Saturday, December 1, 2012

ကြိုးလော ဘွဲ.လော

ရေးသူ – ဒေဝဣန္ဒာ မောင်မောင်ကြီး

သီချင်းအမျိုးအစား – ဝတ်ရုံတော်ဘွဲ့နှင့်ကြိုး

အဆို – တင်တင်မြ

အတီး – အလင်္ကာကျော်စွာစောင်းဦးဘသန်း



တခါက မဟာဂီတလောကမှာ ကြိုးလော ဘွဲ့လော ပြဿနာကလေးတစ်ခု ပေါ်ပေါက်ခဲ့တယ်။ မင်းတုန်းမင်းနဲ့သီပေါမင်းလက်ထက် နန်းတွင်းစောင်းဆရာကြီး ဒေဝဣန္ဒာမောင်မောင်ကြီး ရေးစပ်ခဲ့တဲ့ မှန်ညောင်သဉ္ဇာ၊ ရှုတိုင်းသာစွ၊ အတိုင်းမသိ သီချင်း၃ပုဒ် ကို ကြိုးသီချင်းလား ဘွဲ့သီချင်းလားလို့အငြင်းပွား ကြတယ်။ အဲ့ဒါနဲ့ အလင်္ကာကျော်စွာစောင်းဦးဘသန်းကိုချဉ်းကပ် မေးတဲ့အခါ ဆရာကြီးက ‘ကြိုးယူဘွဲ့ယူ အတူတူ ဘယ်မူနားဝင်သာသနည်း‘ လို့ မဟာဂီတသမိုင်းဝင်စကားကိုပြောပြီး ကြိုးပုံစံ ဘွဲ့ပုံစံ နှစ်မျိုးတီးခတ်ပြပြီး သံသယအတွေးများကို ဖြေရှင်းပေးခဲ့ပါတယ်။

အခုဒီသီချင်း ၃ ပုဒ်ကိုတင်ပေးလိုက်ပါတယ်။အဆိုတော်ကြီးတင်တင်မြ ဆိုထားပြီး စောင်းဦးဘသန်းကိုယ်တိုင်တီးထားပါတယ်။ တီးလုံးကြီးသက်သက် လေ့လာနားထောင်လိုသူတွေအတွက်လဲဆရာကြီးရဲ့ စောင်းတီးလုံးကို ထည့်သွင်းပေးထားပါတယ်။

မှန်ညောင်သဉ္ဇာ နဲ့ အတိုင်းမသိစာသားတွေကိုတော့ နိုင်ငံတော်မူမှကူးယူဖော်ပြထားပြီး ရှုတိုင်းသာစွစာသားကိုတော့ နိုင်ငံတော်မူမှာမပါလို့ ရွှေနန်းသုံးမဟာဂီတမှ ကူးယူထားပါတယ်။ အဆိုစာသားနဲ့ အနည်းငယ်ကွာခြားနိုင်ပါတယ်။

ဝတ်ရုံတော်ဘွဲ့နှင့်ကြိုး

(နိုင်ငံတော်မူမှ)

(မှန်ညောင်သဉ္ဇာ၊ ညီလာပတ်ဝန်းမြိုင်၊ ခညောင်းသဘင် ဥကင်မြင့် ရဝေဆိုင်)၂။ (ကြိုင်ကြိုင်ငယ်သင်းလှိုင်၊ မွှေးပျံ့ထုံ၊ ပန်းခုံတော်ရင်းဆီက၊ နှင်းနှင့်မြတ်လေးဇီဇဝါ၊ ညွှတ်ကာဖူးရလေး၊ ညွှတ်ကာချပ်လွှာ၊ ဝတ်ညှာသင်းပျံ့၊ ပန်းမင်းသက မြတ်စူကာ၊ စုံစွာထူးလှလေး။

ဝတ်ရုံတော်( နန္ဒာကန်)ဘွဲ့နှင့်ကြိုး

(ရွှေနန်းသုံးမဟာဂီတမှ)

ရှုတိုင်းသာစွ နန္ဒာရေယဉ်၊ ဟင်္သာစံရွှင် မြူးကြကူးသန်း။ တပင်ပြောင်းကြ တပင်ပမြန်း။ ပျော်ခန်းသာစွ တခန်းတခန်း၊ ရေနန်းငယ်မြနဒီ တိုးလို့ဖြိုးဝေစည်။ ဆန်းဆန်းဆန်းဆန်း ထွေထွေလီလီ၊ ပန်းမျိုးပန်းမျိုး စုံစီစုံစီ၊ ပင်ညီညာ ယှက်လို့သာ၊ ခက်ဖြာညွန့်ဝေလန်းပါလို့၊ နတ်ပန်းတမျှရွှေအာသာ၊ စုံစွာဖူးကြလေး။ နန်းဦးဘွေချာ၊ သာယာဆန်းလှ၊ နတ်နန်းတမျှဝတိန်ပမာ၊ သာယာနန်းဘုံမှာ။  ။

ဝတ်ရုံတော်  ဘုန်းတော်ဘွဲ့

(နိုင်ငံတော်မူမှ)

(အတိုင်းမသိ၊ ဘုန်းတော်ကြီးပါဘိသကို။ သီတင်းငယ်လေ၊ ကြေညာလှိုင်ကြူ၊ တောင်ကျွန်းလုံးထွတ်မှန်ကူ)၂။ (ပြိုင်သူလေ၊ ဆိုင်သူလေ၊ ရန်မြူကင်းဝေး၊ ဘယ်ဘယ်မင်းမှယှဉ်လာဝံ့သေး)၂။ (အခေါင်ငယ် စိုးပါတယ်၊ အခေါင်ငယ် မိုးပါတယ်၊ စိုးကာပိုင်ကာ ချုပ်ချည့်လေး၊ ကျွန်းတောင်ညာလုံး အုပ်ချည့်လေ)၂။ ရွှေနန်း ရွှေနန်း သူငယ်မှာ၊ ငယ်မူငယ်ရာ သားငယ်နှင့်၊ သနားချစ်ခင်စရာလေတည့်မှ သနားချစ်ခင်စရာ။

သီချင်း download လုပ်ရန်

မှန်ညောင်သဉ္ဇာ (4shared)

မှန်ညောင်သဉ္ဇာ(mediafired)

ရှုတိုင်းသာစွ (4shared)

ရှုတိုင်းသာစွ(mediafire)


အတိုင်းမသိ (4shared)

အတိုင်းမသိ(mediafire)

မှန်ညောင်သဉ္ဇာ၊ ရှုတိုင်းသာစွ၊ အတိုင်းမသိ ဘွဲ့နှင့်ကြိုး စောင်းတီးကွက် (4shared)

မှန်ညောင်သဉ္ဇာ၊ ရှုတိုင်းသာစွ၊ အတိုင်းမသိ ဘွဲ့နှင့်ကြိုး စောင်းတီးကွက် (mediafire)

No comments:

Post a Comment

Note: Only a member of this blog may post a comment.