Tuesday, December 11, 2012

ကမ္ဘာတည်ပျက်

ဇာတိအာဏာ (ပတ်စာပိုးတီးသွား ယိုးဒယားကြီး)

တေးရေး – ကျိုက်လတ်ဦးပြုံးချို
တေးဆို- မာမာအေး




ကျိုက်လတ်ဦးပြုံးချို ဆရာကြီးရဲ့ တေဘုမ္မာ ကိုတင်ပေးပြီးသွားပါပြီ  ကျိုက်လတ်ဦးပြုံးချို ဆိုတာကသူ့ခေတ် သူ့အခါက မဟာဂီတလောကကို ကိုင်လှုပ်ခဲ့တဲ့ သီချင်းကြီးတွေစပ်ခဲ့တယ်။  တေဘုမ္မာအပြင် ထင်ရှားကျော်ကြားလှတဲ့ သီချင်းတွေရှိပါသေးတယ်။  တေဘုမ္မာလိုပဲ ဓမ္မသဘောနဲ့ သံဝေဂယူ နားဆင်ရမယ့် တစ်ခြားသီချင်းတစ်ပုဒ်ကတော့ ဇာတိအာဏာ သီချင်း ပါ။ ကမ္ဘာပျက်ပုံကို ကွက်ကွက်ကွင်းကွင်း ပေါ်အောင် စပ်ထားတဲ့သီချင်း ပေါ့။
လောကဗျူဟာနတ်များက နောင်အနှစ်တစ်သိန်းမှာ ကမ္ဘာ့ပျက်မယ်လို့ သတိပေးတော့ သတိသံဝေဂရတဲ့သူတွေက ကုသိုလ်တွေပုညတွေပွားတော့ ဗြဟ္မဘုံရောက်ကြတယ်။ မိစ္ဆာအယူရှိသူတွေက နရက်ငရဲဘုံမှာ ပြောင်းခံကြရတယ်။ ကမ္ဘာပျက်တော့ နေခုနှစ်စင်း တစ်စင်းပြီးတစ်စင်း ထွက်လာပုံ၊ နေထွက်လာတဲ့ အချိန်မှာ လူ့ဘုံနတ်ဘုံ မှာဖြစ်ပျက်ပုံတွေကို ရှင်းရှင်းလင်းလင်း ရေးစပ်သွားပုံများ ကြက်သီးတစ်ဖြန်းဖြန်းထသွားစေတယ်။
တစ်ကယ်တော့ ကမ္ဘာပျက်ရင် မီးဖျက် ရေဖျက် လေဖျက် ဖျက်သုံးဖျက် ရှိတာ ဒီသီချင်းမှာတော့ နေခုနှစ်စင်းကြောင့် မီးဖျက်ပုံကိုပဲအသားပေး ရေးစပ်ထားပါတယ်။ ရေဖျက် လေဖျက်ပုံကိုတော့ မပါဘူး။ သုံးဘုံပထမဈာန် မီးလျှံလောင်ချွေ တစ်သိန်းကုဋေ ဟိန်းဟိန်းပြာမျှကြွေ လို့ပြောထားတယ်။ မီးဖျက် ရင် ဘုံသုံးဆယ့်တစ်ဘုံမှာ ပထမဈာန်သုံးဘုံအထိပျက်တယ်။ ရေဖျက်ရင် ဒုတိယဈာန် သုံးဘုံ၊ လေဖျက်ရင် တတိယဈာန် သုံးဘုံပျက်တယ်။ မီးရေလေ ကြောင့် စကြဝဠာ ကုဋေတစ်သိန်းလုံး တတိယဈာန်အထိ ပျက်တယ်။ စတုတ္ထဈာန်လွတ်တယ်။
ပျက်စဲဖျက်စဲကပ်ကို သံဝဋ္ဋကပ်၊ ပျက်သည်အထက်ဖြစ်သောကာလကိုသံဝဋ္ဋယီကပ်၊ ပွားဆဲဖြစ်သောကာလကို ဝိဝဋ္ဋကပ်၊ ပွားသည်မှအထက်၌ တည်သောကာလကို ဝိဝဋ္ဋဌာယီကပ် လို့ခေါ်ပါတယ်၊ ဒီသီချင်းထဲမှာ ဒီအကြောင်းလေးတွေလဲပါတယ်။
ကမ္ဘာပျက်ပုံတင်မကပဲ ကမ္ဘာတည်ပုံလေးပါ ဒီသီချင်းထဲမှာ ရေးစပ်ထားပါတယ်။ ကမ္ဘာတည်လိုတော့ မြူနှင်းတွေဝေလာပြီး အိမ်လုံးတောင်နှယ် ကြီးမားတဲ့မဟာမေဃိန်မိုးကြီးရွာ တော့ ပထမဈာန်အထိရေပြည့်သွားတယ်။ အဲ့ဒီရေဘောင် ရွေ့လျှောခန်းတော့ပျက်လေပြီးသော ဗြဟ္မာ့ဘုံတို့ အစဉ်အတိုင်း အထက်မှ စပေါ်လာပြီး နတ်ဘုံအထပ်ထပ် ပေါ်လာတယ်။ ထို့နောင် ပံသုပထဝီ တည်ရာရောက်တော့ ရေကိုလေဖြင့်ချုပ်ပြီး ကောင်းသောအနံ့အရသာ နတ်သြဇာကဲ့သို့ ရေပေါ်မှာကြာရွက်သဏ္ဌာန် မြေဆီသြဇာပေါ်ပေါက်လာတယ်။ ဘုရားပွင့်ရာဗောဓိပင်တည်ရာအရပ်မြေအရပ် ရှေးဦးစွာပေါ်ပေါက်လာပြီး ထိုမြေ၌ ပုဗ္ဗနိမိတ်ဖြစ်သော ပဒုမ္မာကြာပင်ငယ်ပေါက်လာတယ်။ ထိုကြာပင်မှာ အပွင့်မရှိရင် အဲ့ဒီကမ္ဘာမှာ ဘုရာမပွင့်ဘူး။ ကြာပွင့် အရေအတွက်နဲ့အညီ ဘုရားပွင့်ပါတယ်။
ဘုရားငါးဆူပွင့်တဲ့ ဒီဘဒ္ဒကမ္ဘာမှာ လေးဆူပွင့်ပြီးသွားသော်လဲ ကျွန်တော်တို့ကျွတ်တမ်းမပါကြသေးဘူး။ ဒါပေမယ့် တစ်ဆူကျန်ပါသေးတယ်။ အဲ့ဒီတစ်ဆူကို ဖူးတွေ့နိုင်ဖို့ မကောင်းမှုခွာ ပြီးကောင်းမှုများများ လုပ်ကြဖို့ ဆရာကြီးဦးပြုံးချိုက တိုက်တွန်းထားပါတယ်။ ဒီဘဒ္ဒကမ္ဘာပျက်ရင် ဘုရားမပွင့်တဲ့ သုညကမ္ဘာတွေ အသင်္ချေလာတော့မှာဖြစ်တဲ့အတွက် တစ်မဂ်တစ်ဖိုလ်မှ မရကြရင် အခက်တွေ့ကြရပါလိမ့်မယ်။


ဒီသီချင်းမှာ ကမ္ဘာလောင်နေမင်း တေးထပ်လေးနဲ့ အစပျိုးထားပါတယ်။

Download

ဇာတိအာဏာ

No comments:

Post a Comment

Note: Only a member of this blog may post a comment.