျိုးကို
ရှေးခေတ်အခါတုန်းက သုံးခဲ့ကြပေမယ့် ဒီကနေ့မှာတော့
မြန်မာ့လေမှုတ်တူရိယာဆိုလို့ ‘ပလွေ’ ‘နှဲ’ နဲ့ ‘ခရုသင်း’ ပဲ ကျန်ပါတော့တယ်။
‘ခရုသင်း’ ကလည်း အသံစုံ တူရိယာမဟုတ်တော့ အသုံးမတွင်ကျယ်လှပါ။ ပွဲလမ်းသဘင်
အခမ်းအနား သုံးတဲ့အဆင့်မှာပဲ ရှိပါတယ်။
မြန်မာ့ရိုးရာ ပလွေမှာ
‘ကျော်ပလွေ’ နဲ့ ‘ခင်ပလွေ’ ရယ်လို့ နှစ်မျိုးနှစ်စားရှိပါတယ်။ ရှေးဟောင်း
ပစ္စည်းတွေနဲ့ နံရံဆေးရေးပန်းချီတွေကို ထောက်ထားလို့ကြည့်ရရင်
မြန်မာ့သမိုင်း စောစောပိုင်းခေတ်တွေ ဖြစ်တဲ့ ပျူခေတ်နဲ့ ပုဂံခေတ်တွေတုန်းက
‘ကျော်ပလွေ’ တွေကိုပဲ သုံးခဲ့ကြလိမ့်မယ်လို့ မှန်းဆရပါတယ်။
‘ကျော်ပလွေ’ ဆိုတာ အသံထွက်တဲ့
‘မြင့်မိုရ်’ ခေါ် ‘ပင်လယ်ကူး’ အပေါက်ရဲ့အပေါ်မှာ လေကို ကျော်ပြီးမှုတ်ရလို့
‘ကျော်ပလွေ’ ခေါ်ကြပါတယ်။ ကျော်ပလွေကို ဘေးတိုက်မှုတ်ရတာကြောင့် ဘေးတိုက်
ပလွေ၊ ဘေးစောင်းပလွေ လို့လည်း ခေါ်တတ်ပါသေးတယ်။
ကျော်ပလွေ၊ ဆရာထပ်၊ အမရပူရ
ပျူခေတ် ပလွေရှင်၊ ကြေးရုပ်
ဘုရားမာ ဘုရားအနီး၊ ဂြီက္ခေတြ (သီရိခေတ္တရာ) အေဒီ ၈ ရာစုခန့်
ပုဂံခေတ် ပလွေရှင်၊ နံရံဆေးရေးပန်းချီ
မြင်းကပါ ဂူပြောက်ကြီး၊ အေဒီ ၁၂ ရာစု
ဘယ်ခေတ် ဘယ်အချိန်လောက်ကတည်းက
မြန်မာပြည်တွင်းမှာ ‘ကျော်ပလွေ’ တွေ တိမ်ကောသွားခဲ့သလဲဆိုတာကို
ပြောနိုင်ဖို့မလွယ်ကူပါ။ ဒီကနေ့အချိန်မှာတော့ မြန်မာ့ရိုးရာဂီတမှာ
‘ခင်ပလွေ’ ကိုပဲ သုံးကြပါတော့တယ်။
‘ခင်ပလွေ’ ဆိုတာကတော့ ‘အခင်’
လို့ခေါ်တဲ့ အသံထွက်စရာ လေတိုးပေါက် ပါပါတယ်။ ဒါကြောင့်ပဲ ‘ခင်ပလွေ’ လို့
နာမည်ရပါတယ်။ ‘မြင့်မိုရ်’ ခေါ် ‘ပင်လယ်ကူး’ အပေါက်မှာ ပွဲ့လျက် (ပွဲညက်)
ဒါမှမဟုတ် ပျားဖယောင်းနဲ့ လေကိုတားထားပြီး အပေါ်က ထန်းရွက်ပြားကလေးနဲ့
အုပ်ထားပါတယ်။ ခင်ပလွေကို ထိပ်ဖျားပိုင်းကနေပြီး မှုတ်လိုက်တဲ့အခါ
လေလမ်းကြောင်းကလေးက ‘မြင့်မိုရ်’ ရဲ့ ချွန်နေတဲ့ အပိုင်းကို တိုးဝှေ့မိလို့
ပလွေသံ ထွက်လာစေပါတယ်။
မြန်မာ့ရိုးရာ ခင်ပလွေတွေကို
အုပ်စုခွဲလိုက်ရင် ဝံသာနု ပလွေကြီး၊ ပလွေကြီး၊ ပလွေကလေးရယ် လို့ အရွယ်အစား
သုံးမျိုးရှိပါတယ်။ ပလွေတွေထဲမှာ အရွယ်ကလည်း အကြီးဆုံးဖြစ်တဲ့အပြင် ဝံသာနု
နှဲကြီးရဲ့ အသံစဉ်နဲ့တူတာကြောင့် ဝံသာနုပလွေကြီးလို့ပဲ ခေါ်ကြတဲ့
ပလွေကြီးမှာ လက်ပေါက်တွေကို အားလုံးပိတ်ပြီးမှုတ်ရင် မြန်မာ့ ၎
ပေါက်သံရပါတယ်။ အစဉ်လိုက် တပေါက်စီ ဖွင့်သွားရင် ၄ ၃ ၂ ၁ ၇ ၆ ၅ ၄ ဆိုတဲ့
အသံစဉ်ကို ရပါတယ်။
အရွယ်လတ်ဖြစ်တဲ့ ပလွေကြီးရဲ့
လက်ပေါက်တွေကို အားလုံးပိတ်ပြီးမှုတ်ရင် မြန်မာ့ ၁ ပေါက် သံမှန် ရပါတယ်။
နှဲကြီးနဲ့အသံစဉ်တူလို့ တချို့က နှဲကြီးပလွေလို့ ခေါ်ကြတယ်။ အစဉ်လိုက်
တပေါက်စီ ဖွင့်သွားရင် ၁ ၇ ၆ ၅ ၄ ၃ ၂ ၁ ဆိုတဲ့ အသံစဉ်ကို ရပါတယ်။
အငယ်ဆုံး ပလွေကလေးရဲ့
လက်ပေါက်တွေကို အားလုံးပိတ်ပြီးမှုတ်ရင် မြန်မာ့ ၄ ပေါက်သံ ရပါတယ်။
နှဲကလေးရဲ့ အသံစဉ်နဲ့ အတူတူပါပဲ။ အစဉ်လိုက် တပေါက်စီဖွင့်သွားရင်
ဝံသာနုပလွေကြီးထက် အသံစဉ်တခု ပိုမြင့်တဲ့ ၄ ၃ ၂ ၁ ၇ ၆ ၅ ၄ ဆိုတဲ့ အသံစဉ်ကို
ရပါတယ်။
သိပ်မကြာသေးခင် အချိန်တုန်းကအထိ
ပလွေသံစဉ် ၁ ပေါက် သံမှန်က မြန်မာ့ရိုးရာ ဆိုင်းဝိုင်းကြီးအတိုင်းပဲ ‘စီ’
သံနဲ့ ကိုက်ညီအောင် ညှိထားပါတယ်။ ဒီကနေ့ မြန်မာ့ရိုးရာ
ဆိုင်းဝိုင်းကြီးတွေရဲ့ မူတည်သံပြောင်းသွားတဲ့အခါ ပလွေတွေကလည်း ၁ ပေါက်
သံမှန်ကို ‘စီ-ရှပ်’ မှာပဲ ထားကြတော့တယ်။
မြန်မာ့ရိုးရာ ဝံသာနုပလွေကြီး၊ ပလွေကြီး၊ ပလွေကလေး
ငှက်တော်ဥသြ တံဆိပ်၊ ဦးကံချွန်၊ ကြာနီကန်
မြန်မာ့ရိုးရာ ‘ပလွေ’ ကို
ထီးရိုးဝါးနဲ့ လုပ်ပါတယ်။ ထီးရိုးဝါးက မာလည်း မာတယ်၊ အဆစ်ရှည်ရှည်နဲ့
အရောင်ကလည်း ချောမွေ့လှပတော့ ပလွေလုပ်လို့ အကောင်းဆုံးဝါးမျိုးပါပဲ။
ထီးရိုးဝါးကို ရဲရဲနီအောင် မီးဖုတ်ထားတဲ့ သံချောင်းနဲ့ အပေါက်တွေဖောက်ရတယ်။
ပုံလောင်းထားတဲ့
ကြေးဝါပိုက်နဲ့လုပ်ထားတဲ့ ကြေးပလွေတွေလည်း ရှိပါတယ်။ သံပိုက်လုံးနဲ့လုပ်တဲ့
သံပလွေတွေကတော့ ရှားပါးပါတယ်။ ဒီကနေ့မှာတော့ အလွယ်တကူရနိုင်တဲ့
ပလပ်စတစ်ပိုက်တွေနဲ့ပဲ ပလွေအရွယ်အမျိုးမျိုးကို လုပ်ကြတာများတယ်။
ခင်ပလွေ အင်္ဂါရပ်များ
ရှေးခေတ်က ခင်ပလွေအားလုံးမှာ
အပေါက်ပေါင်း ၁ဝ ပေါက်စီ ရှိခဲ့တယ်။ အသံထွက်တဲ့ ‘မြင့်မိုရ်’ ခေါ်
‘ပင်လယ်ကူး’ အပေါက်၊ ပလွေအသံစဉ်အတွက် အပေါ်ပိုင်းမှာ လက်ပေါက် ၇ ပေါက်၊
ပလွေရဲ့ အောက်ဘက်မှာ ‘သရပေါက်’ လို့ခေါ်တဲ့ လက်မနဲ့ ပိတ်၊ ဖွင့်စရာ ၁ ပေါက်၊
‘မြင့်မိုရ်’ နဲ့ အထက်ဆုံး လက်ပေါက်အကြားမှာ ပင့်ကူမှေးကပ်စရာ ၁ ပေါက်၊
စုစုပေါင်း ၁ဝ ပေါက်ရှိပါတယ်။ ပလွေအသံစဉ်အတွက် လက်ပေါက် ၇ ပေါက်ကလည်း
အရွယ်တူတွေ မဟုတ်ကြပါ။ အထက်ဆုံး လက်ပေါက်ကစပြီး အောက်ဆုံးလက်ပေါက်အထိ
တဖြည်းဖြည်း ကြီးသွားပါတယ်။
မြန်မာ့ရိုးရာ ကြေးပလွေ၊ ဆရာထွန်း
မြန်မာ့ရိုးရာ ဝါးပလွေ၊ ဆရာထပ်၊ အမရပူရ
ပင့်ကူမှေးပေါက်မှာ
ပင့်ကူမှေးဖြစ်ဖြစ်၊ ဝါးမှေး လို့ ခေါ်တဲ့ ရေပါးစက္ကူ ဖြစ်ဖြစ်
ကပ်လိုက်တဲ့အခါ ပလွေသံကို စူးစူးရှရှ စွာတာတာ ကြားရပါတယ်။
ဒီကနေ့အချိန်မှာတော့ ပင့်ကူမှေးပေါက် မပါတော့ဘဲ ၉ ပေါက်တည်းသာ
လုပ်ကြပါတော့တယ်။
မြန်မာ့ရိုးရာ ‘မြင့်မိုရ်’
အသံထွက်ပေါက်က တဖက်ချွန်၊ တဖက်ခပ်ဝိုင်းဝိုင်းနဲ့ ကြစုသီး ပုံစံမျိုး
ဖြစ်ပါတယ်။ ဒီကနေ့ မြန်မာ့ဂီတလောကမှာ ‘မြင့်မိုရ်’ အပေါက်ပုံစံသစ်နဲ့
ပလွေတွေ ခေတ်စားလာခဲ့တယ်။ ပုံစံအသစ်က လေးထောင့်ပုံပါ။ အခင်ကို
ပလွေအထဲမှာပဲ ထည့်ထားပါတယ်။ အိန္ဒိယ နဲ့ တရုတ်ပြည်ဖြစ်
ခင်ပလွေအုပ်စုမှာပါတဲ့ ပလွေမျိုးတွေမှာ အဲဒီ ‘မြင့်မိုရ်’ အပေါက်ပုံစံကို
တွေ့ရတယ်။ မြန်မာ့ပလွေ လက်ပေါက်တွေနဲ့ အဲဒီအသံထွက်စနစ်ကို
ပေါင်းစပ်ပေးလိုက်တော့ ပုံစံအသစ်ဖြစ်ပေမယ့် မြန်မာသံပဲ ထွက်ပါတယ်။
ပုံစံသစ် ကြေးပလွေ
ပုံစံသစ် ဝါးပလွေ
ဒီကနေ့ အသုံးများတဲ့ ပုံစံသစ် ပလပ်စတစ်ပလွေ
ပုံစံသစ် ဝံသာနုပလွေကြီး၊ ပလွေကြီး၊ ပလွေကလေး
နှဲဆရာကြီး ဦးတာနော၊ မန္တလေး
မြန်မာ့ရိုးရာ ‘မြင့်မိုရ်’ အသံထွက်ပေါက်ပုံစံနဲ့ အနောက်တိုင်းက ၁၂ သံစဉ် ခရိုမက်တစ်စကေး မြန်မာ့ဝါးပလွေတွေလည်းရှိပါတယ်။
အနောက်တိုင်းသံစဉ်မျိုးစုံထွက်တဲ့ မြန်မာ့ဝါးပလွေများ
နှဲဆရာကြီး ဆရာထပ်၊ အမရပူရ
မြန်မာသက္ကရာဇ် ၁၃ဝဝ ပြည့်နှစ်
မန္တလေးမြို့ရဲ့ ပြည်ထောင်စုသင်္ကြန်ပွဲကြီးမှာ သင်္ကြန်ယာဉ်ကို
စောင်းကောက်ပုံသဏ္ဍန် ဆင်ယင်ထားတဲ့ အမရပူရမြို့ A.M.B.A မော်တော်ယာဉ် ရေသဘင်
အဖွဲ့ကြီးကလည်း ပါဝင်ဆင်နွှဲခဲ့တယ်။ အဲဒီ သင်္ကြန်ယာဉ်ကြီးပေါ်မှာ
တီးဝိုင်းသမားချည်း ၆၀ ကျော် ပါတယ်။ တီးမှုတ်လာကြတဲ့ တီးလုံးကို
အဝေးကကြားကြရတဲ့အခါ အနောက်တိုင်းဖြစ် လေမှုတ် တူရိယာတွေနဲ့
အနောက်တိုင်းဆန်ဆန် တေးသွားကို တီးမှုတ်လာတယ်လို့ မှန်းဆကြရတယ်။
အနားကို
သင်္ကြန်ယာဉ်ရောက်လာတဲ့အခါမှ တီဝိုင်းသမားတွေ တီးမှုတ်လာကြတဲ့ တူရိယာတွေက
ဝါးပလွေ အလက် ၆၀၊ သားရေကျက်ထားတဲ့ သံစည်ပိုင်းပြတ် တလုံး၊
မန်ကျည်းစေ့တွေထည့်ထားတဲ့ ဘူးသီးခြောက် တလုံး၊ ထန်းသီးမှုတ် တလုံးနဲ့
နိုင်ငံခြားဖြစ်ဆိုလို့ ကလဲရီနက် တလက်သာ ပါတာကို အံ့သြစရာ တွေ့ကြရလေတယ်။
အဲဒီ ‘အေအမ်ဘီအေ’
ရေသဘင်အဖွဲ့ကြီးကို ဆရာမြို့မငြိမ်းက ဦးစီး စီစဉ်ခဲ့တယ်။ ပလွေသမား ၆၀ ကို
အမှတ် ၁၊ ၂၊ ၃ လို့ နာမည်ပေးထားတဲ့ အုပ်စုသုံးစု ခွဲထားပြီး၊
သီချင်းတီးလုံးမှာ ကိုယ့်အစုနှင့်ကိုယ် ဝင်ရောက်မှုတ်ကြဖို့
ဆရာမြို့မငြိမ်းက စီမံခန့်ခွဲပေးထားတယ်။
တီးမှုတ်သူတွေကလည်း
ဂီတပညာရှင်တွေမဟုတ်ကြဘဲ ‘အေအမ်ဘီအေ’ မော်တော်ယာဉ် အသင်းသား
သာမန်အရပ်သားများသာ ဖြစ်ကြတယ်။ ဆရာမြို့မငြိမ်းက ဂီတပညာဆိုလို့ ဘာတခုမှ
သင်ကြားမထားကြတဲ့ အဲဒီ အရပ်သားတွေကို သီချင်းတပိုဒ်ချင်း အလွတ်ချပေးပြီး
လေ့ကျင့်ပေးခဲ့တယ်။ သီချင်းအလိုက်ကို ငါးဦးလောက်ကသာ သံပြိုင်မှုတ်ကြပြီး
ကျန်တဲ့သူတွေက ကိုယ့်အလှည့်နဲ့ကိုယ် ဝင်ရောက်မှုတ်ကြတော့
အသံထုထည်ကိုအခြေခံပြီး ဖွဲ့စည်းတဲ့ အနောက်တိုင်း ဂီတသံမျိုး ဖြစ်လာတော့တယ်။
“တောင်သမန်
ကြည်အင်းရေ လှိုင်းငွေ မြူးကာနေ
ညင်းလေယဉ် ပြေပြေ
မော်တော်ယာဉ်
အေအမ်ဘီ ခေါ် အသင်းတော်သားများက မာပါစေ”
တောင်သမန်၊ မြို့မငြိမ်း
ဆရာမြို့မငြိမ်းရဲ့
စောင်းကောက်ရေသဘင် တီးဝိုင်းကြီးမှာ တီးမှုတ်ခဲ့ကြတဲ့ ဝါးပလွေတွေရဲ့
လက်ရာရှင်ကတော့ အမရပူရမြို့ အိုးတော်ရပ်က နှဲဆရာကြီး ဆရာထပ်ပါပဲ။
နှဲဆရာကြီး ဆရာထပ်က ဆရာမြို့မငြိမ်းရဲ့ဆန္ဒအတိုင်းပဲ အနောက်တိုင်းက ၁၂ သံစဉ်
ခရိုမက်တစ်စကေး အသံစုံထွက်တဲ့ ဝါးပလွေတွေကို အောင်အောင်မြင်မြင်
တီထွင်နိုင်ခဲ့တယ်။ အသံစဉ်တွေကိုမူတည်ပြီး ပလွေတွေက အတိုအရှည် အကြီးအသေး
အရွယ်အမျိုးမျိုးရှိကြတယ်။ လက်ပေါက်တွေကလည်း ၆ ပေါက်ပဲ ရှိပါတော့တယ်။
ခြောက်ပေါက်ပလွေလို့ ခေါ်ကြတယ်။
နှဲဆရာကြီး ဆရာထပ်၊ အမရပူရ
မြန်မာ့ဝါးပလွေနဲ့ နိုင်ငံခြားသံထွက်စေသူ
အဲဒီအချိန်ကစပြီး
အသံစဉ်မျိုးစုံအတွက် ဝါးပလွေ အမျိုးမျိုးကို ဆရာထပ်က ဆက်လက် တီထွင်လာခဲ့တာ
သူ ကွယ်လွန်တဲ့အချိန်မှာ စုစုပေါင်း ဝါးပလွေ ၂၇ မျိုး
တီထွင်ပြီးစီးခဲ့ကြောင်း မှတ်သားရပါတယ်။ အသံစဉ်တွေကိုထောက်ပြပြီး
အဲဒီပလွေတွေကို မြန်မာ့ရိုးရာ ဝါးပလွေစစ်စစ်တွေ မဟုတ်ကြဘူးလို့
စောဒကတက်နိုင်ပေမယ့် ထပ်ဆင့်တီထွင်ထားတဲ့ မြန်မာ့ဝါးပလွေတွေပါပဲလို့
ဆိုနိုင်ပါတယ်။
အနောက်တိုင်းသံစဉ်မျိုးစုံထွက်တဲ့ ဝါးပလွေများ
နှဲဆရာကြီး ဆရာထပ်၊ အမရပူရ
နှဲဆရာကြီး ဆရာထပ်က
သူတီထွင်ထားတဲ့ ပလွေတွေနဲ့ အနောက်တိုင်းရဲ့ ၁၂ သံစဉ်တွေကို မှုတ်ပြခဲ့ပါတယ်။
လက်ပေါက် လေးပေါက်ထည်းသာပါတဲ့ ပလွေတလက်ကတော့ အသံစဉ် အပြည့်အစုံ ပါလို့
ထူးခြားပါတယ်။ အဲဒီပလွေနဲ့ လေဘာတီ မမြရင် ဆိုခဲ့တဲ့ ‘ရွှေပြည်စိုး’သီချင်း
မှုတ်ပြတာကိုလည်း စာရေးသူ ကြားခဲ့ရဖူးပါတယ်။
နှဲဆရာကြီး ဆရာထပ် တီထွင်တဲ့ လေးပေါက် ပလွေ
နှဲဆရာကြီး ဆရာထပ် ရဲ့ လက်ရေးမူ
လေးပေါက်ပလွေ လက်ကွက်
နှဲဆရာကြီး ဆရာထပ်က မြန်မာ့ဂီတကို
ကမ္ဘာ့ဂီတနဲ့ ရင်ဘောင်တန်းနိုင်စေချင်တဲ့ တီထွင်သူ ပညာရှင်တဦးပါပဲ။
ဒါကြောင့်ပဲ ရည်ရွယ်ချက်ချင်း၊ အကြံအစည်ချင်းတူကြတဲ့ ဆရာမြို့မငြိမ်း နဲ့
ဆရာထပ် တို့က ‘သူတော်အချင်းချင်း သီတင်းလွေ့လွေ့ ပေါင်းဖက်တွေ့’ မိခဲ့ကြတာ
ဖြစ်ပေလိမ့်မယ်။
ရှေးအခါတုန်းကတော့
ညနေစောင်းပြီဆိုရင် နွားကျောင်းသားတဖြစ်လဲ ကာလသား လူညိုယဉ်တွေက
ရွာရိုးတလျှောက် ရွာကိုပတ်ပြီး ပလွေလက်စွမ်းပြခဲ့ကြပေလိမ့်မယ်။
“ပလွေ၊ ပလွေ၊ ရွာ ရွာကို ပတ်ပါလို့တဲ့ ရပ်ကို မွှေတယ်
ရပ်ကို၊ ရပ်ကို မွှေတယ်လေလေ။
ပလွေသခင် မောင်ကြီးရှင်ရယ်၊ သည်တွင် ရပ်ပါဦးရယ်နဲ့၊ ဦးရယ်နဲ့
အိပ်ပါတော့ မောင်ရယ်၊ ငြင်းတယ်နဲ့၊ ငြင်းတယ်နဲ့
မအိပ်ချင်ဘူးလို့ ငြင်းတယ်နဲ့၊ ငြင်းတယ်နဲ့
ငြင်းတယ်လေး၊ ငြင်းတယ်လေး။”
အမည်မသိရှေးစာဆို
(နှဲဆရာကြီး စိန်မြရှင် က ဆိုပြပါတယ်)
ဒီကနေ့ဆိုရင်
ကျေးလက်အရပ်တွေကစပြီး ထိုးကွင်း၊ ရောင်ပေစူး၊ ရောင်ကြီးဗွေတို့နဲ့အတူ
နွားကျောင်းသားပလွေ ယဉ်ကျေးမှုက တိမ်ကောတော့မလို ဖြစ်နေပါပြီ။
ခေတ်ရဲ့ရေစီးကြောင်းနဲ့ မြန်မာ့ဂီတရဲ့ ရေစီးကြောင်းတွေကြောင့်ပဲလို့
ဆိုရပေလိမ့်မယ်။
အဲဒီလို ရေစီးသန်တဲ့
ရေစီးကြောင်းနဲ့ ချောင်းရိုးတလျှောက်ကိုတော့ အလွယ်တကူ
ဖြတ်ကူးနိုင်လိမ့်မယ်မဟုတ်ပါ။ ဒါပေမယ့် ချောင်းရိုးမှာထိုင်ပြီး
မှိုင်ရုံသာမှိုင်နေလို့ကတော့ ဒီလိုပုံနဲ့ မိုးကြီးချုပ်ပေလိမ့်မယ်။
‘ပြည်ရွှေဘို မြို့တော်မြောက်ကယ်က
ချောင်းပေါက်ပါလို့ မကူးနိုင်။
ပလွေတို ရောင်မှာထိုးပါလို့
ချောင်းရိုးကမှိုင်။’
‘မမလေးတို့ နှင်းဆီခိုင်
တဆိတ်စာ မောင်ကိုင်ရရင်
ကူးနိုင်ရဲ့လေး။’
ရွှေဘိုဗုံကြီးသံ
အထူးကျေးဇူးတင်စွာနဲ့ ကိုးကားခြင်း
(၁) နှဲဆရာကြီး ဆရာထပ်၊ နှဲဆရာကြီး စိန်မြရှင်တို့ရဲ့ ပြောပြချက် မှတ်စုမှတ်တမ်းများ
(၂) အငြိမ့်၊ လူထုဒေါ်အမာ၊ ကြီးပွားရေးစာအုပ်တိုက်၊ ပ၊ဒု တွ၊ ဒု အကြိမ် ပုံနှိပ်၊ နိုဝင်ဘာ၊ ၂ဝဝ၅
(၃) ပြည်သူချစ်သော အနုပညာသည်များ၊ လူထုဒေါ်အမာ၊ ကြီးပွားရေးစာအုပ်တိုက်၊ မေလ၊ ၁၉၆၄
(၄) မြန်မာ့နှဲ၊ နှဲဦးမြကြီး-ကော့မှူး၊ စာပေဗိမာန်၊ ၁၉၉၅
(၅) သစ်ပင်အောက်က နွားကျောင်းသား ပန်းချီ၊ (ရေးဆွဲသူ၊ အမည်မသိ)၊ အင်တာနက်
(၆) THE FORWARD JOURNAL, Vol III, #5, October 15 1964
No comments:
Post a Comment
Note: Only a member of this blog may post a comment.