Wednesday, August 14, 2013

ဆရာမင်းလူ(၁၉၅၄-၂၀၁၃)

kolatt (Pabedan): 15.8.2013

 “ဆရာမင်းလူ(၁၉၅၄-၂၀၁၃)”

kolatt (Pabedan): 15.8.2013

မင်းလူကို စာရေးဆရာ ရုပ်ရှင် ဒါရိုက်တာ ဦးသာဓု၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်ညို တို့မှ ရန်ကုန်မြို့ အမှတ် (၁၄၇) (၄၇)လမ်းတွင် မေ ၁၈ ရက်နေ့ ၁၉၅၄ ခုနှစ်၌ မွေးဖွားခဲ့သည်။ မွေးချင်းလေးယောက်အနက် အငယ်ဆုံး ဖြစ်သည်။ အမည်ရင်းမှာ မောင်ဉာဏ်ပေါ် ဖြစ်သည်။

၁၉၅၉ ခုနှစ်မှ ၁၉၆၈ ခုနှစ် အထိ စိန်ပေါ အထက်တန်းကျောင်း (ယခု အ.ထ.က(၆)ဗိုလ်တထောင်) ၌ ပညာ သင်ကြား ခဲ့သည်။ ၁၉၆၈ မှ ၁၉၇၂ အထိ အထက(၁) သင်္ကန်းကျွန်း ကျောင်းသို့ ပြောင်းရွှေ့ ပညာသင်ကြားခဲ့ပြီး အခြေခံပညာ အထက်တန်း အောင်မြင် ခဲ့သည်။ ကျောင်းသား ဘဝတွင် စာပေ ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ အတွင်းရေးမှူးနှင့် သိပ္ပံပညာ အသင်း တွဲဖက် အတွင်းရေးမှူး အဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၇၂ ခုနှစ်မှ ၁၉၇၇ ခုနှစ်ထိ ရန်ကုန် တက္ကသိုလ်တွင် တက်ရောက် သင်ကြားပြီး ဝိဇ္ဇာဘွဲ့ (ဒဿနိကဗေဒ) ကို ရရှိခဲ့သည်။ တက္ကသိုလ် နံရံကပ် စာစောင်နှင့် နှစ်ပတ်လည် မဂ္ဂဇင်း တို့တွင် တောကျောင်း ဘုန်းကြီး အမည်ဖြင့် ကဗျာများ ရေးသား ခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် ရုပ်ရှင် ပဒေသာ မဂ္ဂဇင်း၌ ဝတ္ထုတို စတင် ဖော်ပြခံပြီး စာပေနယ်သို့ ဝင်ရောက်ခဲ့သည်။

 ကျောင်းတက်ရင်း စာအုပ် ထုတ်ဝေရေး လုပ်ငန်း လေ့လာ လုပ်ကိုင်ခဲ့သည်။ မစန်းစန်းအောင် (တက္ကသိုလ် စာကြည့်တိုက် ဝန်ထမ်း) နှင့် ၁၉၈၁ ခုနှစ်တွင် လက်ထပ်ခဲ့ရာ သမီး နှစ်ဦး ထွန်းကားခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် ဗီဒီယိုနှင့် ရုပ်ရှင် ဇာတ်ညွှန်းများ စတင် ရေးသား ခဲ့သည်။
ယခုအခါ မိသားစုနှင့် အတူ သင်္ကန်းကျွန်း သာဓုခြံရှိ မိခင်၏ နေအိမ်တွင် နေထိုင်ရင်း ဝတ္ထု၊ ကဗျာ၊ အက်ဆေး၊ ဇာတ်ညွှန်းများ ရေးသားလျက် ရှိသည်။ 

ထုတ်ဝေပြီး စာအုပ်များကို ရုပ်ရှင် ဇာတ်ညွှန်း များစွာ ရိုက်ကူးခြင်း ခံခဲ့ရပြီး အများစုကို ကိုယ်တိုင် ဇာတ်ညွှန်း ရေးခဲ့သည်။၂၀၁၃သြဂုတ်၁၄ညပိုင်းတွင်
ဝိတိုရိယ ဆေးရုံး၌ကွယ်လွန်အနိစ္စရောက်သည်။

(ပုံမှာ"ပန်းကျောင်း"အရှင်သခင် ဆရာမင်းလူရဲ့ ပုံရိပ်ဟောင်းလေးဖြစ်ပြီးဆရာ့သမီးဖြစ်သူ
ဆရာမYu Ya ထံမှ တစ်ဆင့်“မင်းလူ၏ ၀တ္တုတိုများ”ဖေ့ဘုတ်မှတောင်းဆို ကူးယူ၍ ဖော်ပြထားသော
ပုံအားထပ်ဆင့်ဖေါ်ပြခြင်းဖြစ်ပါသည်။)

Popular Myanmar

https://www.facebook.com/photo.php?fbid=374175002685994&set=a.272371722866323.42351.100002804923586&type=1&theater 

သူ့ကိုထောင်ကျစေတဲ့ကဗျာလေးးး

"ဘာတွေဖြစ်ကုန်ကြပြီလဲ"
(၁)

အော်…… ဒုက္ခ ဒုက္ခ
သူတို့ကြီးစိုးတဲ့ခေတ်မှာ
အာဇာနည်ဖြစ်ရတာ
မစားသာပါလားနော်။
တနှစ်တခါ
ဝတ်ကျေတန်းကျေ အလေးပြုခံရ
ဥက္ကဌ ကြီး၏ လမ်းညွှန်မှုဖြင့်လို့
တလျှောက်လုံးအော်ခဲ့ပြီး
မအောင်မြင်ပဲကျဆုံးတော့မှ
ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်ခဲ့တာပါလို့
လက်ညှိုးထိုး တရားခံ လုပ်ခံရ၏
သမီးအရင်းရင်း ခေါက်ခေါက်တောင်
လွတ်လွတ်လပ်လပ် ပန်းခွေချခွင့် မရ။

(၂)

ရွှေတိဂုံစေတီတော် ၀တ္တကမြေထဲမှာ
ကျူးကျော်ဆောက်လုပ်ထားလို့ဆိုပြီး
အာဇာနည်ဗိမာန်ကို
လှိုင်သာယာ ပို့မပစ်တာပဲ
ကျေးဇူးတင်ရမလိုလို
တိုင်းပြည်ကို ချစ်သောတပ်မတော်
မျိုးချစ်စိတ်ရှိသောတပ်မတော်
ပြည်သူကိုကာကွယ်ခဲ့သောတပ်မတော်
ဗမာပြည်ကိုကယ်တင်ခဲ့သောတပ်မတော်
သောက်ကျိုးနဲတော်တဲ့တပ်မတော်
လူတိုင်းပါးစပ်ဖျားက “ တော်တော် ” လို့
မြည်နေတဲ့တပ်မတော်
အိမ်ယာမဲ့တွေကို
ရေမီးအစုံနဲ့
ပြည်လည်နေရာချထားပေးတာကိုပဲကြည့်
ဟုတ်တယ်လေ
မိုးတွင်းမှာရေကြီးတယ်
နွေမှာမီးလောင်တယ်
ဒါကရေမီးအစုံမဟုတ်ဘူးလား

(၃)

ဒီမိုကရေစီအရေးလှုပ်ရှားတဲ့
သံဃာတော်တွေကို သင်္ဃန်းဝတ်တွေတဲ့
ဘောင်းဘီဝတ်တွေကစွပ်စွဲတာလေ
ပြီးတော့သူတို့ပဲ
ဝါဆိုသင်္ဃန်းနဲ့ လာဘ်ထိုးတာ
နားမလည်နိုင်စရာ။
စစ်ကိုမုန်းလို့စစ်တိုက်နေရတာပါတဲ့
ပုံပြောကောင်းတဲ့ ပုဂ္ဂိုလ်ကြီးရဲ့စကား
ကြားဖူးပါတယ်အောက်မေ့နေ
လက်စသတ်တော့
စတားဝါး စီမံကိန်းကို
ကာကွယ်ပြောကြားသွားတဲ့
အမေရိကန် သမ္မတစကားနဲ့
သွားတူနေတာပါကလား
“ ရေဂင် ” အလုံးက
သူ့ပါးစပ်ထဲရောက်နေတာကိုး။
သတင်းစာဆရာကြီးများတဲ့အတိုင်း
မိမိတို့အနေဖြင့်
ဟ၀ှာပြုလျှင် ဟ၀ှာပြုမည်ဖြစ်ကြေင်း
ဟ၀ှာမပြုလျှင် ဟ၀ှာမပြုမည်ဖြစ်ကြောင်း
ထို့ကြောင့်
ဟ၀ှာပြုစေလိုကြောင်း…..
သတင်း(အချိန်ကုန်) ထုတ်ပြန်ရေးအဖွဲ့ရဲ့
ရှင်းလင်းချက်ပေါ့
ရှင်းပါတယ်နော်။

(၄)
ဟိုတယောက်လေ
တွေ့တဲ့လူကိုနေကောင်းလားမေးတဲ့လူ
ဟိုလက်ညှိုးထိုး ဒီလက်ညှိုးထိုး
ဘာမှလည်းနားမလည်ဘဲနဲ့
အဲဒါပေါ့
လက်ညှိုးညွှန်ရာဒုက္ခဖြစ်တယ်ဆိုတာ
လာပါပြီ…. လာပါပြီ….
နိုင်ငံတော်ပန်းခြံတည်ဆောက်ရေးအဖွဲ့
ဥက္ကဌတဲ့…..

(၅)

သူ့ရဲ့ အနှစ်ဆုံးဝါသနာက
မိန့်ခွန်းပြောခြင်းပါတဲ့
“ ကိုယ်မပြောချင်ဘူး
ဒါပေမယ့်ပြောသင့်တာတော့ပြောမယ်
အဲဒါကဘာလဲဆိုရင်
ကိုယ်မပြောချင်ဘူး ဆိုတာပဲ ” တဲ့
မှတ်သားလောက်ပါပေရဲ့
“ ကိုယ်တို့အစိုးရဟာ တရားဝင်အစိုးရ
ကမ္ဘာကအသိအမှတ်ပြုထားတဲ့အစိုးရတဲ့
ဟုတ်ကဲ့
ကမ္ဘာမှာ အရှက်အနည်းဆုံးအစိုးရလို့
တညီတညွတ်ထဲ အသိအမှတ်ပြုကြပါသတဲ့
တိတိကျကျ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်
လုပ်ဆိုတဲ့အထဲမှာ
အခြေခံဥပဒေနဲ့
အာဏာလွှဲပြောင်းရေးတော့မပါဘူးတဲ့
အခြေခံဥပဒေဆိုတာ
မာရှယ်လောဥပဒေလို
ချက်ချင်းထုတ်လို့ရတာမဟုတ်ဘူးတဲ့
အာဏာလွှဲတယ်ဆိုတာ
အာဏာသိမ်းသလို
ပြီးစလွယ် လုပ်လို့မရဘူးတဲ့

(၆)

ဒါပေမယ့်
လွှဲမှာပါ.. လွှဲမှာပါ..
ပုခက်လွှဲသလို လွှဲမှာပါ
ဒေါက်တာမောင်မောင် စာအုပ်ဖတ်ကြည့်
ဆရာမောင်မောင်ရဲ့ စာအုပ်ကိုကြည့်တဲ့
တခါလာလဲ ဒေါက်တာမောင်မောင်
တခါလာလဲ ဒေါက်တာမောင်မောင်
စာအုပ်ကြော်ငြာပေးတာလား
ဒါဆိုဒီလိုလုပ်လေ
ဆရာမောင်မောင်ရဲ့စာအုပ်တအုပ်ဝယ်ရင်
ဆရာမောင်ဆေးနီမှုန့်တထုပ်
လက်ဆောင်ပေးမယ်ဆိုရင် မကောင်းဘူးလား
သိပ်ရောင်းကောင်းမယ်နော်။
ဒါနဲ့နေစမ်းပါအုံး
မိန့်ခွန်းပြောရင် ဘာဖြစ်လို့ရယ်တာလဲဟင်
သွားကြီးဖြဲဖြဲပြတာ ကြောက်စရာကြီး
ရှေးက ကဗျာတပုဒ်ထဲက
စာကြောင်းတကြောင်း သတိရမိတယ်
“ ဘီလူးသွားကို လဖြဲ ” တည်းတဲ့
နိဂုံးချုပ်အားဖြင့်ပြောရရင်
တပ်မတော်ရဲ့
လက်ငင်းတာဝန်ကြီး သုံးရပ်ကတော့
“ ဒို့အဖေကြီးမို့ကာကွယ်မလေ
ဒို့အဖေကြီးမို့ကာကွယ်မလေ
ဒို့အဖေကြီးမို့ကာကွယ်မလေ ”
အလိုဗျာ…. ဘာတွေဖြစ်ကုန်ကြပြီလဲ… …..

မင်းလူ(၁၉၈၉)

ဆရာမင်းလူရေးခဲ့သောစာအုတ်များးး

၁၉၇၇
► ပန်းကျောင်း (ပထမဆုံးလုံးချင်းဝတ္ထု)

၁၉၇၈
► အချစ်လားဟေ့ ဝင်ခဲ့လေကွယ် (ကဗျာစာအုပ်)
► သာဓု အင် ဆန်း(စ်) (ဖခင် ဦးသာဓု၊ အစ်ကိုများဖြစ်သော မောင်ဝဏ္ဏ၊ သုမောင်တို့နှင့် တွဲဖက်၍ ထုတ်ခဲ့သောစာအုပ်)

၁၉၇၉
► ချစ်သော ပန်းကလေး
► ကဗျာစာအုပ်များကို သူငယ်ချင်းကဗျာဆရာများနှင့် တွဲဖက်၍ ထုတ်ခဲ့။

၁၉၈၀
► အမုန်းအလိုမရှိ

၁၉၈၁
► အချစ်သည် သက်တော်ရာကျော် ရှည်ပါစေသတည်း
► ငှက်ကလေး....

၁၉၈၂
► နှစ်ကိုယ်ခွဲ

၁၉၈၃
► သံယောဇဉ်အဖွဲ့
► မိညီမ

၁၉၈၄
► လွမ်းရအောင်

၁၉၈၅
► ကျွန်တော် ကျွန်မတို့သည်
► အချစ် အလွမ်း စွန့်စားခန်း

၁၉၈၆
► သူကလည်း သူ ကျွန်တော်ကလည်း ကျွန်တော်
► မင်းမဆိုးပါဘူး
► သူတို့ ပျော်ကြလေပြီ
► ခုနစ်စဉ်အလွမ်း

၁၉၈၇
► ချစ်မှာလားကွယ် ကြိုက်မှာလားကွယ် မေးစမ်းပါရစေ တိုးတိုးတိတ်တိတ်ရယ်
► သုံးနားညီ
► ရယ်စရာ မောစရာ

၁၉၈၈
► ရင်ခုန်သူများ

၁၉၈၉
► ရင်ထဲက ဆောင်းရာသီ
► ဖော်ကွာဝေး

၁၉၉၀
► ဘာမှမတတ်နိုင်ဘူး
► သူငယ်ချင်း တစ်ယောက်အကြောင်း

၁၉၉၄
► အချစ်ရူးကြီး ရူးတော့သည်

၁၉၉၅
► လမ်းဖြတ်ကူးသော ဝတ္ထုတိုများ
► လွန်လေပြီးသော နှလုံးသား (မဂ္ဂဇင်း ဝတ္ထုရှည်များ)

၁၉၉၆
► ငိုအားနှင့် ရယ်အား
► အချစ်သက်သက် ဝတ္ထုတိုများ
► အတွေ့လေးရယ်မှ အိုအကြုံ

၁၉၉၇
► ရင်မောခြင်းနှင့် ရယ်မောခြင်း
► ဦးမင်းလူကောင်းမှု (ကဗျာစာအုပ်)

၁၉၉၉
► ပြောတိုင်းယုံတဲ့ ပုတ်သင်ညို
► ယမကာလုလင်
► ရယ်မောခြင်း လက်ရွေးစင်

၂၀၀၀
► အခြား ဝတ္ထုတိုများ
► ရေတမာ
► အမည်မဖော်လိုသူ အချစ်

၂၀၀၁
► စာပေလေလံပွဲ
► အက်ဆေးချစ်သူ

၂၀၀၂
► ကံ့ကော်နီ
► သဘာဝကျကျ ဟာသရသ
► ဂန္ထ၀င်အိပ်မက်
► ၀တ္ထုတို စ-ဆုံး
► သူ့ဆံပင်နှင်းဆီပွင့်တွေနဲ့

၂၀၀၃
► အသပြာလုလင်
► ခေါင်းလောင်းထိုးသောဝတ္ထုတိုများ
► အများနှင့်မသက်ဆိုင်သောသူ

၂၀၀၄
► အချစ်နှင့်ဘောလုံး
► နှုတ်ခမ်း၏ထောင့်စွန်းများ
► ချစ်မြားရှင်အစ ချစ်မြားရှင်အဆုံး

၂၀၀၅
► ၀တ္ထုဖြစ်စေသတည်း
► အော်ဆွေး
► လက်နဲ့ရေးတဲ့စာ

၂၀၀၆
► စာပေကယ်ရီကေးချား
► အချစ်ဟု အဓိပ္ပာယ်သက်ရောက်ခြင်းမရှိစေရ

၂၀၀၇
► ရယ်မောခြင်းအပိုင်းအစများ
► အလွမ်းသစ်
► နှလုံးသား ၃၈၀/၅၄

၂၀၀၉
► ခိုးခိုးခစ်ခစ်

၂၀၁၀
► အောင်ဘာလေ

၂၀၁၁
► မျောက်လက်
► ပြန်ခေါ်သက်သေ

၂၀၁၂
► မင်းလူဝတ္ထုတိုပေါင်းချုပ် (၁၉၇၆-၂၀၀၅)

------------------------

(Credit >>> ဆရာမင်းလူ၏"မင်းလူဝတ္ထုတိုပေါင်းချုပ် (၁၉၇၆-၂၀၀၅)" စာအုပ်တွင်
ပါဝင်သော "မင်းလူ၏ ဘ၀နှင့်စာပေမှတ်တမ်း"မှ တစ်ဆင့်ကူးယူ ဖော်ပြပါသည်)

http://www.facebook.com/pages/မင်းလူ-၀တ္တုတိုများ/239107629526297